Friday, January 14, 2011

"ကဒေါင်က"


ကျွန်တော်တို့ အလုပ်ထဲမှာ မြန်မာပြည်က လာလုပ်နေသူတွေရှိပြီး နေရာပေါင်းစုံက ပါသည်။ ရံဖန်ရံခါ အလုပ်အားသည့် အချိန်မျိုးမှာ ကျွန်တော်တို့ စကားစုဖွဲ့ကြရင်း တစ်ယောက်အကြောင်း တစ်ယောက် မေးကြ၊ ပြောကြ သည်။

ကျွန်တော် ရုံးချုပ်၊ Workshop မှာ တာဝန် ထမ်းဆောင်စဉ်က Ular ကျွန်း Project အတွက် ပစ္စည်းများ ထားသော Lay Down Area ကိုပါ တာဝန်ယူရသည်။ တစ်ရက်ကို အနည်းဆုံး တစ်ခေါက်လောက် သွားကြည့်ဖြစ်၏။ ထို Area က မြန်မာ များသည်။ မြန်မာ ကြီးကြပ်ရေးမှူးနှင့်မို့ အဆင်ပြေကြ၏။

တစ်ခါတော့ အလုပ်သိမ်းချိန် ပြန်ခါနီး ကျွန်တော်တို့ စကားစုဖွဲ့ ကြစဉ် မြန်မာ ကြီးကြပ်ရေးမှူးလေးက သူ့အနားမှာ ရှိသော မြန်မာတွေ အကြောင်း ပြောပြ၏။ သူပြောပြ သူများထဲမှာ တစ်ယောက်ကိုတော့ ထူးထူး ခြားခြား မှတ်မိသွား၏။ ပြောပုံကလည်း ကြည့်လေ။

"ဒီကောင်တွေ စရောက်ပြီး သိပ်မကြာဘူး၊ ဘယ်ကလာလဲ၊ ဘာညာဆိုပြီး ကျွန်တော်တို့ မေးတာပေါ့ အစ်ကိုရာ၊ အဲဒါ ဒီကောင်ပေါ့၊ ဘယ်လိုဖြေတယ် မှတ်လဲ"

"အင်း - ပြောပါဦး"

"ကျွန်တော်က သူ့ကို မေးတယ်၊ မင်းကဘယ်ကလဲ ဆိုတော့၊ မန္တလေးကတဲ့၊ ကျွန်တော်ကလည်း သြော် မန္တလေးက လား ဆိုပြီး ကျန်တဲ့သူမေးမလို့ ခဏရပ်နေတုန်းရှိသေး ဒီကောင်က စကားဆက်တယ်၊ မန္တလေးက ဆိုပေမယ့် ကျွန်တော်က မြင်းခြံ ခရိုင်က အစ်ကိုရတဲ့"

ကြီးကြပ်ရေးမှူးလေး ပြောနေသော တစ်ယောက်ကို ကြည့်တော့၊ ပြုံးပြုံး ပြုံးပြုံးနှင့်။ ကျွန်တော် ဆက်နားထောင် သည်။

"ဒါနဲ့ ကျွန်တော်လည်း သြော် - မြင်းခြံ ဘက်ကကိုးလို့ ပြောပြီး ကျွန်တော့်ဘာသာ ဟိုငေး သည်ငေး လုပ်တုန်း ရှိသေး၊ သကောင့်သားက မြင်းခြံဘက်ကတော့ ဟုတ်တယ် အစ်ကို၊ ဒါပေမဲ့ ကျွန်တော်က မြင်းခြံခရိုင် နွားထိုးကြီး မြို့နယ် ကပါတဲ့၊ ကျွန်တော် နည်းနည်းတော့ တင်းလာတယ် အစ်ကို။ ဆက်နားမထောင်ချင်တာနဲ့ သြော်-အေးအေး၊ နွားထိုးကြီး ဘက်ကပဲ ဆိုပြီး ရပ်လိုက်တယ်။ ကျွန်တော် ရပ်ပေမယ့် ဒီကောင်က မရပ်ပါဘူး။"

"ဘာကျန်သေးလို့လဲ"

ကျွန်တော် စိတ်ဝင်တစားနှင့် မေးလိုက်ချိန်တွင် အားလုံး ပြုံးကြ၏။

"နွားထိုးကြီးတော့ နွားထိုးကြီးပဲ၊ ဒါပေမဲ့ ကျွန်တော်က ကဒေါင်က တဲ့။ ဘေးက နားထောင်တဲ့ ကောင်တွေက ရယ် ရော။ ကျွန်တော်က တော့ ပျစ်ပျစ်နှစ်နှစ် တုပ်ထည့်လိုက်တယ်။"

ကြီးကြပ်ရေးမှူးလေးက ရယ်ကျဲကျဲနှင့် ပြော၏။ အလုပ်သမားများက ပြုံးသည်။ ကျွန်တော် သဘောကျစွာ ရယ်မိ ၏။

"ဟုတ်တယ်လေ အစ်ကိုရာ၊ အစကတည်းက ကျွန်တော်က ကဒေါင်ရွာကပါ၊ မန္တလေးတိုင်း၊ မြင်းခြံ ခရိုင်၊ နွားထိုးကြီး မြို့နယ်ကပါလို့ ပြောလိုက်ရင် ပြီးတာပဲ၊ ဟာ - ဗာရာဏသီ ချီနေလိုက်တာ မပြီးတော့ဘူး"

"ကျွန်တော်က အစ်ကိုတို့ မသိမှာ စိုးလို့ပါ" ဟု ကဒေါင်က လူငယ်လေး ၀င်ပြောသည်။ အားလုံး ပြုံးမိပြန်၏။ သူ့ကို ကြည့်တော့ အလုပ်ဆင်းခါနီးမို့ Short Pant၊ ကျောပိုးအိတ်၊ Walking Shoe နှင့်။

တကယ်တော့ ကဒေါင် ဘယ်နားမှာမှန်း ကျွန်တော်မသိပါ။ သို့သော် ကဒေါင်က လူငယ် တစ်ယောက် ကိုတော့ သူ့ အကြောင်းကြားရင်း မှတ်မှတ်ရရ သိခဲ့ရဖူးပါသည်။ ။

ဆူးသစ်
၂၂း၂၂ နာရီ
၁၄.၁.၂၀၁၁



2 comments:

အင်္ဂါဟူး said...

အခုတော့ ကဒေါင် ဘယ်မှာဆိုတာ ရိုးတိုးရိပ်တိပ် သိပါပြီ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဒေါင်က အကြောင်းလေးဖတ်ပြီး ရယ်မောသွားပါတယ်.
ဒီလိုလူမျိုးတွေနဲ့ တကယ်လဲကြုံဖူးပါတယ်.
စကားကို ကွေ့ပတ်ပြောတတ်သူတွေပါဘဲး)

Related Posts Plugin for WordPress, Blogger...