တစ်ရံရောအခါ၌ ဒဂုံမြို့သစ်(မြောက်)ပိုင်းတွင် နေထိုင်သော ကျွန်ုပ်သည် မီးပျက်နေသည့် ကြားမှ ဘက်ထရီမီးဖြင့် တီဗွီကို အငမ်းမရကြည့်နေသော ကျွန်ုပ်၏ညီ၊ အမေနှင့် အိမ်လာလည်သော အဒေါ်တို့ မည်သည့် အစီအစဉ်ကို ဤကဲ့သို့ ကြည့်နေရသနည်းဟု စိတ်ဝင်တစား ကြည့်လိုက်ရာ 'အနုပညာရှင်၏ တစ်နေ့တာ' အစီအစဉ်ကို တွေ့ရလေ၏။ သို့သော် ကျွန်ုပ်၏ အဒေါ်ကား ထိုသို့ ကြည့်ပြီးသကာလ ကြည့်ရုံနှင့်လည်း မပြီး၊ စာရေးနေသော ကျွန်ုပ်ထံသို့လာပြီး မြည်တွန်တောက်တီးလေရာ ကျွန်ုပ်၏ စာရေးခြင်းကို ခဏရပ်ပြီး ပြောသမျှ နားထောင်ရလေ တော့သည်။
"ဟဲ့ ရွှေဖြူ၊ နင့်ကိုလည်း တစ်နေ့မှာ ဒီလိုလာရိုက်နိုင်တယ်၊ အဲဒါ နင်ဘယ်လိုလုပ်မလဲ"
"စိတ်ကူးမယဉ်ပါနဲ့ ဒေါ်ဒေါ်ရာ၊ ရုပ်ရှင်နဲ့ ဂီတကလူတွေပဲ ရိုက်တာ။ စာရေးဆရာ မပါပါဘူး။ ပြီးတော့ လူငယ်တွေပဲ ရိုက်တာပါ"
"သြော်-ဘယ်ပြောလို့ရမလဲ၊ နင့်ကို စိတ်ဝင်စားလို့ ရိုက်ရင် ဘယ်လိုလုပ်မလဲ၊ နင်လည်း အနုပညာရှင်ပဲဟာ"
"မဖြစ်နိုင်တာဗျာ" ဟု တစ်ခွန်းပြော၍ ဂရုမစိုက်ဘဲ နေလိုက်သောအခါမှ တစ်ခန်းရပ်သွားတော့၏။
သို့သော်ငြား ကျွန်ုပ်၏စိတ်ကူးထဲသို့ အဒေါ်ပြောသလို 'အနုပညာရှင်၏တစ်နေ့တာ' အစီအစဉ်အတွက် ကျွန်ုပ်ထံ လာရောက်ရိုက်ကူးလျှင် ဆိုသောအတွေးက တမုဟုတ်ချင်းကြီးစိုးလာပြီး ထိုညက တော်တော်နှင့် အိပ်မပျော် ဖြစ်ရလေတော့သည်တကား။
"ဆရာကိုရွှေဖြူနဲ့ ပတ်သက်လို့ အနုပညာရှင်၏တစ်နေ့တာ အစီအစဉ်လွှင့်ချင်ပါတယ်"
ဗုဒ္ဓေါ။ အဒေါ်ပြောသကဲ့သို့ အစစ်ဖြစ်လာချေပြီ။ ကျွန်ုပ်၏ သူငယ်ချင်းမှတစ်ဆင့် ကျွန်ုပ်ထံသို့ ဆက်သွယ်လာပြီး သကာလ၊ ကျွန်ုပ်ကို ပြောသည့်အခါ ထိုအကြောင်းသိသွားသောအဒေါ်မှာ ကျွန်ုပ်၏ အမေထက် ပျာယာခတ်လေ တော့သည်။
"နင့်ကိုမပြောဘူးလား။ ကဲ-အခုဘယ်လိုလုပ်မလဲ"
အဒေါ်၏ 'ကဲ-အခုဘယ်လိုလုပ်မလဲ' ဆိုသော စကားကိုကြားရသောအခါ ကျွန်ုပ်အဖို့မှာ အဆိုတော် ဖိုးချို၏ 'ပဲ့ကိုင်' သီချင်းကိုသာ သွားကြားယောင်၏။ "ကဲ-အခုဘယ်လိုလုပ်မလဲ............ကဲ-အခုဘယ်လိုလုပ်မလဲ"
"နင်ဘာတွေ စဉ်းစားနေတာလဲ"
"ဘာမှမစဉ်းစားပါဘူး။ လာရိုက်လည်း ရိုက်ပါစေပေါ့။ တကယ်သရုပ်မှန် (Realism) ကိုပြရမယ်"
"ဘာ-စဉ်းစားပါဦးဟယ်။ နင့်သရုပ်မှန်ဆိုတာက တီဗွီကြည့်တဲ့လူတွေကို စော်ကားသလို ဖြစ်ဦးမယ်။ နင်တို့ နေပုံ ထိုင်ပုံတွေအကုန်ပါကုန်မှာပေါ့"
"ဘာဖြစ်လဲ၊ အရှိကို အရှိအတိုင်းကောင်းတယ်"
သည်တစ်ခါတော့ ကျွန်တော်က ဗဒင်သီချင်း 'အရှိအတိုင်း' မှစာသားများ ရွတ်ပြလိုက်၏။
"နင့်ကို ဘာပြောပြောရမှာမဟုတ်ဘူး။ ငါ့အစ်မ နင့်အမေကလည်း ဒီအတိုင်းပဲ၊ နင့်အဖေဆိုတာက ဝေးရော။ ဒီတော့ ငါစီစဉ်မယ်"
သည်တစ်ခါတော့ အဒေါ်က ကျွန်ုပ်ကို အပြတ်ဖြတ်လေ၏။ ကျွန်ုပ်လည်း မည်သို့မျှ ရှင်းပြရန် မတတ်နိုင်ရကား ကိုယ့်ဘာသာ စာရေးနေတော့၏။
'အနုပညာရှင်၏တစ်နေ့တာ' အစီအစဉ် ရိုက်မည့်နေ့ စလေပြီ။ ကျွန်ုပ်မှာ အဒေါ်ကောင်းမှုဖြင့် ပျဉ်ထောင်အိမ် ပေါ်မှ တိုက်ခန်းပေါ်သို့ နေ့ချင်းညချင်း ရောက်ရှိသွားလေ၏။ အကြောင်းမှာ အဒေါ်က သူ့တိုက်ခန်းကို တစ်ရက်ငှားလိုက်ပြီး သူ့မိသားစုကို ကျွန်ုပ်တို့အိမ်သို့ တစ်ရက်သွားနေရန် လွှတ်လိုက်ခြင်းကြောင့်ပင်။
"ကျွန်တော်က မိုးလင်းရင် မီးသွေးခဲတို့၊ ဆားတို့နဲ့ သွားတိုက်ပြီး.........."
"ဟိုး - ဟိုး ၊ ဟဲ့ ဒေါ်ဒေါ်တို့ရဲ့ ဂုဏ်သိက္ခာကိုငဲ့ပါဦးဟာ၊ ဟိုမှာ ငါတို့သွားတိုက်ဆေး အကောင်းစားတွေနဲ့ တိုက်လေ"
"သြော်- ဟုတ်ကဲ့၊ ဟုတ်ကဲ့"
"ကျွန်တော်က မနက်ဘက်ဆို ပဲပြုတ်ကို ဆီနဲ့ဆမ်း........."
"ကော်ဖီ၊ ကွေကာ၊ ပြီးတော့ မုန့်ဟင်းခါးတို့ ဘာတို့ စားတယ်လုပ်လေ၊ ငါ့တူကလည်း"
အစမ်းရိုက်နေတုန်းမို့သာ တော်တော့သည်။ ကျွန်ုပ်ကား ဒါရိုက်တာထက်၊ အဒေါ်၏ စီစဉ်ညွှန်ကြားမှုအတိုင်း လုပ်ရ လေ၏။
"ကျွန်တော့်နာမည် ရွှေဖြူပါ၊ ဒဂုံမြို့သစ်(မြောက်)ပိုင်းမှာ နေပါတယ်"
ကိုယ့်ကိုယ်ကို မျိုးကျော့မြိုင်လို့လည်း ထင်မိသေး၏။ အဒေါ်က ၀င်တားသည်။
"ဟဲ့ ငါ့တူ၊ စမ်းချောင်းရောက်နေတယ်လေ။ ဘယ်က (မြောက်)ပိုင်းတွေ ပြောနေတာလဲ"
"သြော်- ဟုတ်ကဲ့၊ ကျွန်တော့် နာမည်ရွှေဖြူပါ။ စမ်းချောင်းမှာ အဒေါ်နဲ့ ခဏလာနေ၊ အဲ အမြဲနေပါတယ်။ အဖေအမေတို့က ဒဂုံမှာ နေပါတယ်။ ကျွန်တော်တို့ မိသားစုမှာ မိသားစုဝင် ငါးယောက်ရှိပါတယ်။ အဖေက ငွေဖြူ၊ အမေက ကြွေဖြူ၊ ကျွန်တော့်အစ်ကိုက နေလူ၊ ကျွန်တော့်ညီက ပြေသူ၊ ဒါကတော့ ကျွန်တော့်အဒေါ် ဒေါ်ဝေကြူပါ။ အခုနေတာ သူနဲ့ပါ"
သည်တစ်ခါ၌ ကျွန်ုပ်ကား ကြက်ဖ၊ စိုင်းစိုင်းခမ်းလှိုင်နှင့် ဂျောက်ဂျက်တို့ ရေးသော သီချင်းများနီးပါး ရှိသည့် ကာရန်များဖြင့် ကျွန်ုပ်အကြောင်းများကို တရစပ် ပစ်လွှတ်လေတော့သည်။ ကျွန်ုပ်၏အဒေါ်ကား ကျွန်ုပ်၏စကားများကို သဘောကျ၍လား၊ သူကိုယ်တိုင် တီဗွီတွင် ပါရ၍လားမဆိုနိုင်။ သဘောကျ၍ ပြုံးပြုံးကြီး ဖြစ်နေလေတော့သည်။
"ကျွန်တော့်ဘ၀မှာ အမှတ်ရစရာ အဖြစ်အပျက်တွေက တော်တော်များပါတယ်။ အဲဒီအထဲက တစ်ခုပြောရရင် အချစ်ဝတ္ထုတွေ ထုတ်တဲ့ စာအုပ်တိုက်ရဲ့ ပိုင်ရှင်ကို ကျွန်တော့်လုံးချင်းထုတ်ဖို့ သွားပြတော့ သူကဖတ်ကြည့်ပြီး ကျွန်တော့်ကို မှတ်ချက်လေး ရေးပေးလိုက်တာပါ။ အဲဒီနေ့က ဘာတွေများ ရေးထား ပါလိမ့်ဆိုပြီး အိမ်အပြန် ကားမှတ်တိုင်မှာ ဖတ်ကြည့်တော့ 'ဇာတ်လမ်းက ဘာမှမရှိပါ။ အကျိုးပြုနိုင်သည့် အကြောင်းအရာများ မပါပါ။ ကြိုးစားရန်လိုသော အရေးအသားမျိုး ဖြစ်သည်' လို့ ရေးပေးလိုက်တာ ကျွန်တော့်မှာ စာအုပ် မထုတ်ဖြစ်လို့ စိတ်ညစ်ရတဲ့အထဲ၊ သူ့ဆီက အချစ်ဝတ္ထု စာအုပ်တွေမှာရော စာဖတ်သူ အကျိုးပြုတဲ့ အကြောင်းတွေ ပါရဲ့လားလို့ ပြန်တွေးရင်း ပြုံးခဲ့မိသေးတယ်။ ဒါနဲ့ပေါ့ဗျာ၊ ကျွန်တော်လည်း အချစ်ဝတ္ထုတွေ ဆက်မရေးဖြစ်ဘဲ၊ လူငယ်အကျိုးပြု ဆောင်းပါးတွေပဲ မဂ္ဂဇင်းတစ်အုပ်မှာ တခြားကလောင်အမည်နဲ့ ဆက်တိုက်ရေးခဲ့တော့တာ ဒီနေ့အထိပါပဲ"
အများနည်းတူ အမှတ်ရစရာ တစ်ခုပြောပြပြီး၊ တခြားဝါသနာပါတာ ပြောပါဆို၍ ကျွန်ုပ်မှာ စဉ်းစားရန် အချိန်ပင် မလိုတော့။ ချက်ချင်းသာ ပြောချလိုက်တော့သည်။
"စာရေးတာပြီးရင် သီချင်းဆို၊ သီချင်းရေးတာ ၀ါသနာပါတယ်။ အနုပညာလောကမှာ အဆိုတော်တွေက စာရေးလာပြီဆိုတော့ ကျွန်တော်တို့ စာရေးဆရာတွေ သီချင်းဆိုသင့်ပြီလို့ ထင်တယ်လေ။ ဒါကြောင့်လည်း လုပ်ပြချင်တာပါ"
ကျွန်ုပ်သီချင်းဆိုမည်ဆို၍ ငွေပိုရနိုင်သည်ထင်ကာ ကျွန်ုပ်အဒေါ် စပွန်ဆာ၏ မျက်နှာကြီးကား ၀င်းပ လာချေ၏။ ကျွန်ုပ်ကား ပြောစရာရှိတာပြောပြီးသော် ကျွန်ုပ်၏တစ်နေ့တာအတွက် မည်သို့ဆက်လက် လုပ်ဆောင်ရမည်မသိ ဖြစ်နေ၏။ အမှန်မှာ ကျွန်ုပ်အနေဖြင့် တစ်နေကုန်စာထိုင်ရေးရန်သာ ရှိရကား စာရွက်ကြမ်းနှင့် ဘောလ်ပင်ကို ထုတ်လိုက်လေ၏။
"ဟဲ့ - ငါ့တူ စာရေးပြပြီး တစ်နေကုန်လို့ မရဘူးနော်၊ Shopping ထွက်မှရမယ်"
"စာရေးမယ်လေ၊ ဒါကျွန်တော့် တစ်နေ့တာပဲ"
"မဟုတ်ဘူးလေ၊ မလုပ်နဲ့။ ကျန်တဲ့အချိန်မှာကျတော့ ဟို အာဆင်နယ်တွေ၊ မန်ယူတွေပါတဲ့ ဂျာနယ်တွေပဲ ခေါက်ပြန်ပေးဖတ်နေတယ်။ ဒီနေ့ မရေးနဲ့။ သွားမယ်၊ လာ-ဒေါ်ဒေါ်နဲ့ဈေးဝယ်လိုက်ခဲ့။ ဒီအစီအစဉ်မှာ ပါတဲ့လူတိုင်း Shopping ထွက်တယ်။ မင်းလည်း ထွက်ရမယ်"
ကင်မရာမင်းကိုပြောပြီး အဒေါ်မှာရှေ့မှထွက်သွားရာ ကျွန်ုပ်သည် ကမန်းကတန်း ထလိုက်ရတော့၏။ အိမ်ရှေ့ ရောက်တော့ ဘယ်အချိန်က စီစဉ်ထားမှန်းမသိသော ကားတစ်စီးက ကျွန်ုပ်တို့ကို စောင့် ကြို နေလေ၏။
ကျွန်ုပ်မှာကား တကယ့် ဒါရိုက်တာထက် တိုက်ခန်းစပွန်ဆာ ပေးထားသော အဒေါ်၏ အစီအစဉ်ကိုသာ လိုက်နာ နေရလေ၏။ အဒေါ်ကား ကားသမားကို မြေနီကုန်း ဒဂုံစင်တာကို မောင်းခိုင်း၏။ ပစ္စည်းလည်း မ၀ယ်။ ထို့နောက် မြေနီကုန်း၊ ပြည်လမ်း ဓါတ်ဆီဆိုင် ရှေ့မှာရှိသော City Mart သို့ သွားကာ ဟိုကြည့် သည်ကြည့် လုပ်ပြီးမှ နောက်ဆုံး ကျွန်တော့်အတွက် ဘောလ်ပင် ခပ်ညံ့ညံ့ တစ်ချောင်းဝယ်ပေး၏။
ထို့နောက် နေ့လယ်စာထမင်းကို တင်အေးဒံပေါက်ဆိုင်၌ ၀င်စား၏။ ဒံပေါက်စားသည်ကို ကင်မရာမင်းအား တခမ်းတနား ရိုက်ခိုင်း၏။ တကယ်တော့ ကျွန်ုပ်စာမူများ လျှောက်ပို့ချိန်တွင် ဗိုက်ဆာပါက တစ်ခါပြင် လေးငါးရာ ထမင်းဆိုင်မျိုးနှင့် ပြီးလေ့ရှိသော်ငြား ယခုတော့ တစ်ပြည်လုံးကြည့်မည်ဖြစ်၍ အဒေါ်ကား ကျွန်ုပ်နှင့် ပတ်သက်၍ တန်ဆာဆင်နေလေပြီ။
သည်သို့ဖြင့် အိမ်ပြန်ပြီး နေ့ခင်းဘက် ကျွန်ုပ်စာရေးသည့်ပုံကို ရိုက်လေ၏။ များသောအားဖြင့် ဘားပြာ စက္ကူများဖြင့်သာ ရေးလေ့ရှိသော ကျွန်ုပ်အဖို့ကား ထိုနေ့က အဒေါ်ကောင်းမှုဖြင့် သူမ ဆောင် ထားသော နိုင်ငံခြား စက္ကူထုပ်ထဲမှ စက္ကူအကောင်းစားများဖြင့် စာရေးဟန် သရုပ်ဆောင်ခဲ့ ရလေသည်။
ထို့နောက်တွင် ညနေစာကို ထိုအိမ်တွင် မိသားစု စုံစုံညီညီနှင့် စားသောက်ပုံ ရိုက်ကူးလေ၏။ ဒဂုံမှ ကျွန်ုပ်အဖေ၊ အမေ၊ ညီအစ်ကိုများပါ ပါ၏။ ယခင်က အဆင်ပြေသလို စားသော ကျွန်ုပ်မှာ ယနေ့၌ ၀က်သားဆီပြန်ဟင်း၊ ကြက်သားအာလူး၊ ငါးဖယ်ဟင်း၊ ချဉ်ပေါင်ကြော်၊ မှိုကန်ဇွန်း၊ ငါးခေါင်းဟင်းချို၊ ငပိရည် တို့စရာ စုံစုံလင်လင်နှင့် အဒေါ်၏လက်ရာကို စားရ၍ တော်တော် စားကောင်းလေ၏။
ကျွန်ုပ်မှာ ထမင်းစားပြီးသောအခါ စာရေးဆရာတို့၏ထုံးစံ လက်ဖက်ရည်ဆိုင် ထိုင်ရန်အတွက် မအူပင် မှ ခေတ္တ ပြန်ခေါ်ထားသော ကျွန်ုပ်၏ သူငယ်ချင်း ဒေါက်တာနိုင်ထူးနှင့် သြစတြေးလျ NGO တစ်ခုတွင် အလုပ် လုပ်နေသော ဒေါက်တာလှဌေးတို့နှင့် စမ်းချောင်း ဗဟိုလမ်းရှိ သူဌေးမင်း လက်ဖက်ရည်ဆိုင်တွင် တမင်ချိန်းကာ ရောက်တတ်ရာရာတို့ကို ပြောဆိုကြလေ၏။
ထို့နောက်တွင် ကျွန်ုပ်တို့ လမ်းခွဲပြီး အိမ်ပြန်ကာ ကျွန်ုပ်အိပ်ရာဝင်ခြင်းကို မှတ်တမ်းတင်လေ၏။ မအိပ်ခင် အိမ်မှာ စာဖတ်ရင်း ရေနွေးကြမ်းသောက်သလို သောက်ချင်သော်ငြား၊ အဒေါ်၏ အစီ အစဉ်ဖြင့် ရေခဲသေတ္တာထဲမှ ရေခဲရေကို အံကြိတ်ကာ သောက်ရင်း စာဖတ်ရလေ၏။ ကျွန်ုပ်ကား စာဖတ်ပြီး ယခင်က ပုဆိုးနှင့်သာ အိပ်ရာ ၀င်သော်လည်း ယခုအခါ ည၀တ်အင်္ကျီ၊ ဘောင်းဘီကိုသာ အဒေါ်စိတ်တိုင်းကျ ၀တ်ပြီး အိပ်ရလေ၏။ သည်သို့ဖြင့် ကျွန်ုပ်ကား မနက်တွင် တစ်ခုခု လုပ်ရမည်ဖြစ်၍ စောစောအိပ်ရမည်ဖြစ်ကြောင်း ပြောကာ အိပ်ရာ ၀င်ရလေတော့သည်။
"သားရေ၊ ထ ထ ......"
အခုမှအိပ်ရုံရှိသေး။ ထခိုင်းသောအမေ့ကြောင့် ကျွန်ုပ်ကား စိတ်ရှုပ်သွား၏။
"ဟာ - အခုမှ အိပ်မယ့်ဟာ၊ ဘာဖြစ်လို့ ထခိုင်းနေရတာလဲ အမေရ"
"ဘာတွေပြောနေတာလဲ။ မျက်လုံးပဲဖွင့်ကြည့်ဦး၊ ရှစ်နာရီတောင်ခွဲနေပြီ"
ကျွန်ုပ်ကား အမေ့ကြောင့် မျက်လုံးပွတ်ပြီး ကြည့်လိုက်ရာ တကယ်ပင် မိုးစင်စင်လင်းနေပြီဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်၏တစ်နေ့တာ အစီအစဉ် ရိုက်ကူးမှုကား အိပ်မက်မျှသာဖြစ်ကြောင်း သိရှိသွားရပါတော့သည် တကား။။
သားလတ်
၁၅း၂၅ နာရီ
၂၇.၁၀.၂၀၀၈
(ကျွန်တော်မြန်မာပြည်တွင်ရှိစဉ်အခါက တီဗွီတွင်ကြည့်ခဲ့ရသော အနုပညာရှင်၏တစ်နေ့တာ အစီအစဉ်တွင် ပါဝင်မှုများနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော ခံစားမှုများအား ဤစာစုအဖြစ် ပြောင်းလဲရေးသားခဲ့ပါသည်။ အမှန်မှာ စင်္ကာပူမလာခင်၌ ဂျာနယ်(သို့) မဂ္ဂဇင်း တစ်စောင် စောင်သို့ ပို့ရန် ရည်ရွယ်ခဲ့သော်ငြား ကျွန်တော့် ဘာသာ ပြန်လည် တည်းဖြတ်ရာ၌ အားမရသောကြောင့် ဤစာမူမှာ စင်္ကာပူအထိ ပါလာခဲ့ပါသည်။ ယခုအခါ၌ ထိုစာမူအား စိတ်တိုင်းကျ ပြင်ဆင်ပြီးဖြစ်၍ မည်သည့်နေရာသို့မျှ မပို့တော့ဘဲ ကျွန်တော်၏ ဘလော့တွင် တင်ပြလိုက်ပါသည်။)

×××××××××××××××××××××××

××××××××××××××××××××××××××××××

5 comments:
""ကျွန်ုပ်နှင့် အနုပညာရှင်၏တစ်နေ့တာ""
အဟုတ်များလားလို့နော်..
စိတ်ကူးကလည်းကောင်းပအကိုရာ။
အားပေးလျှက်။
ကောင်းသောနေ့လေးဖြစ်ပါစေ။
ဖတ်ရှုအားပေးသွားပါတယ်ရှင်။ သီချင်းဖျက်ဆိုတာတော်တယ်နော်....း)
ဖတ်ရင်း ပြုံးသွားတယ်.. :)
တင်မလား အကိုရေ...
အချစ်ဂျာနယ်ကို ပို့ပေးမယ်လေ...
အချစ်ဂျာနယ်တိုက်ပိုင်ရှင် အန်တီနီနဲ့ ခင်တယ်..။
ညီမရဲ့ ပို့စ်တွေကို အန်တီနီပဲ တင်ပေးတာ..။
Sunny ပြောသလိုပဲ
ဖတ်ရင်း ပြုံးသွားတယ် ..း))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
Post a Comment