Tuesday, January 25, 2011

"ဖန်တီးမှု၊ ဖြစ်တည်ချက်၊ သိနိုင်စွမ်းနှင့် ဗင်းဆင့်ဗန်ဂိုး"


ဖန်တီးမှုတွေဟာ
ဖြစ်တည်ချက်မရှိခင်မှာ
ကဲ့ရဲ့ခံရတတ်တာ သဘာဝပဲ ဗန်ဂိုး။

သိပ်ပြီးအေးစက်လွန်းပါတယ်ဗျာ
ဒါတွေဟာဗဟိဒ္ဓကိုမထိခိုက်နိုင်ဘူးဆိုရင်
အဇ္ဈတ္တကိုရော ထူးကဲလာနိုင်ပါ့မလား။

နေကြာပင်၊ ဆိုက်ပရပ်ပင်၊ အိုင်းရစ်ပင်တွေရဲ့ကြားက
ခင်ဗျားရဲ့အနုပညာဖန်တီးမှုဝိညာဉ်
ခင်ဗျားနဲ့ဖြစ်တည်ချင်လျက်အရှုံးပေးခဲ့ရသလား။

ပြောင်းခင်းထဲမှာမျက်လုံးကြီးလန်
ဦးခေါင်းကြီးပွင့်၊ ခြေကားယား လက်ကားယားဖြစ်လို့
အိပ်မက်သစ်တွေမဝေချင်တဲ့ခင်ဗျားအတွက်
အနာဂတ်တွေက ၀မ်းနည်းလျက်ပေါ့။

အားကောင်းတဲ့မီးမောင်းတစ်ခုဟာ
ဘယ်နေရာကျကျ လင်းလင်း
ထင်းခနဲမြင်နိုင်စွမ်းရှိတယ်ဗန်ဂိုး။

ကြည့်စမ်း
ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ပန်းချီကား
ခင်ဗျားရဲ့ဖန်တီးမှုကဖြစ်တည်ချက်
လူတွေရဲ့သိနိုင်စွမ်း
ကျွန်တော်ဝမ်းနည်းသွားတယ်ဗျာ။ ။

သားလတ်
၅.၈.၁၉၉၄

2 comments:

tmm1973 said...

တကယ်တော့ ဗန်ဂိုးဟာ အရှုံးပေးသူတစ်ယောက် မဟုတ်ဘူး
အောင်မြင်စွာ စွန့်ခွါသွားသူသာ ဖြစ်တယ်
ဒေါ်လာသန်းပေါင်းများစွာကို မေ့ပစ်လိုက်ကြပါ
ပြီးပြည့်စုံတဲ့သူ့ဘဝအတွက်
ရူးသွပ်မှု တခုသာ လိုတယ်
တကယ်လို့
ဗန်ဂိုးသာ မရူးသွပ်ခဲ့ရင်
ငါတို့တွေ ဆိုက်ပရပ်ပင်အောက်မှာ
အာလူးစားရင်း ကြယ်စုံညကို ငေးလို့ရမှာမဟုတ်ဘူး။

ဆူးသစ် said...

မင်းတို့ဆီက အဲဒီလို ထွက်လာပါ့မလားလို့ စောင့်နေတာ။ သွင်ကြီးရေ.... ပြောသာပြောတာ၊ အဲဒီလိုဖြစ်မှာကိုတော့ စိုးရိမ်မိသား။ ကိုယ်ဖန်တီးထားတာတွေ သူများမသိဘဲ စွန့်ခွာသွားရမှာကိုလေ......

Related Posts Plugin for WordPress, Blogger...