Wednesday, October 6, 2010

ဆောင်းဦးရဲ့တစ်ရက်တော့ငိုပါ

' မလွယ်ပေမယ့်××××ကိုယ်တစ်ယောက်တည်း××××၀င်လာခဲ့တဲ့လောကကြီးမှာ×××××ဒီအချိန်
ကိုယ်တစ်ယောက်တည်း××××အသည်းကွဲလို့ကျန်ခဲ့လည်း×××အချစ်ရာ×××
ကမ္ဘာမှာနောက်နေ့သစ်တွေ '
' လာမှာပဲ×××သဘာဝထဲ××××လွန်ဆန်ခွင့်မရှိတဲ့နှုတ်ဆက်ရခြင်းတွေ××××
ကြိုတင်မမြင်နိုင်တဲ့××××အပြောင်းအလဲများကြုံတော့လည်း×××အချစ်ရာ×××မြင်လား '
' ကမ္ဘာဟာသူ့အချိန်အတိုင်းသူလည်ပတ်ဦးမှာပါ×××ဆောင်းနွေမိုးတွေမလွတ်တမ်း
ရောက်လာနေကျ×××တကယ်တို့ဝေးရင်တစ်ရက်တော့ငိုကွာ
ကိုယ်စီအသက်ရှင်ရမယ်မပျော်လည်းတို့ဘ၀တွေမှာ××××ကြုံမယ်တစ်နေ့တာဝတ္တရားများရှိတဲ့အချိန်မှာ
××××တကယ်တို့ဝေးရင် တစ်ရက်ပဲမင်းငိုပါ '

ထိုသီချင်းသည် ဆောင်းဦးလှိုင်ရေး၍ သူပဲသီဆိုထားသောသီချင်းဖြစ်သည်။ သူ့ဆယ်နှစ်မြောက် ဂီတမှတ်တမ်း မှာတော့ မို့မို့နှင့်ပြန်တွဲဆိုထားသည်။

လူတိုင်းတစ်ကြိမ်တော့ချစ်ဖူးကြလိမ့်မည်။ ထိုတစ်ကြိမ်နှင့် အဆင်ပြေသွားနိုင်သလို၊ ထိုတစ်ကြိမ်မှာ လွဲချင်လွဲ၊ နောက်အကြိမ်မှာအဆင်ပြေ၊ ထိုအကြိမ်မှာလွဲ၊ နောက်အကြိမ်ပေါင်းများစွာမှာလည်းလွဲ စသည်ဖြင့် ကြုံဖူးပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ကိုယ်တစ်ကယ်ချစ်သူတိုင်းအပေါ်မှာတော့ စေတနာဆိုသည်ကို လူတိုင်းထားခဲ့ကြသည်။

သူစိတ်ချမ်းသာစေချင်၍၊ သူဘာဖြစ်စေချင်၍ စသည်ဖြင့် ချစ်သူတိုင်းစွန့်လွှတ်မှုနှင့်ကြုံရပါက တကယ်ချစ်သောသူအတွက် မေတ္တာထားသလို၊ စေတနာထားကြသည်။ သည်သီချင်းမှာထားသော စေတနာက တစ်မျိုးဖြစ်သည်။

လူတစ်ယောက် လောကထဲတွင် ခက်ခက်ခဲခဲလျှောက်လှမ်းရင်း ၀င်လာခဲ့သည်။ ထိုသို့ခက်ခဲခဲ့၊ ခက်ခဲ နေသည့်ကြား၊ အသည်းကကွဲတော့မည်။ ထိုအချိန်သည် သူ့အတွက်မလိုချင်ဆုံး အချိန်တစ်ချိန်ဖြစ်လိမ့်မည်။ ကံဆိုးသူ တစ်ယောက်အတွက် ကံမကောင်းနိုင်သေးသည့်သဘောက ရင်နာစရာ။

သို့သော် သူကြိုးစားဖြေသိမ့်ကြည့်သည်။ သူအသည်းကွဲသည်က သည်နေ့။ ကမ္ဘာမှာနောက်ထပ် နေ့သစ်များစွာရှိနေသည်။ ထိုနေ့သစ်များကြား သူဖြတ်တော့မည်။ အားလုံးသည် တစ်ချိန်မဟုတ်တစ်ချိန်မှာ နှုတ်ဆက်ကြရမည်။ လူတိုင်းကြိုတင်၍ မမြင်နိုင်သော အပြောင်းအလဲများကို သူလည်းကြုံရမည်။ သည်အတွက် သူ့ကြေကွဲမှုသည် သူ့ချစ်သူကိုမထိခိုင်စေချင်။ သူ့ချစ်သူရောသူ့လိုမြင်ပါ့မလား။ သူစိတ်ပူသည်။

ထို့နောက် သူနှင့်ဝေးသွားချိန်တွင် ချစ်သူမည်သို့နေရမည်ကို သူမှာလိုသည်။ ကမ္ဘာသည် သူ့အချိန်အတိုင်းသူ လည်ပတ်နေမည်။ နွေ၊မိုး၊ဆောင်းလည်း ပြောင်းလဲနေဦးမည်။ နေ့စဉ်ဝတ္တရားများရှိသည့်ကြားမှာ မပျော်သည့်တိုင် အသက်ရှင်ရပ်တည်ရဦးမည်။ သည်အတွက် ငိုချင်လျှင်တောင် ရက်အများကြီးမငိုစေချင်။ တစ်ရက်တည်းသာငိုစေချင်သည်။

နောက်ဆုံး၌ သူပြောချလိုက်သည်။ ' တကယ်တို့ဝေးရင်တစ်ရက်တည်းမင်းငိုပါ ' တဲ့။ ချစ်သူပင်ပန်းမှာ စိုးသည့်စကား။ မေတ္တာရော၊ စေတနာရောပါသည့်စကား။ ချစ်သူစစ်စစ်တို့၏ကြားမှာ ပြောသင့် ပြောထိုက်သည့် စကားကို ပြောခဲ့ခြင်းဖြစ်သည်။ သူ့ချစ်သူနားလည်နိုင်ပါ့မလား။

ထိုသီချင်းကိုနားထောင်တိုင်း ချစ်သူတို့၏စေတနာ၊ မေတ္တာဆိုသည်ကို နားလည်မိသည်။ ခံစားမိသည်။ ခေါင်းစဉ်ကပင် ' တစ်ရက်တော့ငိုပါ ' ဟုဆိုသည်။ ချစ်သူတိုင်းကို ရက်များစွာကြားမှာ ငိုနေမှာ ကျွန်တော်လည်း မလိုလား။ ဆောင်းဦးလှိုင်လည်း မလိုလား။ စာဖတ်သူရော လိုလားပါ့မလား။

သည်မျှဆိုလျှင် ထိုသီချင်းကို ကျွန်တော်ခံစားမိသောသီချင်းများထဲမှ တစ်ပုဒ်အနေဖြင့် ဖွင့်ဆိုလိုက်ခြင်းကို နားလည်ပေးလိမ့်မည်ဟု ထင်ပါသည်။ ကျွန်တော်ကတော့ အမှန်တကယ် နှစ်ခြိုက်မိသော ကိုယ်ပိုင်သံစဉ် သီချင်းဖြစ်၍ ဂီတာတီးတိုင်း ထိုသီချင်းကို အမြဲလိုဆိုဖြစ်နေပါသည်။ ။




1 comments:

Anonymous said...

စာဖတ်သူ ကျွန်မကိုယ်တိုင်လဲ တစ်ရက်ပဲ လုံလောက်စွာ
ငိုချင်ပါတယ်ရှင်။ တော်ပြီပေါ့။ မနက်ဖြန်များစွာကို
ငိုကြွေးခြင်းတွေနဲ့ ဖြတ်သန်းဖို့ ကျွန်မမှာ တကယ်အားမရှိပါ။ :) ။ အရမ်းကို သဘောကျမိတဲ့စာသားများနဲ့ သီချင်းလေးပါ။ နားထောင်ရင်း..သဘောကျရင်း..ခေါင်းလေး တညိတ်ညိတ်နဲ့ စာဖတ်သူ ကျွန်မ ပြန်သွားပြီနော်။
ပျော်ရွှင်ပါစေရှင်...ခင်မင်မှုများနှင့်.ခင်မာလာအောင်..:)

Related Posts Plugin for WordPress, Blogger...