Sunday, January 23, 2011

" ကျွန်တော်တို့သည် " (၁၀)


ကျွန်တော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်တွင် Board ပေါ်မှာ ခုံနံပါတ်များ ကပ်လျှင် ခုံနံပါတ်နောက်က နာမည် နောက်မှာ နာမည်ပြောင်များ ရေးသည့် အကျင့်တစ်ခုလည်း ရှိသည်။ မသိလည်း ရေးသလို သိလည်း ရေးကြ၏။

ဥပမာ - သန့်စင်အောင် ဆိုသည့် နာမည်နောက်မှာ 'တစ်နေ့တစ်ခါ ရေမှန်မှန်ချိုးပါ'၊ ဖြူဖြူစံ ဆိုသည့် နာမည် နောက်မှာ 'ပေါ်ဆန်းမွှေး' စသည်ဖြင့် ရေးကြ၏။ စိန်မျောက်မျောက်လို နာမည်ပြောင် ရှိပြီးသားဆိုလျှင် 'စိန်မျောက်မျောက်' ဟု တန်းရေး၏။ ဒါဝတ်ကိုလည်း 'ဒါဝတ်' ဟုလည်းကောင်း ရေးကြ၏။ ထို့ကြောင့် ပထမနှစ် အပြီး ဒုတိယနှစ်အတွက် ခုံနံပါတ်များ ထွက်လာသောအခါ ထိုခုံနံပါတ် စာရွက်များပေါ်မှာ နာမည်ပြောင် များဖြင့် ပြည့်နှက်နေတော့၏။

ထိုသို့ အစအနောက် အပြောင်များ ကြားမှာပင် ဒုတိယနှစ်သို့ ရောက်ခဲ့၏။ တကယ်တော့ ဒုတိယနှစ်သို့ ရောက်ခဲ့ခြင်းသည် ကျွန်တော်တို့ အတွက် ဆယ်တန်းကို ဒုတိယအကြိမ် ရောက်ခဲ့သလိုပင်။ အဘယ်ကြောင့် ဆိုသော် စက်မှုတက္ကသိုလ် ဒုတိယနှစ်သည် အောင်မှတ်ဖြင့် မေဂျာခွဲမှာ ဖြစ်၍ပင်။ ဆယ်တန်းမှာ ရမှတ်ဖြင့် ဆေးတို့၊ စက်မှုတို့ ခွဲပြီးသောအခါ ကျွန်တော်တို့အဖို့ ဒုတိယအကြိမ် ထပ်မံပြီး အမှတ်ဖြင့် ကိုယ့်ကို မေဂျာခွဲမှာ ထပ်ကြုံရခြင်းပင်။ မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ အတွက် Pressure နှင့် Stress ဆိုတာကြီးက မသိမသာရော၊ သိသိသာသာပါ ၀င်ချလာသည်။

ပထမနှစ်မှာ အင်္ဂလိပ်စာ(Eng 101) ၊ မြန်မာစာ (Bur 101) ၊ သင်္ချာ (Introductory Mathematics) (Math 101) ၊ သင်္ချာ (Calculus and Plane Analytic Geometry) (Math 102) ၊ ဓာတုဗေဒ (Chem 101) နှင့် ရူပဗေဒ (Phy 101) ဆိုပြီး ခြောက်ဘာသာ သင်ရ၏။

ဒုတိယနှစ်မှာတော့ အင်္ဂလိပ်စာ(Eng 201) ၊ မြန်မာစာ (Bur 201) ၊သင်္ချာ (Calculus and Three Dimensional Analytic Geometry) (Math 201) ၊ ဓာတုဗေဒ (Chem 201) ၊ ရူပဗေဒ (Phy 201) နှင့် Engineering Mechanics (ME 204) ဆိုပြီး ခြောက်ဘာသာ သင်ရ၏။ သင်္ချာ တစ်ဘာသာ အစား ME ၀င်လာခြင်း ဖြစ်၏။

ကျွန်တော်တို့ ကျောင်းမှာ B.E နှင့် B.Arch ဆိုပြီး ဘွဲ့နှစ်ဘွဲ့ ရှိ၏။ အင်ဂျင်နီယာနှင့် ဗိသုကာဘွဲ့။ B.Arch ဆိုသည့် Architecture ယူမည့်သူသည် ပထမနှစ် အပြီးမှာပင် ခွဲထွက်သွားလေသည်။ သို့သော် သူတို့သည် ကျွန်တော်တို့လို အင်ဂျင်နီယာ အတန်းများနှင့် ဒုတိယနှစ်မှာ လိုက်တက်ရ၏။ လူနည်းစုသာ ယူကြသည်။ အင်ဂျင်နီယာဘွဲ့ကတော့ ဆယ်မျိုးရှိ၏။ မေဂျာဆယ်ခု ဆိုပါစို့။ Mechanical , Electronics, Electrical Power, Civil, Textile, Mining, Chemical, Metallurgy, Petrol နှင့် Aeronautical ဆိုပြီး ရှိသည်။

ကျွန်တော်တို့ တက်နေချိန်က EC ဟုခေါ်သော Electronics သည် အဟော့ဆုံး။ ကျွန်တော်တို့ ရှေ့နှစ်တွေ ကတည်းက နံပါတ်တစ် မေဂျာ။ ပြီးလျှင်Mech 'မက်ခ်' ဟု ကျွန်တော်တို့ခေါ်သော Mechanical နှင့် Civil သည် နှစ်တိုင်း မတိမ်းမယိမ်း။ ကျွန်တော်တို့ အမြင်အရ ပြောရလျှင် ဆယ်တန်းမှာ ဆေးအမှတ်၊ စက်မှုတက္ကသိုလ် အမှတ် စသဖြင့် ခွဲစဉ်က အမှတ်အမြင့်ဆုံး၊ အနိမ့်ဆုံး ဆိုတာတွေသည် လျှောက်သည့် လူပေါ်သာ မူတည်သည် ထင်ပါသည်။ တစ်ပြည်လုံး ပထမဆိုသူက ဆရာဝန်လိုင်း မယူဘဲ၊ စက်မှုတို့ ၊ကွန်ပျူတာတို့ ယူလျှင် ထိုလိုင်းများမှာ သူ့အမှတ်က အမြင့်ဆုံးပေကိုး။ သူ့နောက်မှာမှ လူ ဘယ်နှစ်ယောက် ခေါ်မည်ဆိုပြီး ဦးစားပေးလျှောက်ထားသူ အရေအတွက်ကို ခွဲထုတ်လိုက်သောအခါ သတ်မှတ်ဦးရေ ပြည့်ချိန်တွင် ရှိမည့် နောက်ဆုံးလူ၏ အမှတ်သည် အနိမ့်ဆုံး ဖြစ်၍၊ ထိုနှစ်က ဆေးအမှတ်မြင့်သည်၊ နိမ့်သည်၊ စက်မှုတက္ကသိုလ် အမှတ်မြင့်သည်၊ နိမ့်သည် ဆိုပြီး ဖြစ်လာရခြင်း ဖြစ်သည်။ သို့သော် ဆေးကိုတော့ လူတိုင်းက ပိုလျှောက်ချင်၍ ဆေးအမှတ်သည် နှစ် တိုင်း မြင့်နေလေ၏။

ကျွန်တော်တို့ ကျောင်းမှာလည်း ထိုသဘောအတိုင်းပင်။ EC သည် ထိုအချိန်က ခေတ်အစားဆုံး ဖြစ်၍ နှစ် တိုင်း ထိပ်ဆုံးကပင်။ ဒုတိယနှစ် အောင်မှတ်အမြင့်ဆုံးများသည် EC ယူကြသည်။ ထို့နောက်မှာ Mech နှင့် Civil။

ထိုကဲ့သို့ လိုင်းခွဲမည်ဆိုသောအခါ နှစ်စကတည်းက မပေါ့ရဲကြ။ ပိုဆိုးသည်က မသင်ရခင်ကတည်းက အကြားနှင့် လန့်ခဲ့ရသော ME ဆိုသော ဘာသာရပ်။ Engineering Subject စစ်စစ် တစ်ခုဝင်လာ၍ လန့်သည့်သဘော။ ထိုဘာသာကို ဆရာဦးသန်းဌေးဆိုသည့် ဆရာက သင်သည်။ ဆရာသည် အသင်အပြ ကောင်း၏။ စကားပြောရိုး၏။ စက်မှုတက္ကသိုလ်တွင် (၆)နှစ် တက်ခဲ့ရသည့် ကာလအတွင်း Board ကို ကိုင်တွယ်သည့် နေရာ၌ အကျွမ်းကျင်ဆုံး ဆရာဟု ကျွန်တော်ဆိုချင်သည်။ သူလာလျှင် Board ပေါ်က ရှိသမျှစာ အကုန်ဖျက်လိုက်သည်။ ပြီးမှ Board ကို နှစ်ပိုင်း ပိုင်းရန် အလယ်မှာ မျဉ်းတစ်ကြောင်းဆွဲသည်။ ပြီးလျှင် သူ သင်မည့်စာကို တစ်ပိုင်းစီ ရေးတော့သည်။ ဆရာ၏ မြေဖြူကိုင်ပုံက စီးစီး ပိုင်ပိုင် ရှိလှသည်။ သူရေးသော စာများ ကြည့်ရသည်ကိုက အားလုံး သပ်ရပ်လှပပြီး ရှင်းရှင်းလင်းလင်း။ စာသင်လျှင် မရှင်းတာ မရှိ။

ထိုဆရာနှင့် သင်ရသည့်ကြား လိုင်းခွဲမည်ဆိုသော Pressure ၊ Stress တွေကြောင့် ကျွန်တော်တို့မှာ အပြင်၌ ME ကို ကျူရှင်ယူခဲ့ရသေးသည်။ ထိုမျှ မကသေး။ ဒဂုံမှာ နေသော ကျွန်တော့်အတွက် စာကြည့်ချိန်ပိုရရန် ကျောင်းအဆောင်တောင်းဖို့ပင် ကြိုးစားကြည့်ခဲ့ဖူးသေး၏။ ထိုစဉ်က မော်ကွန်းထိန်း ဆရာဦးသန်းစိန်က ဒဂုံမြို့သစ်သည် ရန်ကုန်စည်ပင်နယ်နိမိတ် အတွင်းပါ၍ ကျောင်းဆောင်မရနိုင်ကြောင်း ကျွန်တော့်ကို ရှင်းပြခဲ့၏။ အဆောင်မရခဲ့။ သည်မှာပဲ မိဘတွေကို ကျွန်တော့်အတွက် အပြင်ဆောင် ငှားပေးရန် ပူဆာမိတော့၏။

ကျွန်တော်တို့သည် ကျောင်းတက်ရင်း ပျော်ချင်သူများဖြစ်၏။ သို့သော် ကျောင်းတက်ရင်းမှပင် စိတ်ရှုပ်စရာ၊ ပူပင်စရာ များစွာကို ရရှိခဲ့သူများ ဖြစ်ခဲ့၏။ ကျွန်တော်တို့ လိုချင်သော ဘွဲ့တစ်ဘွဲ့အတွက် ချွေးစက် များစွာကို ရင်းနှီးခဲ့ရသူများလည်း ဖြစ်ခဲ့ကြ၏။ ။


ဆူးသစ်
၂၀း၃၀နာရီ ၂၃.၁.၂၀၁၁


0 comments:

Related Posts Plugin for WordPress, Blogger...