ရန်ကုန်စက်မှုတက္ကသိုလ်မတက်ခင် ကျောင်းအပ်ဖို့သွားတုန်းက စီနီယာအစ်ကိုက စက်မှုတက္ကသိုလ်၏ အထင်ကရ လမ်းတစ်ခုကို ပြခဲ့ဖူးသည်။ "သြဘာလမ်း"တဲ့။ ထို့အပြင် သူက ကျွန်တော့်ကို ရှင်းပြခဲ့ဖူး၏။
"ဒီလမ်းထဲက ယောင်လို့တောင်မဖြတ်နဲ့နော်ညီလေး၊ ဖြတ်မိတာနဲ့ လက်ခုပ်အတီးခံရလိမ့်မယ်"တဲ့။ ကျွန်တော် လည်း ယောင်တောင် ပေါင်တောင် ခေါင်းညိတ်ပြလိုက်၏။ ဘာမှန်းမျှ မသိတာ။
နောက်ပိုင်း ကျောင်းရောက်တော့မှ ထိုလမ်းအကြောင်း တဖြည်းဖြည်းချင်း သိလာခဲ့ရတော့သည်။ ထိုလမ်းသည် ကျောင်း၏ ပင်မဆောင်မှ စ၍ ကျောင်းနောက်ဘက်ထဲ ၀င်မည့်နေရာမှာ ဆုံးသွားသည်။ မြက်ခင်းပြင်များ ဘေးမှာ ရှိ၏။ ထိုလမ်းကို ဘေးပတ်ပတ်လည်မှာ စာသင်ဆောင်များ ၀န်းရံထား၏။ ကျွန်တော်တို့ ကျောင်းတက်စဉ်က ကျူတိုရီယယ် တန်းများကို ထိုစာသင်ဆောင်များမှာ တက်ရ၏။ EC , Civil တို့အတွက် စာသင်ခန်းများ၊ သီရေတာများသည် ထိုစာသင်ဆောင်များမှာ ရှိ၏။
ထိုလမ်းကလေး၏ ထူးခြားချက်ကား တစ်စုံတစ်ယောက်သည် ထိုလမ်းကို မည်သည့်နေရာက ဖြတ်ဖြတ် စာသင်နေသူ၊ စာမသင်ဘဲ အပြင်ရောက်နေသူများ မြင်ပါက ၀ိုင်းပြီး လက်ခုပ်သြဘာတီး ချီးမြှင့်ကြခြင်းပင်။ စာသင်နေသော ဆရာမပင် ကျွန်တော်တို့ကို ရပ်ပေးရသည် အထိ အတန်းထဲက ထွက်ကာ ၀ိုင်းပြီး အားပေးကြ၏။ "အရူး၊ ဘာကြောင်တာလဲ" ဟု အော်လည်း အော်ကြ၏။ မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကိုသန်းတိုးအောင်တို့ တုန်းက လက်ဖက်ရည်တိုက်ကြေး အပျော်သဘောမျိုး တမင်ဖြတ်ခဲ့ကြသည်ဟု အင်တာဗျူးတစ်ခုမှာ ဖတ်ခဲ့ဖူးသည်။
ကျွန်တော်တို့ ကျောင်းမှာ တက်နေသူများက သြဘာလမ်းကို သိသော်လည်း တစ်ခါမျှမရောက်ဖူးဘဲ ကျွန်တော်တို့ကျောင်းမှာ သူငယ်ချင်း လာရှာသူများ၊ ပထမနှစ်မို့ အကြောင်းမသိသူများ ခမျာ သြဘာလမ်းကို ဘုမသိ၊ ဘမသိ ဖြတ်မိသောအခါ လက်ခုပ်သြဘာ ချီးမြှင့်ခံရတော့၏။ "ဖြတ်သန်းသွားလာခြင်းမပြုရန် တားမြစ်ပါသည်" ဆိုသည့် ဆိုင်းဘုတ်ကို တစ်ခါတွင် မြင်ဖူးခဲ့သော်လည်း လမ်းအလယ်မှာမဟုတ်။ ဘေးရောက်၍ တစ်ဖက်သို့ လှည့်ထားသောအခါ အကြောင်းမသိသူများမှာ ခပ်တည်တည်ပင် ဖြတ်ကြတော့၏။ တချို့ကလည်း မျက်နှာပြောင်တိုက်ကာ အပေါ်ကိုမော့၊ လက်တွေပင်ပြကာ ပြုံးဖြဲဖြဲနှင့် လမ်းဆုံးအောင် လျှောက်၏။ တချို့ကျတော့ စလျှောက်ရုံရှိသေး၊ လက်ခုပ်သံ မခံနိုင်၍ လှည့်ပင် ပြေးရလေတော့သည်။
ထိုအကြောင်းအရာများကို ထိတွေ့ခံစားနေရသည့် ကျွန်တော့်အဖို့ကား "သြဘာလမ်း" နှင့်ပတ်သက်သည့် ကဗျာတစ်ပုဒ် ရင်ထဲသို့ ရောက်လာခဲ့လေတော့သည်။
ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)တို့၊ ဆရာနွမ်ဂျာသိုင်းတို့ ခေတ်မှာ "နွေးအေး"တို့၊ "ချစ်သူတို့လမ်းကလေး"တို့ ဆိုတာကို ကြားခဲ့ရဖူး၏။ ဆရာမ မစန္ဒာကတော့ ဂျီဟောကို အမှတ်တရရေးဖွဲ့ခဲ့၏။ ကျွန်တော်တို့ခေတ်၊ ကျွန်တော်တို့ လက်ထက်မှာ သြဘာလမ်းသည် အမှတ်တရဖြစ်နေမှာ မလွဲ။
ကျွန်တော်တို့သည် သြဘာလမ်းမှာ ဖြတ်ခဲ့သူများကို အားရပါးရ လက်ခုပ်သြဘာတီး၊ အားပေးခဲ့ကြ၏။ ကျောင်းသူ၊ ကျောင်းသား အချို့ကား သြဘာလမ်းကို မသိဘဲနှင့် ဖြတ်သလို၊ သိလျက်လည်း ဖြတ်ခဲ့ကြ၏။ ကျွန်တော်တို့သည် သြဘာလက်ခုပ်တီးရင်း ပျော်ရွှင်ခဲ့ကြရာမှ ထို သြဘာလမ်းသည် ကျွန်တော်တို့၏ နှလုံးသား၌ အစဉ်ထာဝရ တည်တော့၏။ ဆရာ၊ ဆရာမများသည် သြဘာလမ်းကြောင့် လက်ခုပ်ထွက်တီးရန်ပင် စာသင်ခြင်းကို ကျွန်တော်တို့အတွက် ရပ်ပေးခဲ့ရ၏။
ရန်ကုန်တက္ကသိုလ်ပင်မ ကျောင်းသူ၊ ကျောင်းသားများက သစ်ပုပ်ပင်သည် သူတို့အတွက် အမှတ်တရဟု ဆိုလျှင် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား ဖြစ်ခဲ့ဖူးသော ကျွန်တော်တို့အတွက်တော့ သြဘာလမ်းသည် ကျွန်တော်တို့ခေတ်၊ ကျွန်တော်တို့နှစ်၏ အမှတ်တရပင် ဖြစ်တော့၏။
ကျွန်တော်တို့သည် "သြဘာလမ်း"ကို ပိုင်ဆိုင်ကြသူများ ဖြစ်ခဲ့ကြ၏။ ။

"သြဘာလမ်း"
ပြောကာလွမ်းချင်ရဲ့
သြဘာလမ်းရဲ့အကြောင်းပါ။
စိမ်းစိုစိုမြက်ခင်းပြင်နဲ့
ဘေးဘက်တစ်ခွင်အလှဆင်ထားပါလို့
မြင်ကြသူများရှုမငြီးစရာ။
စာသင်ဆောင်လေးခုကြားက
အလှစုရာထီးတည်းလမ်းပေမို့
' ဖြတ်သန်းသွားလာခြင်းမပြုရ ' ဆိုင်းဘုတ်နဲ့
(စက်မှုတက္ကသိုလ်ရဲ့)တစ်ခုတည်းသောအလှကြော်ငြာ
ပျော်စရာတွေကပြည့်ကာလွှမ်း။
ပထမနှစ်ပေမို့
အစဖြစ်ကာမလည်ပတ်သူများ
အကြောင်းမသိသူမို့
ကျောင်းရှိရာအလည်လာသူများခမျာလည်း
ဆိုင်းဘုတ်ကစာမမြင်သာအောင်တစ်ဖက်လှည့်ထားတာကြောင့်
ယောင်တောင်တောင်ဖြတ်အကူးမှာဖြင့်
ပြည့်ကျပ်ကာပူးနေတဲ့စာသင်ဆောင်လေးခုဆီက
တေးစုတွေသံပြိုင်ထုတ်ပါတော့
လက်ခုပ်သံကတဖြောင်းဖြောင်းနဲ့ညီညီညာ
လက်ခေါက်မှုတ်သံကတသောင်းသောင်းနဲ့တရွှီရွှီမြည်ကာညံလှပါလို့
ဖြတ်မိသူခေါင်းနားပန်းကြီးကာ
ဘယ်လမ်းတာဘယ်လိုလေဆက်ရပါ့မလဲရယ်လို့
ပင်ပန်းကာတစ်ကိုယ်လုံးချွေးတွေလွှမ်းပါတော့
အရှက်အမှုအခက်ပိုလို့မောကာနွမ်းကြပါသတဲ့
(ကဲ - အဲဒါ ကျွန်တော်တို့ရဲ့)
စက်မှုတက္ကသိုလ်က သြဘာလမ်း ။ ။

ဆူးသစ်
၂၁း၃၁နာရီ
၂၁း၃၁နာရီ
၁၁.၃.၂၀၁၁
3 comments:
ဘာပဲပြောပြော အမှတ်တရ တွေကျန်ခဲ့တော့ ပြန်တွေးတိုင်း တွေးစရာလေးတွေ၊ ကြည်နူး မိနေ ၊လွမ်းနေ ရမှာပေါ့နော်။
အားပေးဖတ်သွားတယ် အကို။
ကောင်းသောနေ့လေး ဖြစ်ပါစေ။
ကိုသက်ဝင်းရေ-ခုမှစာပြန်ဖြစ်တာခွင့်လွှတ်ပါ။ ကျွန်တော်က L-6 ကို၁၉၉၄လောက်မှာတက်နေပါပြီ။ ပထမနှစ်ကို ၁၉၉၃ နိုဝင်ဘာမှာ စတက်ပါတယ်။
စာတွေ လာဖတ်သွားပါတယ်ရှင်။ လမ်းနာမည်လဲ ပေးတတ်ပါပေ့..... လို့ ...... ပြုံးစိစိချီးမွမ်းသွားကြောင်း.....:P
အော်.... သြဘာလမ်း....သြဘာလမ်း....
ဖြတ်လျှောက်သူ ရှက်သွေးဖြန်းရအောင်....လျှောက်ဖူးသူများလည်း လွမ်းရအောင် စွမ်းဆောင်နိုင်ပါပေ့။ နောက်ကို ကျောင်းသားသစ်တွေကို အဖွဲ့လိုက်စုပြီး Cat Walk လေးသာလျှောက်ပစ်လိုက်လို့ .... မြှောက်ပေးလိုက်ဗျိုးးးး
ခင်မင်လေးစားလျက်
Post a Comment