မနေ့က ( ၂၈.၀၅.၂၀၁၁) မှာ ကျွန်တော့်အလုပ်က အချိန်ပိုဆင်းရသည်။ Project နောက်အသစ်တစ်ခု ကူးပြီမို့ နည်းနည်းတော့ အားထည့်ရ၏။ ရာသီဥတုကလည်း ပူလွန်းသည်မို့ အားလုံးပင်ပန်းကြသည်။
အိမ်ပြန်တော့ Jurong East MRT မှာ ကားက ချပေးနေကျမို့ Jurong East မှာ ဆင်းပြီး MRT ထဲမှာ ရထားအလာ စောင့်နေခဲ့သည်။ ထိုအချိန်မှာပင် ကျွန်တော်နှင့် အတူ စောင့်နေသူများကြား တိုက်တိုက်ဆိုင်ဆိုင် Sport Shirt အစိမ်းရောင်ဝတ်သူတစ်ဦးက ကျွန်တော့်အနားမှာ ရပ်လို့နေသည်။ ကျွန်တော်လည်း သူ့လို Sport Shirt အစိမ်းရောင်ဝတ်ထားသည်မို့ အရောင်ကို သွားသတိထားမိသည်။ ကျွန်တော့်အင်္ကျီ အရောင်က သူ့အင်္ကျီအရောင်ထက် ဖျော့လို့နေပါရော့လား။
စိတ်ထဲကတော့ ဪ-ငါ့အင်္ကျီအရောင် လွင့်နေပြီပဲ။ Project တစ်ခုပြီးလို့ နောက်တစ်ခု ကူးသွားတဲ့အချိန် အင်္ကျီတွေလည်း အရောင်တွေတောင် လွင့်ကုန်ပြီဟု အတွေးဖြစ်သည်။
နောက်တော့ ရထားလာ၍ တက်လိုက်လာပြီး Clementi MRT ရောက်တော့ ဆင်းလိုက်သည်။ Jurong East မှ ကျွန်တော်တက်စီးနေကျ ရထားနေရာသည် Clementi ရောက်လျှင် Escalator နှင့် တည့်တည့် ကျသော နေရာဖြစ်ရာ ရထားရပ်၍ တံခါးဖွင့်သည်နှင့် တန်းထွက်လိုက်ရာ ထိုအစိမ်းရောင် အင်္ကျီနှင့် လူသည် ဘယ်ကထွက်လာမှန်း မသိဘဲ ကျွန်တော့်ရှေ့က ဖြတ်ကာ Escalator မှ ဆင်းလေသည်။
ထိုအချိန်မှာပင် နောက်ထပ်လူတစ်ယောက်သည် ကျွန်တော်နှင့် အင်္ကျီအရောင်တူလူကြား ၀င်လာရာ ကျွန်တော့် ရှေ့မှနေ၍ Escalator ဖြင့် ဆင်းလေသည်။ သို့သော် တိုက်ဆိုင်စွာပင် ထိုလူဝတ်ထားသော အင်္ကျီမှာ ကျွန်တော်တို့လို အစိမ်းရောင် Sport Shirt ပင်ဖြစ်ရာ ကျွန်တော့်မှာ အံ့အားသင့်စွာ ငေးမောရင်း လိုက်ကြည့်မိလေ၏။
ထိုလူ၏ အင်္ကျီအစိမ်းရောင်မှာ ကျွန်တော့်အင်္ကျီ အရောင်ထက် ပိုဖျော့၏။ ထိုအခါ Escalator ပေါ်မှာ စီးနေသော ကျွန်တော်တို့ သုံးယောက်သည် အစိမ်းရောင် Sport Shirt အားလုံးတူညီစွာ ၀တ်ဆင်ထားသော်ငြား ရှေ့ဆုံးက လူသည် အရောင် အတောက်ဆုံး၊ အလယ်က လူသည် အရောင် အဖျော့ဆုံး နှင့် နောက်ဆုံးက ကျွန်တော်သည် အရောင် အသင့်အတင့်ကျန်သော အင်္ကျီများကို ၀တ်ဆင်ထားသည်ကို သွားတွေ့ရလေသည်။
ထိုအခါ၌ ကျွန်တော့်ခေါင်းထဲသို့ အတွေးတွေ ၀င်လာလေသည်။ မူလက Jurong East MRT မှာ ကျွန်တော့်ထက် အင်္ကျီအရောင် တောက်သူကိုတွေ့တော့ စိတ်ထဲမှာ သိမ်ငယ်သလို ခံစားရသည်။ ကိုယ့်အင်္ကျီလေး အရောင်နွမ်းနေပြီကိုး။ ဟော- ဗြုန်းဆို နောက်တစ်ဘူတာ ဖြစ်သည့် Clementi MRT ရောက်တော့ ဓါတ်လှေကား စီးနေရင်းမှာပင် ကိုယ့်ထက် အင်္ကျီအရောင် ဖျော့သည့်လူနှင့် တွေ့တော့ မပျော်မိသော်ငြား ဪ- ငါ့ထက် ပိုဆိုးတဲ့လူ ရှိပါသေးလားဟု ဖြေသိမ့်တွေးလေး တွေးမိ၏။
နောက်တော့ အတွေးက ထပ်ဆံ့သည်။ ရထားဘူတာ တစ်ဘူတာနှင့် တစ်ဘူတာကြားမှာပင် လူ့ဘ၀၏ အပြောင်းအလဲကို မြင်ရ၏။ လောကမှာ ကိုယ့်ထက်သာသူ ရှိ၍ စိတ်အားငယ်စရာ မရှိသလို ကိုယ့်ထက်နိမ့်ကျသူ ရှိ၍လည်း ၀မ်းသာနေစရာမလို။ လူတိုင်းမှာ သူ့နေရာနှင့်သူ ရပ်တည်မှုဆိုတာ ရှိနေပေလိမ့်မည်။ စိတ်အားငယ်ချင်လျှင် ကိုယ့်ထက်အားနည်းသူများ ရှိနေသည်ကို သုံးသပ်ပြီး ဘ၀င်မြင့်ချင်လျှင် ကိုယ့်ထက်သာသူတွေ ရှိနေသည်ကို မမေ့သင့်ကြောင်း အတွေးတွေ ၀င်လာသည်။
ပြီးတော့ ကျွန်တော်တို့ လုပ်ကွက်ထဲမှာ Project Manager က Container ထဲမှာ Computer ဖြင့်၊ Air Con ဖြင့် အလုပ်လုပ်နေချိန်မှာ Safety Supervisor ဖြစ်သည့် ကျွန်တော်က Site ထဲ၊ နေပူကြီးထဲ အလုပ်သမားများ၏ ဘေးကင်းရေးအတွက် လိုက်ပတ်ကြည့်နေရသည်ကို ပင်ပန်းသည်ဟု ထင်ပြီး PM လို သက်သက်သာသာ နေရလျှင် ကောင်းမည်ဟု ထင်နေသော အတွေးက ထိုနေပူကြီးထဲ Cable အကြီးကြီးများကို မနိုင်မနင်း ဆွဲနေရသော အလုပ်သမားများလောက် မပင်ပန်းသေးပါလားဟု သေသေ ချာချာ ပြန်တွေးမိသွား၏။
ရထားဘူတာ တစ်ဘူတာနှင့် တစ်ဘူတာကြားမှာပင် လူ့ဘ၀၏ အပြောင်းအလဲ၊ အတက် အကျကို မြင်ရသေးရာ သံသရာဆိုလျှင် သည်ထက်များစွာ မြင်ရ၊ ကြုံရပေတော့မည်။ ကျွန်တော်တွေ့ဖူး၊ ကြုံဖူး သော်ငြား မေ့သလောက်ရှိနေ၍ သည်တစ်ခါ အတွေးသည် စိမ်းသလိုရှိနေသည်။ အင်္ကျီအစိမ်းများမှ ဖြစ်တည်လာပြီး မရတာ ကြာပြီဖြစ်၍ စိမ်းသလို ဖြစ်နေသော ထိုအတွေးများကို 'အစိမ်းရောင် အတွေးများ' ဟု ကျွန်တော် ဆိုချင်မိသည်။ ပြီးတော့ ကျွန်တော့် အစိမ်းရောင် အတွေးများကို တစိမ့်စိမ့်နှင့် ပြန်လည်သုံးသပ် နေမိပါသေးသည်။ ။

ဆူးသစ်
၁၁:၄၉ နာရီ
၂၉.၅.၂၀၁၁
၁၁:၄၉ နာရီ
၂၉.၅.၂၀၁၁
4 comments:
အစိမ်းရောင်အတွေးများ
တွေးပုံလေးကြိုက်တယ်။
ရေးပုံလည်း ကြိုက်တယ်။
ချမ်းမြေ့ပါစေ။
I really like this post!!!
မစိမ်း၊ တစိမ်းလေးဖြစ်အောင်တော့ တရားစာအုပ်ဖြစ်ဖြစ်၊ တရားနားတာဖြစ်ဖြစ် လုပ်ရမယ်ထင်တယ်။
ဘ၀တွေပေါ့ဗျာ။
Post a Comment