Thursday, May 19, 2011

"အသက်ရာကျော်ရှည်ပါစေ"


မနေ့က ကဆုန်လပြည့်နေ့တွင် စင်ကာပူမှာလည်း Vesak Day ဖြစ်၍ ပိတ်ရက်ရသည်မို့ ကျွန်တော့်ဇနီး ပါရမီဖြည့်ဖက်လေးက ရန်ကုန်ရှိ သူ့အိမ်ကို ဖုန်းဆက်သည်။ သည်လထဲမှာ ဇနီး၏ အဘိုးက အသက်(၈၂) နှစ် နှင့် အဘွားက (၇၉) နှစ်ပြည့်၍ မွေးနေ့အထိမ်းအမှတ်အဖြစ် ကဆုန်လပြည့်နေ့တွင် အိမ်မှာ ဆွမ်းကပ်၍ အလှု လုပ်သည်တဲ့။ ဇနီးကတော့ လူစုံနေချိန်မှ အိမ်ကို ဖုန်းခေါ်မိ၍ အိမ်အလွမ်းမိကာ မျက်ရည်လေး စို့စို့ ဖြစ်နေလေတော့သည်။

လွန်ခဲ့သော တနင်္ဂနွေနေ့ကတော့ ကျွန်တော့်အိမ်ကို ဖုန်းခေါ်စဉ် အမေက အိမ်မှာရှိသော အဖေ့ဘက်က အဘိုး၊ ကျွန်တော်တို့အဘ နေမကောင်းဖြစ်သည့် အကြောင်းပြောပြသည်။ နယ်ခဏပြန်စဉ်မှာ ငံပြာရည်ကြော်စားမိပြီး သီးရာမှ ဘာမှမစားနိုင်တော့ဘဲ ရန်ကုန်ပြန်ခေါ်ခဲ့ရသည်တဲ့။ ဆရာဝန်နှင့် သွားပြတော့ အမေက လိုက်သွားသည်။ စစ်ဆေးပြီး အဖြေထွက်လာတော့ အစာရေမျိုလမ်းကြောင်းကင်ဆာ တဲ့။ ဆရာဝန်ကတော့ အစာစားမရတော့တာသိ၍ ပိုက်တွေ၊ ဘာတွေနှင့် အစာသွင်းကာ ဓာတ်ကင်ဖို့ ဘာညာ ကြိုးစားဖို့ မေးသေးသည်တဲ့။ သို့သော် အဘ အသက်က ထိုသို့ ခံနိုင်စွမ်းရှိမှာ မဟုတ်တော့။ (၈၄) နှစ် ရှိချေပြီ။

အဘကလည်း သူ့ကိုယ်သူ သူသိသည်ထင်၏။ မရလျှင်တော့ နယ်ပြန်မည်ဟုဆိုကာ ပြန်လိုက်ပို့ခိုင်းသည်။ သူ့ဇာတိပေကိုး။ သည်တော့ အဖေလည်း မနေသာတော့။ အဘစိတ်ချမ်းသာအောင် နယ်မှပါလာသော သူ့ညီနှင့် ပြန်ထည့်လိုက်ရသည်။ အဘ သတင်း ကြားကြားချင်းညက အဖေ ငိုသည်ဟု ကျွန်တော့်ကို အမေက ဖုန်းထဲမှာ ပြောပြသည်။ အဖေ ငိုမှာပေါ့ ဟု ကျွန်တော်တွေးရင်း ကျွန်တော်လည်း အမေနှင့် ဖုန်းအပြတ်မှာ ငိုမိသေးသည်။

အဖေက သူ့အဖေ ဆုံးတော့မှာမို့ ငိုခြင်းဖြစ်သည်။ ကျွန်တော်ကတော့ တခြားအကြောင်းတွေရှိနေသည်။ အဘအိမ်မှာနေစဉ်က ကျွန်တော့်အလုပ်အကိုင် သိပ်အဆင်ပြေလှသည် မဟုတ်။ သည်တော့ အဖေတို့ အိမ်မှာ တင်ကျွေးထားရုံနှင့် ကျွန်တော်တို့ အနေသာကြီး ဆိုသည့် သဘောမျိုးဖြင့် စကားပြောရုံသာ တတ်နိုင်ခဲ့သည်။ သည်တုန်းက အဘကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်။ လှစ်ခနဲဆို ဘယ်ရောက် သွားမှန်းမသိအောင် လမ်းကလည်းလျှောက်လိုက်သေး၏။

ယခု ကျွန်တော် အဝေးရောက်၊ ၀င်ငွေလေး နည်းနည်းရပြီဆိုမှ အဘက ကောက်ကာ ငင်ကာ ရောဂါက ကြီးနေတော့သည်။ ပထမတစ်ကြိမ် အိမ်ပြန်စဉ်က အဘ ၀တ်ဖို့ စပို့ရှပ်တစ်ထည် ၀ယ်သွားပေးဖူးသည်။ ပက်လက်ကုလားထိုင်မှာထိုင်ရင်း သဘောတွေကျနေတာမြင်တော့ ကျွန်တော်ပြုံးမိသေးသည်။ ပြီးလျှင် သူဝတ်မှာမဟုတ်။ သပ်သပ်ရပ်ရပ်ခေါက်ကာ တစ်နေရာရာမှာ သိမ်းတော့မည်ကို သိနေ၍ပင်။

ပြန်စဉ်းစားတော့ အဘခုလိုဖြစ်ချိန်မှာ ကျွန်တော်က အဝေးမှာ။ ပြီးတော့ နှစ်ဖက်မိဘများမှာ အဘသည် နောက်ဆုံး အဘဖြစ်၏။ ကျွန်တော်တင်ခဲ့သော 'ရာဇ၀င်ထဲက စလွယ်ဝင်အိုး' ဆိုသည့် သီချင်းခံစားမှု ပို့စ်ထဲမှာ ပဲခူးရိုးမ တောင်ခြေက ရွာလေးတစ်ရွာမှာ အဘတို့ အိမ်ထောင်ကျ ခဲ့သည်ဟု ရေးခဲ့ဖူးသည်။ ထိုကစခဲ့သည့် ဘ၀များစွာ။ ယခု ကျွန်တော် စင်ကာပူ ရောက်နေလေပြီ။ အဘသည် စင်ကာပူကို ဘာမှန်းသိမှာမဟုတ်။ သူသိသည်က ပဲခူးရိုးမတောင်ခြေက ရွာကလေးကိုဖြစ်သည်။

သို့သော် ထိုရွာကလေးကနေ အဖေတစ်ယောက် ပညာတတ်ကြီးဖြစ်ခဲ့သည်။ ယခု အဖေ့သား၊ အဘမြေး ကျွန်တော်သည် နိုင်ငံခြား ဆိုတာကြီးကို ရောက်ပြီး ငွေရှာနေသည်။ အဘသည် အဖေတို့ ပြုစု စောင့်ရှောက် မှုကို ကျေနပ်စွာ ရရှိ နေ၏။ ကျွန်တော်သည် အဖေတို့ကို စောင့်ရှောက်ရင်း အဘကို သွယ် ၀ိုက် စောင့်ရှောက် နေမိသလို ခံစားရ၏။

ထိုအချိန်ပိုင်းလေးမှာပင် အဘသည် လူ့လောကကြီးကို နှုတ်ဆက်ရတော့မည်တဲ့လား။ ကျွန်တော် သူ့အနားကို ရုတ်တရက် မပြန်နိုင်ခဲ့။ ကျွန်တော်တို့အတွက် ကျေးဇူးရှိသော၊ ကျွန်တော်တို့၏ နောက်ဆုံး အဘ အတွက် ကျွန်တော် တတ်နိုင်တာလေး တစ်ခုတော့ လုပ်ပေးခဲ့သည်။ အဘ လှူချင်တာ လှူ၍ ရအောင် ငွေလှမ်းပို့ပေးခဲ့ပြီး ကျောင်းဆောက်သည့်အထဲ၊ ဘုရားတည်သည့် အထဲ ဒါမှမဟုတ် အဘ စိတ်တိုင်းကျ ဘုန်းကြီး ဆွမ်းကပ်၍ လှူချင်လည်းလှူပါဟု ဆိုကာ လှမ်းပြောခဲ့သည်။ ငယ်သူငယ်ချင်း ဆရာဝန်တစ်ယောက်ကို လှမ်းမေးတော့ Oesophageal CA ဟု ပြောသည်။ တခြားနည်းတွေ ကြိုးစား ဖို့ပြောတော့ မူလကုပေးသည့် ဆရာဝန် ပြောသလို ရှင်းပြခဲ့သည်။ သူ့ကို စိတ်ချမ်းသာသလို ထားဖို့ပဲ ရှိတော့တယ်ဟု ဆိုသည်။ ကျွန်တော်လုပ်ပေးခဲ့သည် ကိုလည်း ကောင်းတာပေါ့ဟု ဆိုသည်။ မည်သို့ဆိုစေ စိတ်ထဲမှာတော့ မကောင်းနိုင်တာ အသေအချာ။

သည်ကြားထဲ တိုက်တိုက်ဆိုင်ဆိုင် မနေ့က ဇနီးသည်၏ အဘိုးနှင့် အဘွား မွေးနေ့ အလှူလုပ်သည်ဟု ကြားတော့ အဘကို ပိုလို့ သတိရမိသေးသည်။ ဇနီးက သူ့အိမ်လွမ်းလို့ ငိုတာတစ်မျိုး။ ကျွန်တော်က အဘကို သတိရပြီး စိတ်မကောင်း ဖြစ်တာက တစ်မျိုးနှင့်။ မနေ့က နေရထိုင်ရ တော်တော်ခက်လှသည်။

နောက်ဆုံးတော့ မနေ့က ကဆုန်လပြည့်နေ့မို့ နေ့ထူးနေ့မြတ်ပါလား ဟုတွေးရင်း စိတ်ဖြေရတော့သည်။ ဟုတ်သည်လေ။ ဂေါတမဘုရား ဗျာဒိတ်ခံသောနေ့၊ ဘုရားဖွားတော်မူသောနေ့၊ ဘုရားဖြစ်တော် မူသောနေ့ နှင့် ဘုရား ပရိနိဗ္ဗာန်စံတော်မူသောနေ့ တို့သည် ထို ကဆုန်လပြည့် တစ်နေ့ထဲမှာ ဖြစ်သည်။ သည်လို ဆင်ခြင်မိတော့ သြော်-ဘုရားရှင်တောင်မှ မွေးဖွားပြီး ပရိနိဗ္ဗာန်ပြုရသေးတာပဲဟု တွေးကာ အဘတို့၊ ငါတို့လို ပုထုဇဉ်တွေ အဖို့ကတော့ ပြောစရာကိုမရှိတော့ပါလား ဟု သုံးသပ်မိတော့၏။

သည်လိုနှင့်ပဲ ဇနီးသည် ဘက်က အဘိုး၊ အဘွားများအတွက်ရော၊ ကျွန်တော့်ဘက်က အဘအတွက်ရော ရည်စူးကာ ကဆုန်လပြည့်နေ့၌ ဆုတစ်ဆု တောင်းခဲ့မိလေသည်။ တခြားတော့မဟုတ်။ ကျွန်တော်တို့ အပေါ်တင်ရှိနေသော ကျေးဇူးတရားများကို ပြန်လည်ပေးဆပ်နိုင်စေဖို့ အဘိုးအဘွားတို့ အားလုံး "အသက်ရာကျော် ရှည်ပါစေ" ဆိုသော ဆုတောင်းလေးပင်။

ကျွန်တော်ကတော့ မြေးတစ်ယောက် အနေနှင့် ရရာ ကောက်ရိုးတစ်မျှင်ကို ဆွဲကြည့်သည့် သဘောပါ။ သို့သော် ကုမရတော့သည့် အဘ အတွက်တော့ ကျွန်တော့် ဆုတောင်းကို မကြားနိုင်တော့သလို အသက်ရာကျော်ဖို့ မပြောနှင့်။ ရှစ်ဆယ့်လေးမှသည် ရှစ်ဆယ့်ငါးတိုင်အောင် ကူးနိုင်တော့မည် မထင်တော့ပါ။

ဘယ်လိုပဲဖြစ်ဖြစ် အဘ လူ့လောကကို မစွန့်ခွာမချင်း၊ ထိုဆုတောင်းလေးကို အမြဲတောင်းနေမိမည်ကတော့ အသေအချာပင်။

"အသက်ရာကျော် ရှည်ပါစေ အဘရေ"

ဆူးသစ်
၂၃:၄၃ နာရီ
၁၈.၀၅.၂၀၁၁

3 comments:

Angelhlaing(May everybody be happy and healthy! said...

ညီမလေး အသက်(၂၅)ထဲမှာတောင် စုံနေတာပဲ အဟီးးး (၈၅)ဆိုတာ ..တော်တော်လေး ဝေးလှပါတယ်အကို....:):)

လင်းခေတ်ဒီနို said...

ကင်ဆာ တဲ့ အခုထိ မတွန်းလှန်နိင်သေးပါလားး(

ကင်ဆာဆိုတဲ့ အသံကြားရင် လူငယ် လူကြီး မရွေးဘူး ဆိုတာ နားလည်မိတယ်း(

ကင်ဆာဆိုတဲ့ အသံကြားရင်း လူချစ်ခင်ကြီး အဘကျောက်ကို လည်း သတိရမိတယ်း(

ခင်မင်လျှက်
ဗညားရှိန်

ချစ်ခြင်းအလင်္ကာ said...

အကို့ရဲ့ပိုစ့်ကိုဖတ်ပြီးချိန်မှာ.........တစ်ဦးတည်းသော..အသက်၈၀ ကျော်အဘိုးကိုသတိရမိလို့မျက်ရည်တောင်ကျမိပါတယ်..အကို...
ကြိုးစားနေဆဲဘ၀မှာ..အောင်မြင်မှု့တွေကိုအတူဝမ်းသာနိုင်ဖို့..အဘိုးအသက်ရာကျော်ရှည်ပါစေ...

Related Posts Plugin for WordPress, Blogger...