Saturday, October 9, 2010

ကျွန်တော်ခဏခဏရောက်ဖြစ်သောဘုရားကျောင်း

ကျွန်တော် စက်မှုတက္ကသိုလ် ဒုတိယနှစ်တက်နေစဉ်ကာလတွင် မြန်မာတစ်ပြည်လုံးမည်သို့မျှ ထိန်းမရအောင် ပေါက်ခဲ့သော သီချင်းခွေတစ်ခွေရှိပါသည်။ ထိုအခွေကြောင့်ပင် တချို့ပေါက်ပြီးသား အဆိုတော်များ၏ သီချင်းခွေသစ်များပင် ' အ ' သွားရသည်။ ဟိုးထင်ခုတ်သွားသည့် တောကြီး မျက်မည်းထဲမှ ကက်ဆက်လေးမှသည် မြို့ကြီးပြကြီး၏တိုက်ခန်းများဆီမှစက်များအဆုံး ထိုအခွေထဲမှ သီချင်းသံများက ဖုံးလွှမ်းထားသည်။ အထူးသဖြင့် ' တို့ကတော့..........တို့ကတော့ ' ဆိုသောအသံ။ ထိုအခွေသည် ' ဗဒင် ' ၏ ' နေရာ ' သီချင်းခွေ။

ကိုယ်ပိုင်သံစဉ်သီချင်းအေးအေးလေးများ ကြိုက်တတ်သော ကျွန်တော့်အတွက် ' ဗဒင် ' ၏ သီချင်းများသည် အများနည်းတူ နားထဲမှတစ်ဆင့်ရင်ထဲသို့ စီးဆင်းသည်။ ထိုသီချင်းများထဲမှာ ဗုဒ္ဓဘာသာဝင်ဖြစ်သော ကျွန်တော်လည်း အများလိုပင် ဘုရားကျောင်းသီချင်းကိုခံစားတတ်ခဲ့သည်။ သီချင်းခေါင်းစဉ်က " သိုးမည်းတွေအကြောင်း ' ။ ဗဒင်ရေး၍ သူပဲဆိုသည်။

'' ဘုရားကျောင်းလည်းမင်းကမတက်တာအတော်ကြာပြီ××××××အပေါင်းအသင်းများစုမိတဲ့အခါ××××
ငယ်စဉ်ကအကြောင်းတွေ×××ပြန်ပြီးပြောဖြစ်တယ်ဆို××××မင်းသတင်း၊မင်းနာမည်၊မင်းအကြောင်းများ
ရောက်လာရင်×××ပြောရင်းစိတ်ထိခိုက်တယ်××××မင်းကတော့တို့နဲ့ပါမလာဘဲအမှောင်ထဲမှာ
ဆက်လျှောက်နေဆဲ××××× ''

ခရစ်ယာန်ဘာသာဝင်တို့သည် သူတို့ဘုရားကျောင်းကို တနင်္ဂနွေနေ့တိုင်း တက်လေ့ရှိသည်ဟု သိရသည်။ ထိုတနင်္ဂနွေမှာပင် အားလုံးဆုံမိကြသည်ဟုဆိုသည်။ ထိုသို့ဆုံမိချိန်၌ သူငယ်ချင်းများ ပြောကြသည့် အကြောင်းအရာများကြားတွင် လူတစ်ယောက်၏အကြောင်းက ပါစမြဲဖြစ်သည်။ သူငယ်ချင်းများ ပြောဆိုရင်း ထိုလူ၏အကြောင်းကို ရောက်လာချိန်တွင် အားလုံး၏ရင်၌ စိတ်ထိခိုက်ရသည်။ ထိုလူသည် ဘုရားကျောင်းက သူငယ်ချင်းများနှင့် ရှိမနေဘဲ အမှောင်ထဲတွင် ရှိနေဆဲဖြစ်သည်။

'' Sunday School အခန်းထဲမှာခင်လာသူ××××ခုထက်ထိမှတ်မိသေးတယ်×××စာဆိုလည်း
မင်းကတော်တယ်×××ဆရာ၊ဆရာမချစ်တဲ့သူရယ်×××ကြီးပြင်းလို့တို့တွေအတူတူ×××
လောကရဲ့လမ်းတွေအပေါ်××ဆိုးကြမိုက်ကြရင်းနဲ့××××ရုန်းထွက်တော့မင်းကပါမလာဘဲ×××
အမှောင်ထဲမှာဆက်လျှောက်နေဆဲ ''

ဘုရားကျောင်းမှာ သူတို့အားလုံး သူငယ်ချင်းဖြစ်ခဲ့ကြသည်။ သူတို့နှင့်ပါမလာသော ထိုလူသည် ငယ်စဉ်က စာအလွန်တော်ပြီး ဆရာ၊ ဆရာမချစ်သောသူဖြစ်သည်။ သို့သော် လောက၏သဘာဝအတိုင်း ငယ်ရာမှ ကြီးပြင်းလာချိန်တွင် သူတို့အားလုံး ဆိုးခဲ့၊ မိုက်ခဲ့ကြလေသည်။ ထိုသို့ဆိုးတေနေရာမှ ပြန်လည်ရုန်းထွက်ချိန်၌ စာတော်သော၊ ဆရာ ဆရာမချစ်သော ထိုသူသည်ပါမလာတော့။ ထိုလူကား အမှောင်ထဲမှာပင် ပျော်မွေ့နေပြီလားမသိ။

''တို့ကတော့တို့ကတော့တို့ကတော့×××ဘုရားကျောင်းထဲပြန်ရောက်တဲ့အချိန်×××
မင်းကတော့ဝေး...ဝေးနေ နေဆဲ
တို့ကတော့တို့ကတော့တို့ကတော့××××ဝေးဝေးကနေဆုတောင်းပေးမယ်×××
ရုန်းထွက်လို့လွတ်မြောက်နိုင်ပါစေ×××မင်းဆိုးလို့ဝရင်×××မင်းမိုက်လို့ဝရင်×××
ဘုရားကျောင်းထဲမင်းလည်းလိုက်လာနော်သိုးမည်းဟောင်းကြီးတွေ×××
ပြေးထွက်လာပြီးမင်းကိုကြိုနေမယ်×××''

တစ်ချိန်ကမိုက်ခဲ့သူများ ဘုရားကျောင်းမှာ ငြိမ်းအေးနေချိန် ထိုလူကားအဝေးမှာရှိနေသည်။ ထို့ကြောင့် ဘုရားကျောင်းထဲမှသူများက ထိုလူအမှောင်ထဲမှ လွတ်မြောက်စေရန် ဆုတောင်းပေးနေကြသည်။ အကယ်၍ ဆိုး၍ တေ၍ ၀ချိန်တွင် ဘုရားကျောင်းသို့လိုက်လာခဲ့ပါဟု သူတို့ကဆို၏။ သူတို့ကိုယ်သူတို့ သိုးမည်းဟောင်းကြီးများဟု ဆိုသည်။

ခရစ်ယာန်ဘာသာဝင်တို့က လူကောင်းကိုသိုးဖြူ၊ ဆိုးမိုက်သူကို သိုးမည်းဟုခေါ်ကြသည်ဟု ကျွန်တော် မှတ်သားဖူးသည်။ ယခု ' ဗဒင် ' ပြောသော သိုးမည်းဟောင်းကြီးများဆိုသည်က တစ်ချိန်ကသူတို့သည် ဆိုးဖော် ဆိုးဖက် တေဖော်တေဖက်များဖြစ်၍ ဤသို့ဆိုလိုက်ခြင်းဖြစ်သည်။ သူတို့၏သူငယ်ချင်း ဘုရားကျောင်းသို့ ပြန်လာလျှင် ထိုသိုးမည်းဟောင်းကြီးများက အပြေးထွက်၍ ထိုလူကိုကြိုမည်ဟု ဆိုသည်။

'' ဘုရားကျောင်းရှေ့လမ်းမကြီးပေါ်ငါကိုယ်တိုင်××××မူးမူးနဲ့ဆေးလိပ်လေးဖွာ×××အိမ်ပြန်မလို့
လမ်းလျှောက်လာစဉ်×××ဒီနေ့ပွဲတော်ဆိုတာဘုရားကျောင်းကထွက်လာသူတွေ×××
တွေ့လိုက်မှသိလာစဉ်××××အရမ်းပဲဝမ်းနည်းသွားပြီ×××ရုန်းထွက်ဖို့ဆုံးဖြတ်တာတွေလည်း××××
ငါမင်းကိုပြောပြချင်တယ် ''

ဗဒင်တစ်ယောက် ဘုရားကျောင်းရှေ့လမ်းမကြီးပေါ်တွင် ခပ်ထွေထွေဖြင့် လမ်းလျှောက်နေသည်။ ဆေးလိပ်ကိုလည်း ဖွာနေသေးသည်။ အမှန်တော့သူအိမ်ပြန်မလို့ဖြစ်သည်။ ထိုအချိန်တွင် ဘုရားကျောင်းမှ ထွက်လာသူများကိုမြင်ပြီး သူအလန့်တကြားဖြစ်သွားသည်။ သူတို့ဘုရားကျောင်းမှာ ပွဲတော်ရှိနေသည်ပဲ။ သူတို့နှင့်ကွဲကွာနေသူကို သတိရစိတ်နှင့် ပွဲတော်ရှိသည်ကိုပင် မေ့နေလေသည်။ သို့သော် ယခုပွဲတော်ရှိမှန်း သိသည့်အချိန်၌ အလွန်ဝမ်းနည်းသွားသည်။ သူတို့နှင့်ပတ်သက်ခဲ့ဖူးသော တစ်စုံတစ်ယောက်သည် အဝေးမှာ။ ယခုအချိန်အထိ ရုန်းထွက်ရန်လမ်းစကို ရှာမတွေ့သေးသည့်နှယ်။ ထို့ကြောင့် ရုန်းထွက်ဖို့ ဆုံးဖြတ်ခဲ့သည် များကိုလည်း ပြောပြချင်မိသည်။

နောက်ဆုံးတော့ ဘုရားကျောင်းထဲပြန်ရောက်သည့်အချိန်တွင် ဆုတောင်ပေးရုံမှတစ်ပါး ဘာမျှမတတ်နိုင်။

ထိုသီချင်းကို ဗဒင် က ' သိုးမည်းတွေရဲ့အကြောင်း ' ဟုကင်ပွန်းတပ်သည်။ ဆောင်းည၊ အေးမြသော လရောင်အောက်မှာ ထိုသီချင်းကို ကျွန်တော်ဂီတာတီးတိုင်း ခံစားရင်းသီဆိုလေ့ရှိသည်။ အထူးသဖြင့် နယ်ပြန်တိုင်း၊ နယ်ကညီအစ်ကိုဝမ်းကွဲများနှင့်အတူတူ အော်ဟစ်ရသည်က ကျေနပ်စရာ။ ကျွန်တော့် သူငယ်ချင်းများ အဝေးရောက်နေသူများစွာရှိသည်။ သူတို့အတွက်လည်း ခံစားလို့ရ၏။

တချို့ကပြောသည်။ '' ကိုယ်ပိုင်သံစဉ်ဆိုတာ ' Round Chord ' တွေနဲ့လုပ်စားတာပါ ''ဟု။ ဗဒင်သီချင်းမျိုးကို ကလေးသီချင်းမျိုးပါဟု ဆိုသူတွေလည်းရှိသေးသည်။ ဂန္ထ၀င်ကဗျာများရေးလျှင် ကလေးကဗျာများရေးသည် ဟု ဆိုသည်။ ဤသို့ဆိုသူများရှိလျှင် ကျွန်တော်ကတုန့်ပြန်ချင်သေးသည်။ ထိုကလေးသီချင်းမျိုး၊ ကလေးကဗျာမျိုးကိုပဲ ဖြစ်အောင်ရေးကြည့်ပါဟု။ ကျွန်တော့်အတွက်တော့ သီချင်းသည် သီချင်းဖြစ်သည်။ ကဗျာသည် ကဗျာဖြစ်သည်။

မည်သူမည်ကဲ့သို့ဆိုဆို၊ အနုပညာဝါသနာပါသူတစ်ဦးအနေဖြင့် ဘုရားကျောင်းသီချင်းဟုလူသိများသော 'သိုးမည်းတွေရဲ့အကြောင်း ' သီချင်းကို နှစ်နှစ်ခြိုက်ခြိုက် ဖြစ်မိသည်ဟုဆိုချင်ပါသည်။ သည်သို့ဖြင့် ကျွန်တော့်ဘ၀၏ဂီတညများတွင် ကျွန်တော်သည် ဘုရားကျောင်းတစ်ကျောင်းသို့ ခဏခဏ ရောက်ဖြစ် နေပါတော့သည်။ ။

ဆူးသစ်
၂၀း၄၀ နာရီ
၀၈.၁၀.၁၀




Get this widget | Track details | eSnips Social DNA


1 comments:

Anonymous said...

စာရေးဆရာ ပီသပါစနော်။
ဖတ်တဲ့ကျွန်ုပ်တောင် ဘုရားကျောင်းလေးထဲ
လိုက်ပါသွားရင်း သိုးမဲလေးတစ်ကောင်
ခဏလေးဖြစ်ခဲ့သေးရဲ့။ ခံစားတတ်လွန်းပါဘိ။ :)
သီချင်းလေးနားထောင်ပြီး ပြန်သွားတယ်ဝေ့။
ကဗျာက ကဗျာပါဘဲ၊ သီချင်းကသီချင်းပေါ့။
အမှန်တရားသည် လည်းအမှန်တရားအတိုင်းဘဲ..
ဘယ်သူဘာပြောပြော..
..ပျော်ရွှင်ပါစေ။။ ခင်မင်လျှက်....ခင်မာလာအောင်..:)

Related Posts Plugin for WordPress, Blogger...