ဩဂုတ်လထဲက တစ်ရက်မှာ စင်ကာပူက ကျွန်တော်တို့လုပ်ကွက်ထဲမှာ မိုးတွေ ညို့တက်လာတာ တွေ့ရတယ်။ ဒါပေမဲ့ နေ့ခင်းလည်းကျရော မိုးက မရွာဘဲ ပျောက်သွားပါလေရော။ မိုးက ဇူလိုင်လထဲမှာ သည်းကြီးမည်းကြီး တစ်ခါနှစ်ခါ ရွာလိုက်ပြီး နောက်တော့ စင်ကာပူထုံးစံ နေကပြန်ပူ ပါတော့တယ်။ မိုးကိုမျှော်နေကြတဲ့ ကျွန်တော်အပါအ၀င် အလုပ်ထဲက လူတွေအတွက်တော့ အားလျော့စရာပါ။
ကျွန်တော်က ဒီမိုးက ဘာမိုးလဲ မသိဘူး။ မရွာဘဲ မည်းလာပြီး လစ်ပြေးပြီဆိုတော့ အလုပ်ထဲက ကျွန်တော်နဲ့ခင်တဲ့ မြန်မာတစ်ယောက်က အဲဒါ သမုဒယ ၀ါဆိုမိုးလေ ဆိုပြီး နောက်ပါတယ်။ အားလုံးက ၀ိုင်းရယ်ကြတာပေါ့။ သူပြောတာ ဗညားဟန်ဆိုတဲ့ အဆိုတော် ဆိုထားတဲ့ နာမည်ကြီးသီချင်းကိုး။ တစ်ပြိုင်တည်းမှာပဲ ကျွန်တော့်ခေါင်းထဲမှာ မြန်မာပြည်က မိုးနဲ့ ၀ါဆိုလကို သတိရသွားပါတယ်။
ကျွန်တော့် ဇနီးသည်နဲ့ ဖုန်းပြောတဲ့အခါပဲဖြစ်ဖြစ်၊ အိမ်ကို ဖုန်းခေါ်ရင်ပဲဖြစ်ဖြစ် ကျွန်တော့်နားမှာ မိုးသံတွေကြားနေရတယ်။ ဒီနှစ် မိုးကောင်းတယ်လို့ အားလုံးပြောကြတယ်။ ရေတွေလည်း လျှံနေပြီကိုး။ ကျွန်တော် အဲဒီမိုးကိုလည်း ချစ်တယ်။ ဟိုးတုန်းက မိုးတွေရွာပြီဆို ကော်ဖီတစ်ခွက် ဖျော်မယ်။ သောက်မယ်။ စာဖတ်မယ်။ စာရေးမယ်။ ကျွန်တော်တို့ အိမ်ရှေ့က မြောင်းမှာ မိုးရေတွေစီးနေတာကို ငေးမယ်။
ကျွန်တော့်ကို ၀ါဆိုလမှာ မွေးတာ။ ဒါကြောင့်များ ၀ါဆိုလ မိုးရေတွေကြားမှာ ကျွန်တော်ကြည်နူးနေမိ တာများလား။ ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့ ငယ်ငယ်ကရွတ်ခဲ့ဖူးတဲ့ ၀ါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ် ဆိုတဲ့ကဗျာလေးက ကျွန်တော့် နှုတ်ဖျားကို ရံဖန်ရံခါ ရောက်လာတတ်တယ်။
ပြီးတော့ ကျွန်တော်သိနေ၊ရနေတဲ့ သီချင်းတစ်ပုဒ်။ အဲဒီသီချင်းကလည်း ကျွန်တော့်နှုတ်ဖျားကို အလိုလို ရောက်လာတတ်တယ်။
မိုးအုံ့ရင်၊ သစ်ရွက်လေးတွေ ငြိမ်နေရင် တစ်ယောက်ယောက်ကို သတိရနေမိတယ်။ ပုန်းညက်ပန်းတွေလည်း ပွင့်တော့မယ်။ ပြီးရင် ငွေရောင်အဆင်းရှိတဲ့ မိုးစက်မှုန်တွေ ကျဲဖြန့်တော့မှာလေ။
အဲဒီအချိန်မှာ အခန်း ပြူတင်းပေါက်ကနေ လှမ်းကြည့်လိုက်ရင် အိမ်ရှေ့က ခရေပင်မှာ မိုးခိုဖို့ ရောက်လာကြတဲ့ ငှက်ကလေးတွေကို လှမ်းမြင်ရတယ်။ သူတို့ မိုးခိုရင်း စကားတွေ ဖွဲ့တော့မှာပေါ့။ အဲဒီအချိန်မျိုးဆို ခရေပင် ခြေရင်းမှာ စကားပြောဖူးခဲ့ကြတဲ့ ချစ်သူတွေလည်း ဒီလို ရာသီမျိုးကို သတိရနေတော့မှာ။
ဒီလိုအချိန်မှာပဲ ရှစ်ရပ်ရှစ်ခွင် မိုးရိပ်တွေ ဆင်လာမယ်။ မိုးတွေ ခြိမ်းလာမယ်။ ပြီးတော့ မိုးတွေ ရွာလာမယ်။ အဲဒီအချိန် ချစ်သူကို သတိရနေမိမယ်။ ပြူတင်းပေါက်က ငေးနေရင်းမှာပဲ မိုးစက်မိုးပေါက်တွေ မျက်နှာကိုလာစဉ်မယ်။ မိုးစက်လေးတွေရဲ့ အထိအတွေ့။ နူးညံ့နေမယ်။ ဒါ အေးမြတဲ့ မိုးလေ။ ဒါပေမဲ့ မိုးစက်လေးတွေ ငိုတာလား။ ချစ်သူကိုလွမ်းတဲ့သူက ငိုတာလား။ ဘယ်သူသိနိုင်မလဲ။
တံစက်မြိတ်မှာ သစ်ခွပန်းတွေ ပွင့်ပြီ။ မိုးနဲ့အတူ ငွေစံပယ်တွေလည်း လန်းလာပြီ။ သစ်ခွတွေ ပန်ခဲ့သူကို သတိရတယ်။ စံပယ်ရုံတွေဘေးကနေ တစ်ယောက်သောသူကို သတိရတယ်။ အဲဒီအချိန်က ၀ါဆိုရယ်၊ မိုးရယ်၊ အလွမ်းရယ် အားလုံး အချိုးညီညီနဲ့ ပေါင်းထားတဲ့ အချိန်ဖြစ်နေမလားဘဲ။
ဒီလိုခံစားမှုတွေကို သီချင်းတစ်ပုဒ်မှာ သွားမြင်ရတယ်။ ကျွန်တော်ခံစားမိတယ်။ သီချင်းလေးက မြန်မာ ဆန်တယ်။ ရေးသူကလည်း နိုင်မြန်မာ တဲ့။ ဆိုသူက မိုးသက်တင်။ မူရင်းက သူတစ်ယောက်တည်း ဆိုတာပါ။ နောက်တော့ သူ့ရဲ့ မိုးသက်တင်နှင့် ငွေကြယ်ပွင့်တို့ ဆုံစည်းရာ ဆိုတဲ့ အခွေမှာ ဟေမာနေ၀င်းနဲ့ ပြန်တွဲ ဆိုထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မိုးတွေရွာနေတဲ့ ဒီရာသီ၊ ပြီးတော့ ၀ါဆို၊ ပြီးတော့ မိုးရာသီအတွက် အမြဲ ရှိနေတဲ့ ပန်းကလေးတွေ။ ကျွန်တော့်နှလုံးသားမှာ အဲဒီသီချင်းလေးကလည်း အမြဲ ခိုနားနေလေရဲ့။ ခံစားကြည့်ပါဦး။

သားလတ်
၁၂း၂၃ နာရီ
၉.၈.၂၀၁၂
၁၂း၂၃ နာရီ
၉.၈.၂၀၁၂