Saturday, September 25, 2010

"တောင်သမန်စခန်းက အလွမ်းရာဇ၀င်"

မလွမ်းတတ်သူ ဘယ်မှာရှိပါလိမ့်
တကယ်သာသိလျှင် မဖြေသိမ့်နိုင်ဘု
အခြေနိမ့်သူ သေမိန့်ခံ အမှောင်စံကာ
ထောင်နံရံအခန်းကျဉ်းထဲ လွတ်လမ်းမမြင်ရှာတဲ့
တောင်သမန်စခန်းက အလွမ်းရာဇ၀င်။

ဒိုင်းခင်ခင်ငယ်စဉ်နေ့တွေကတည်းက
ရင်အသည်းပြည့်စွာ ချစ်လာခဲ့သူအတွက်
ကိုယ့်အရှင်သခင်လက်ဆက်ဖို့
တမင်သက်သက် ရင်ကိုခွဲကာ
အကြင်နာပိုတာ အဝေးကိုပစ်လို့
အဆွေးကိုချစ်ခဲ့ရတဲ့ စာဆိုရှင်။

ငယ်မွေးကျွန်ခြံပေါက်တစ်ပါးရယ်ကြောင့်
မြှောက်စားကာ ရှေ့တော်သွင်းပါလို့
ခြေရင်းမှာခစားခိုင်းကာ
အလှတစ်ပါးကို အနားခေါ် သဘောပျော်မွေ့တာက
(သီပေါဆိုတဲ့)ရေမြေ့သနင်း ရွှေနန်းဘုရင်
ခြေလှမ်းမြင်သူက စုဖုရားလတ်။

အမှုအသွားမတတ်ပါဘဲ
ပြုထားသမျှစေရာခံရသူ ဒိုင်းခင်ခင်မှာဖြင့်
အရိုင်းမှအယဉ်ဝင်မယောင် အပျိုတော်အစမှာ
ဘ၀သာအောင်တင်ပေးသူချစ်ရင်းစွဲ တစ်ယောက်ရယ်ကြောင့်
မြတ်နိုးစွာဘုန်းရှင်အရိပ်ခိုပါလည်း
စိတ်တိုကာဆတ်ဆတ်ကြဲသူ မိဖုရားခေါင်တစ်ပါးရဲ့
ချစ်ဇောမာန်စိတ်ဓာတ်ကြွားကာ
အရိပ်မြတ်က အဝေးကိုနှင်ခိုက်နှင့်ကြုံတာကြောင့်
တောင်သမန်လယ်စား စာဆိုရှင်မောင်ဖေငယ်လည်းမကယ်နိုင်
တူပြိုင်ပြိုင် အသက်ဆုံးစီရင်ခံရတာဖြင့်
ရင်နင့်စရာအလွမ်းဇာတ်ခရီးပါပဲ
သံသရာသည်ဝဲမှာပြန်ပြီးတွေ့ရင်တော့
မမေ့စရာသည်အဖြစ်မျိုးတွေလဲ
အသစ်တိုးကာ ရင်မဆိုင်ရပါစေနဲ့လို့
အပျော်ပိုင်ကာ အလွမ်းပြတ်စေကြောင်းကို
(ကျွန်တော်တော့လေ.................)
ဆုတောင်းနေတတ်။ ။

သားလတ်


(ဆရာမကြီး ဒဂုန်ခင်ခင်လေး၏ စာဆိုတော် ၀တ္တုမှ '' သီပေါဘုရင် '' '' မိဖုရားကြီး စုဖရားလတ် '' သီပေါဘုရင်၏ လက်ရင်းကျွန် အပါးတော်မြဲ တောင်သမန်လယ်စား '' စာဆိုရှင်မောင်ဖေငယ် '' နှင့်
'' ဒိုင်းမင်းသမီး ခင်ခင်ကြီး '' တို့၏အဖြစ်ကို ၀င်စား၍ ရေးဖွဲ့ပါသည်။)



(၁၉၉၇ခုနှစ်၊ သန်မြန်သူမဂ္ဂဇင်း)

0 comments:

Related Posts Plugin for WordPress, Blogger...