Saturday, January 1, 2011

“ခရစ်နှစ်တစ်နှစ်အတွက်”


၂၀၁၀ခုနှစ်သည် မနေ့က ပြီးဆုံးသွား၏။ သည်နေ့သည် ၁.၁.၁၁ ဟု ရေးနိုင်သော ၂၀၁၁၏ ပထမဦးဆုံးနေ့ ဖြစ်သည်။ ထိုနှစ်များသည် ခရစ်နှစ်ဖြစ်၏။ ကျွန်တော်တို့ မြန်မာများ အတွက် နှစ်ကူးဖြစ်သော တန်ခူးလသည် ထိုခရစ်နှစ်၏ ဧပြီလမှာ ကျရောက်လေ့ ရှိသည်။ မြန်မာနှစ် ကျတော့ သက္ကရာဇ်ဟုခေါ်၏။ သို့သော် လူတချို့ အမှုမဲ့ အမှတ်မဲ့ ရောတတ်သည်။ သက္ကရာဇ် ၂၀၁၁ ရောက်ပြီဟု ဆိုကြ၏။ အမှန်မှာ ခရစ်နှစ် ၂၀၁၁ ရောက်ခြင်းပင်။

ကျွန်တော်လူမှန်း သိတတ်စ အရွယ်မှာ လုပ်တတ်သော အကျင့်တစ်ခု ရှိ၏။ ကျွန်တော့် မွေးနေ့ရောက်တိုင်း ပြီးခဲ့တာတွေ ပြန်သုံးသပ်ကြည့်ခြင်းပင်။ ဘာတွေ လုပ်ခဲ့လဲ၊ ဘာတွေ ဖြစ်သွားပြီလဲ၊ ဘာတွေ မဖြစ်သေးဘူးလဲ၊ ဘာတွေ ဆက်လုပ်ဖို့ လိုလဲ စသည်ဖြင့်။ နောက်တော့ မွေးနေ့သာမက ခရစ်နှစ်ကူး၊ သက္ကရာဇ် နှစ်ကူးများမှာပါ ထိုအကျင့်က စွဲသွားသည်။

နှစ်ကူးတစ်ခု ရောက်တိုင်း၊ မွေးနေ့ တစ်နေ့ ရောက်တိုင်း၊ ကိုယ့် ကိုယ်ကိုပဲ ပြန်သုံးသပ်မိသည်။ Happy New Year ဟု အော်ပြီး တကယ်ကို ပျော်ရွှင်စရာ ကောင်းသော နှစ်သစ်သို့ ကျွန်တော် ရောက်ချင်သည်။ သည် မနက်မှာပင် ကျွန်တော့် အသိမိတ်ဆွေ၊ အပေါင်းအသင်းများထံမှ နှစ်သစ်ကူး Message များ တရဟော ၀င်ချလာသည်။ ကျွန်တော့်မှာ ခင်မင်စရာကောင်းသော မိတ်ဆွေ၊ အပေါင်းအသင်းများ များစွာ ရှိနေပါလားဟု တွေးရင်း ထိုအတွေးကိုပင် သူတို့ဆီ Message ပြန်ပို့ဖြစ်၏။ ပြီးတော့ ဆုတောင်းပေးလိုက်ပါသည်။ ပျော်ရွှင်ဖို့၊ ကျန်းမာဖို့၊ ချမ်းသာဖို့နှင့် ဘေးကင်းဖို့။

ကဲ - ခရစ်နှစ်တစ်ခုထဲသို့ ကျွန်တော်တို့ ရောက်သွားပေပြီ။ ကျွန်တော်တို့မှာ မိသားစု အတွက်၊ လူမျိုးအတွက်၊ တိုင်းပြည်အတွက် လုပ်စရာများ များစွာ ရှိသေး၏။ ဘာတွေ ကျန်သေးသနည်း၊ ဒါကိုတော့ စာဖတ်သူများ၊ ဘလော့ဂါများသာ အသိဆုံး။ တစ်ခုပဲ သတိချပ်ရမည်။ လူတိုင်းက ကိုယ့်အတွက်သာ လုပ်ကြသည်ချည်းသာ။ ကျွန်တော်လည်း အပါအ၀င်ပေါ့။

သို့သော် 'အတ္တ' ဟု ဆိုသည့် မိမိအကျိုးအတွက် ကြည့်ရင်း၊ 'ပရ' ဆိုသည့် အများအကျိုး အတွက်ပါ ဖြည်းဖြည်းချင်း လုပ်ယူသွားလျှင်ဖြင့် ကျွန်တော်တို့ အတွက် များစွာ အဓိပ္ပါယ်ရှိလှပေမည်။

ခရစ်နှစ်များ များစွာ ကျန်ခဲ့ပေပြီ။ နောက်ထပ် ခရစ်နှစ်များစွာ ကျွန်တော်တို့ ဖြတ်ရ ဦးမည်။ လောလောဆယ် မှာတော့ ကျွန်တော်တို့ ရင်ဆိုင်ရမည့် ခရစ်နှစ် တစ်နှစ်အတွက် ဘယ်လို ဖြတ် သန်းမည် ဆိုသည်ကို ပေါ့ပေါ့ ပါးပါး တွေးကြည့်စေချင်သည်။

ပျော်ရွှင်သော နှစ်သစ်ကို ကျွန်တော်တို့ အားလုံး အမှန်တကယ် ရယူနိုင်သည်ဟု ထင်မြင်မိပါသည်။ ။


ဆူးသစ်
၁၉း၃၀နာရီ
၁.၁.၁၁

4 comments:

မိုးယံ said...

အတ္တလေးတွေလျှော့ပြီး ပရ လေးတွေ ပိုမိုပြီး ဆောင်ရွက်နိုင်အောင် ဒီနှစ်မှာ ကျိုးစားမယ်ဂျာ..

စာရေးပေးတဲ့ ဦးလေးလဲ ကျမ်းမာ ချမ်းသာစွာဖြင့် နှစ်သစ်၏ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ပါစေဗျာ

PhyoPhyo said...

ကိုဆူးသစ်ရေ
မင်္ဂလာနှစ်သစ်ပါ၊
အသစ်မှာ လင့်တွေပြန်ဖြည့်နေတာနဲ့၊ တချို့သူငယ်ချင်းတွေလင့် ကျန်နေတာ၊
အခု ပြန်ထည့်လိုက်ပြီနော်၊
ပျော်ရွှင်ချမ်းမြေ့ပါစေရှင်၊
နှစ်သစ်မှာ စာတွေပိုလို့ ရေးနိုင်ပါစေ။
ခင်မင်လေးစားလျှက်

အဖြူရောင်နတ်သမီး said...

မင်္ဂလာရှိသော နှစ်သစ်မှာ် 'အတ္တ' ဟု ဆိုသည့် မိမိအကျိုးအတွက် ကြည့်ရင်း၊ 'ပရ' ဆိုသည့် အများအကျိုးအတွက်ပါ လုပ်ဆောင်နိုင်အောင် ကြိုးစားသွားပါ့မယ်...

HAPPY NEW YEAR ပါ ကိုဆူးသစ်ရေ...

Sunny said...

နှစ်သစ်မှာ စိတ်ကော လူပါ ရွှင်လန်းချမ်းမြေ့ပါစေ..

Related Posts Plugin for WordPress, Blogger...