Wednesday, May 11, 2011

"ကျွန်တော်တို့သည်" (၁၆)

ဒုတိယနှစ်၊ ရန်ကုန်စက်မှုတက္ကသိုလ် အကြောင်းပြောလျှင် ဆရာ ဦးအောင်မြင့် ကို ချန်ထား၍ မရ။ ဆရာသည် Chemistry သင်သည်။ Section-C ၏ ပင်တိုင်ဆရာ။ သို့သော် ဒုတိယနှစ် အတန်းအားလုံးမှာ အသင်အပြ ကောင်း၍ နာမည်ကြီး၏။ ထို့ကြောင့် Section-B မှာ တက်သော ကျွန်တော်သည်လည်း ရံဖန်ရံခါ အတန်းအားလျှင် သွားတက်၏။

ဆရာက သင်ရင်းရယ်စရာတွေလည်း ပြောတတ်သည်။ ထို့ကြောင့်လည်း သူ့အတန်းမှာ လူများ တာဖြစ်နိုင်၏။ တစ်ခါတော့ ကျွန်တော် သွားတက် နေစဉ် လူများ၍ အတန်း နောက်က ကျောင်းသားများက "ဆရာ-မကြား ရဘူး " ဟု အော်ကြ၏။ ဆရာက "ဟုတ်လား၊ မကြားရဘူးလား "ဟု ပုံမှန် အသံဖြင့် ပြန်မေး၏။ ကျောင်းသား များကလည်း "ဟုတ်တယ်၊ မကြားရဘူး" ဟု ပြန်ဖြေပြန်၏။ ထိုအခါ ဆရာက "အဲဒါ ကြားရလို့ ဖြေတာ မဟုတ်ဘူးလား "ဆိုမှ ကျွန်တော်တို့အားလုံး ရယ်ရတော့သည်။ သူမေးသည်က စမ်း၍မေးခြင်းဖြစ်သည်။ ကြားမကြားဖြေတာကို နားထောင်ချင်၍ မဟုတ်။ ဆရာသည် တင်္ခဏုပ္ပတိဥာဏ်ရွှင်သည်ဟု ဆို၍ ရသည်။ ထို့ကြောင့်လည်း သူ့အတန်းမှာ လူများ၍ မပျင်းကြခြင်းဖြစ်သည်။

ဆရာကပြောသေးသည်။ "မင်းတို့ Chemistry ကိုသင်ရင် သတိထား။ လျှော့မတွက်နဲ့။ Chemistry မှာ မိုင်းတွေ အများကြီးပဲကွ" တဲ့။ "ဘာမိုင်းလဲ ဆရာ" ဆိုတော့ "အီးမိုင်းတွေကွ "တဲ့။ ကျွန်တော်တို့ရယ်ကြသည်။ ဆရာက "မရယ်နဲ့" တဲ့။ "အကောင်းပြောတာ။ Chemistry မှာ Electron ဆိုတဲ့ အီးမိုင်းတွေကို ရှင်းနိုင်မှ အောင်မယ်" ဟု ဆိုသည်။ ဟုတ်သည်။ ထိုအချိန်က Electron၊ Proton၊ Neutron ဆိုတာတွေ Chemistry မှာ သင်နေရ သေးသည်။ ထိုအရာကို ဆရာက သတိပေးစကားဆို၏။

ပြီးတော့ ဆရာ ပြောသည့်အထဲက မှတ်မိတာ နောက်တစ်ခုရှိသေးသည်။ " မင်းတို့ သတိထားနော်။ စာမေးပွဲ နီးပြီ။ တက္ကသိုလ်တွေအားလုံးထဲမှာ ၄၄ ရောက်တာ မင်းတို့ ကျောင်းတစ်ကျောင်းပဲ ရှိတယ်" တဲ့။ ဒါကိုတော့ ကျွန်တော်တို့ ကျောင်းမှာ တက်ဖူးသူတွေသာ သိကြမည်။ ဟိုစဉ်က စိတ္တဇဆေးရုံ(ယခု စိတ်ကျန်းမာရေးဆေးရုံ)သည်န၀ဒေးလမ်းဆုံမှာရှိ၏။ ထိုနေရာကို ကျွန်တော်တို့ ကျောင်းရှေ့(BPI မှတ်တိုင်)ကိုဖြတ်သော(၄၄)ဒိုင်နာများဖြတ်၏။ကျွန်တော်တို့ ကျောင်းသည် ကျောင်းတက်ရင်း ဂေါက်သည့်
(ရူးသည့်) နေရာတွင် တော်တော် နာမည်ကြီး၏။ စာမေးပွဲနီးလျှင် ထိုသို့ဖြစ်တတ်သည့် အသံတွေ ကြားရစမြဲ။ ထိုအရာကို ဆရာက ရည်ရွယ်၍ ပြောခြင်းဖြစ်သည်။ ထို့ကြောင့် ဆရာပြောပြီးပြီးချင်း ကျွန်တော်တို့ ရယ်ဖြစ်ခဲ့သည်။ (ကျွန်တော်ပို့စ်အဖြစ် တင်ထားသော "ဆေးမမီတဲ့အင်ဂျင်နီယာ" ၀တ္ထုတိုသည် ကျွန်တော်တို့၏ ကျောင်းသားဘ၀ တကယ့် အဖြစ်အပျက်များကို အခြေခံ၍ ရေးထားခြင်းဖြစ်ပါသည်။)

မှတ်မှတ်ရရရှိတာတစ်ခု ထပ်ပြောရလျှင် ပထမနှစ်စာမေးပွဲ ဖြေခါနီး၌ ကျောင်းဝင်းထဲက အဆောင် တစ်ဆောင်မှာ ကျွန်တော်သွားအိပ်ခဲ့ဖူးပါသည်။ ကျွန်တော်နှင့် အတန်းထဲမှာခင်သော ကိုမြင့်ကျော် ဆိုသည့် သူငယ်ချင်းက အဆောင်၏ ကျောင်းသားခန်းမဟုတ်သော အခန်းတစ်ခန်းကို ရခဲ့၍ ထိုအခန်းမှာပင် စာစုကျက်ခဲ့၏။ သည်မှာပဲ ညနေ ထမင်းဆင်းစားစဉ်မှာ တချို့ အစ်ကိုကြီးများ အုတ်ကန်ထဲ ခေါင်းထိုး စိမ်သည်ကိုမြင်ရရာ ဘာလုပ်တာပါလိမ့်ဟု အတွေးပွားခဲ့ဖူး၏။ ကိုမြင့်ကျော်က ဦးနှောက်ဆေးတာလေဆိုမှ စာမေးပွဲနီးရင် သည်လိုလားဟု စဉ်းစားဖြစ်ခဲ့သေးသည်။

တကယ်တော့ ကျောင်းထဲက အဆောင်ဆိုသည်က ပဉ္စမနှစ် နှင့် နောက်ဆုံးနှစ်နှစ်တန်းသာ ထားခြင်းဖြစ်ရာ အတန်းထဲမှာခင်သော ကိုမြင့်ကျော်ကြောင့်သာ သည်လို အတွေ့အကြုံကို ပထမနှစ်မှာပင် သိခဲ့ ရခြင်း ဖြစ်သည်။ ပြီးတော့ စာကြည့်နေရင်း မီးပျက်သွားသောအခါ "မီးဗျို့ ....မီး.......မီး" ဆိုပြီး ထအော်ကာ အခန်းရှေ့က သံတိုင်ကို တဒေါင်ဒေါင်နှင့် ခေါက်ကြသည်ကို ကျွန်တော် မှတ်မိသေး၏။ ကျွန်တော်တို့၏ နောင်တော်များကား ဤသို့ဤနှယ်ပါတကားဟု သိရပေ၏။

ထိုစဉ်က ကျောင်းသားသက်နုသည့် ကျွန်တော်တို့မှာ လန့်လည်းလန့်၊ နောက်မှ အပျော်အော်မှန်းသိ၍ ရယ်ခဲ့ရသေး၏။ ထိုမျှမက သူတို့ရေးထားသော ပေါက်ကရ စာများမှာလည်း ပြုံးချင်စရာ။ မနက်အိပ်ရာထချိန် အခန်းပေါက်မှာ တစ်ယောက်နှင့်တစ်ယောက်မှာခဲ့ပုံများကား သင်းလှ၏။ "ယောက်ဖရေ-ညနေကျ ဂိတ်ပေါက်မှာစောင့်နေနော် " တဲ့။ သည်လိုဖတ်ရလျှင်တော့ အကောင်းသား။ သို့သော် ထိုမျှနှင့် မပြီး။ နောက်က ဆက်ထားတာကြည့်။ "ငုတ်နဲ့ မင်း...နဲ့" တဲ့။

ဆရာ ဦးအောင်မြင့်ပြောသည့် (၄၄) လိုင်းကား အကြောင်းပြန်ပြောရလျှင် ထိုအချိန်က (၄၄) မှာ ဒိုင်နာ ကားများသာ ဖြစ်သည်။ ယခု ကျွန်တော်တို့ တွေ့ရသော အဲကွန်းဘတ်စ်များ မဟုတ်။ န၀ဒေး လမ်းဆုံ မှ တက်လျှင် လူ မနည်းရအောင် တွယ်တက်၍ လိုက်ရ၏။ များသောအားဖြင့် နောက်မြီးမှာ အတွယ်တွေချည်းသာ။ ပထမနှစ်မှာ ဒဂုံက လာသော ကျွန်တော်သည် ကားမရ၍ ရံဖန်ရံခါ အတန်းနောက်ကျရတော့၏။ ထို့ကြောင့် (၄၄) လာလျှင် ထမင်းဘူးကို အရင်ထိုးထည့်၊ ထိုင်နေသူကို လှမ်းပေးပြီး၊ ကားထွက်သည်နှင့် ငါ့ထမင်းဘူးတော့ ပါသွားပြီ၊ လိုက်မှရတော့မည် ဟု တွေးကာ ရရာလူကို ဖက်လိုက်ရတော့သည်။ သည်လိုကျောင်းတက်ခဲ့ရ၏။

ဆရာဦးအောင်မြင့်က ကားမှာ အတွယ်တွေ နောက်မြီးမှာ ပါလာတာများသည်ကို နောက်ဖူးတာလည်း ရှိသေး၏။ "ရန်ကင်း (၁၂) လုံးတန်းဘက်မှာကွ။ စပယ်ယာက အော်တယ်။ ဆရာရေ၊ (၁၂)လုံးတန်း၊ အတွယ် (၆) ယောက်ပါတယ်တဲ့။ ကားပေါ်ကလူတွေက ရယ်တယ်။ ဆရာ သဘောမပေါက်ဘူး။ နောက်မှ ကားနောက်က တွယ်နေတဲ့ ယောကျာ်းလေးတွေ တွေ့ပြီး ရယ်မိတော့တယ်" တဲ့။ စာသင်ရင်း ကျွန်တော်တို့ စိတ်ရွှင်လန်းအောင် အရွှန်းဖောက်ခြင်းပင်။

ကျွန်တော်တို့သည် ဆရာ၊ ဆရာမ တို့၏ စေတနာများဖြင့် ခက်ခဲသော စာများကို ရွှင်လန်းစွာ သင်ယူနိုင်ခဲ့၏။ ကျွန်တော်တို့သည် ထိုခက်ခဲသော စာများကို သင်ယူရင်းမှာပင် တစ်နှစ်ကို တစ်ယောက် ဂေါက်သည်ဟူသော ဘယ်က စထွက်လာမှန်းမသိသည့် အဆို မမှန်စေရေးကိုလည်း အလေးထားခဲ့သူများ ဖြစ်ကြ၏။ ထိုသို့ အလေးထားရာမှ ကျွန်တော်တို့သည် လူနောက်၊ လူပြောင်များ ဖြစ်လာသလား( သို့မဟုတ်) နဂိုကပင် အစအနောက် သန်သူများလား ဆိုသည်ကိုတော့ ကျွန်တော်တို့၏ နောင်တော်ကြီးများက သက်သေထူနိုင်သလို ကျွန်တော်တို့ကိုယ်တိုင်လည်း ကျွန်တော်တို့၏ မှတ်တမ်းများဖြင့် သက်သေထူပြဦးမည် ဖြစ်ပါ၏။ ။

ဆူးသစ်
၂၂:၀၈နာရီ

၁၁.၀၅.၂၀၁၁



5 comments:

Angelhlaing(May everybody be happy and healthy! said...

အမှတ်တရလေးတွေ ဖတ်ရင်း ကြည်နူးကြေကွဲရင်း ကျောင်းသားဘဝတွေ ပြန်လည်တမ်းတ နေမိတယ်အကို.. ပြန်လည်မရနိုင်တဲ့ အချိန်တွေ...လေ..။
ကောင်းသောနေ့လေး ဖြစ်ပါစေအကို။

ကိုသက်ဝင်း said...

ကိုဆူးသစ်
ဘယ်နှစ်ကလဲဗျ။ ၉၃ မတ် မှာ ကျွန်တော်လည်း 1st year section B ပဲ။

ကိုသက်ဝင်း said...

ကိုဆူးသစ်
ဘယ်နှစ်ကလဲဗျ။ ၉၃ မတ်မှာ ကျွန်တော်လည်း ၁ တန်း ဘီ မှာပဲ။

ဆူးသစ် said...

ကျွန်တော်က ၉၃ နိုဝင်ဘာ မှာမှ တစ်တန်း စတက်ပါတယ်ခင်ဗျာ။ ကိုသက်ဝင်း က ကျွန်တော့်ထက် တစ်တန်းစောမယ် ထင်ပါတယ်။

ငဝန်နဒီ said...

ကိုသက်ဝင်း ရေ မမေ့နဲ့ လေ ၁၉၉၃ ဖေဖော်ဝါရီလ ၁၆ ရက် မှာတတ်ခဲ့တာပါ...ဒူးယားဆောင်ကို ရောက်လာကြတာလေ...

Related Posts Plugin for WordPress, Blogger...