Wednesday, December 1, 2010

''အမြင့်ပျံငှက်တစ်ကောင် အတွက် မြေပြင်ပေါ်မှ လူတစ်ဦး၏ ဆန္ဒ''

အဆိုတော် 'ထူးအိမ်သင်' ကွယ်လွန်ပြီးနောက် သူ့သီချင်းများကို ပြန်ဆိုမည် စိုး၍ ဆောင်းပါး တစ်ပုဒ် ရေးပြီး ပေါ်ပြူလာ ဂျာနယ်သို့ ပို့ဖြစ်ခဲ့ပါသည်။ ပေါ်ပြူလာ ဂျာနယ် မှလည်း ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့ ထုတ် အတွဲ(၈)၊ အမှတ်(၄၄) စာစောင်၌ ကျွန်တော့် ဆောင်းပါးကို ဖော်ပြပေးခဲ့ ပါသည်။ ထိုစဉ်က 'သားလတ်' ကလောင် အမည်ဖြင့် ဖော်ပြခံခဲ့ရခြင်း ဖြစ်ပါသည်။ ယခုဤ ဆောင်းပါးကို ခံစားနိုင်ရန်အတွက် အောက်ပါ အတိုင်း ပြန်လည် ဖော်ပြလိုက်ပါသည်။



သည်နေ့ခေတ်မှာ ဂီတကို ပရိသတ်ဆီ ပို့နေကြသည်မှာ ပုံစံအမျိုးမျိုးဖြင့်။ တိပ်၊ စီဒီ၊ ဗီစီဒီ စသဖြင့် အမျိုးမျိုး ရှိရာ နားထောင်သူများပင် လိုက်မမီအောင် ခွေများထွက်နေကြသည်။ ထိုအထဲမှာ အသစ်ကနည်းနည်း၊ အဟောင်းက များလှသည်။ အဟောင်းဆိုရာ၌လည်း ကွယ်လွန်သူများကို ပြန်လည်တမ်းတ အမှတ်ရစေရန် လုပ်ခဲ့သည့် အခွေများလည်း ပါလာသည်။

ခွေသစ်တစ်ခွေ ထွက်တိုင်း ကျွန်တော်အပါအ၀င် ပရိသတ်ကြီး ရင်ခုန်ကြသည်။ လက်ရှိ အနေအထားအရ ကြော်ငြာကို မြင်သည်နှင့် သည်ခွေကို ၀ယ်သင့်၊ မ၀ယ်သင့် ဆုံးဖြတ်နိုင်ပြီး ဖြစ်နေ ကြသည်။ သို့သော် ဗီစီဒီမှာ ကူးခွေ ၀ယ်မှာလား၊ မူရင်းခွေ ၀ယ်မှာလား ဆိုသော ကိစ္စရှိလာ၏။ တကယ်တော့ ထုတ်လုပ်သူ များဘက်က အရင်းအနှီးကို နားလည်ကြသော ပရိသတ်များ ရှိသော်လည်း ပရိသတ်ကို နားမလည် သေးသော ထုတ်လုပ်သူ တချို့ ရှိနေတာ တွေ့နေရသမျှ ကူးခွေကိစ္စ ရပ်မှာမဟုတ်ဟု ကျွန်တော် ထင်ပါသည်။

တချို့က ကူးခွေဝယ်ရတာကိုပင် မတန်လောက်အောင် ဖြစ်နေသော သီချင်းတချို့၏ ညံ့ဖျင်းမှုကို ကဲ့ရဲ့ကြ ပါသည်။ ဒါက သီချင်းသစ်တွေမှာ သိပ်မသိသာ။ အဟောင်းကို ပြန်ဆိုသည့်အခါမှာ ပိုဖြစ်တတ်တာ တွေ့ရ သည်။ ထင်ထင်ရှားရှား ပြရလျှင် ကွယ်လွန်ပြီး အဆိုတော် တချို့၏ သီချင်းများ ပြန်ဆိုသည့်အခါ ပိုသိသာနေ ပြန်သည်။ ကျွန်တော်တို့ လက်လှမ်းမီခဲ့သော ထိုအဆိုတော်ဟောင်းများ၏ ဆိုဟန်၊ စာသားတို့သည် ခေတ်၏ ပြောင်းလဲခြင်းနောက်မှာ ထွင်ခဲ့ကြသော်လည်း အဆိုတော်အချို့ မူလ စာသားကိုပင် မှန်အောင် မဆိုနိုင်ခြင်း၊ စာသားများ ထပ်ကွန့်၍ Rap ဂီတပုံစံထွင်၍ ထည့်ခြင်း၊ ပြန်ဆိုဖြစ်လျှင် ပြီးရော သဘောနှင့် တကယ် နာမည်ကြီး ခဲ့သော အဆိုတော်များ၏ သီချင်းများကို နာမည်ပင် လုံးဝမကြားဖူးသော အဆိုတော်များနှင့် ပြန်ဆိုခိုင်းကာ ငါးပွက်ရာ ငါးစာချခြင်း (မိမိတစ်ဦးတည်း အမြတ်ကိုသာ ကြည့်၍ ပရိသတ်ကို တော်တော် လျှော့တွက်ထားပုံ ရပါသည်။) များကြောင့် ပရိသတ်ကို စေတနာထားသူနှင့် ပရိသတ်ကို စေတနာမထားသူကြား ဗီစီဒီမူရင်းခွေ အားပေးမှု ကွာသွားသည်ကို ထုတ်လုပ်သူအချို့သာ သိပါလိမ့်မည်။

တကယ်တော့ ယခု ပြန်လည်တမ်းတနေသော ကွယ်လွန်သူ အဆိုတော် အချို့၏ ပရိသတ်များသည် ယခု ထက်တိုင် သက်ရှိထင်ရှား ရှိနေသေးသည်ကို ထုတ်လုပ်သူများ သတိမမေ့သင့်ဟု ထင်ပါသည်။ ပရိသတ်ထဲမှာ လူမျိုးစုံ၊ အရွယ်မျိုးစုံ ပါသည်ဆိုသော်ငြား ထိုသီချင်းရှင်များကို တကယ်အမှတ်ရစေလိုပါလျှင် သူတို့ကို နှစ်သက်ခဲ့သော ပရိသတ်များ အတွက် အဓိက စဉ်းစားစေချင် ပါသည်။ ထို အဆိုတော်များကို မမီခဲ့သော လူငယ်များအတွက် သီချင်းအသစ်လို ဖြစ်သွားသော်ငြား မီခဲ့သော ပရိသတ်အတွက်ကတော့ ယခု ပြန်လည် သီဆိုမှုများ စာသားမမှန်ခြင်း၊ Rap စာသားများ ထပ်ဖြည့်ခြင်း (တကယ်တော့ ယခုအမှတ်တရ လုပ်နေသော ကွယ်လွန်သွားသူ အဆိုတော်များမှာ ကိုယ်ပိုင်သံစဉ် ခေတ်တစ်ခေတ်ကို သူတို့နည်း၊ သူတို့ဟန်ဖြင့် ထူထောင် သွားသူများ ဖြစ်ပြီး Rap ဂီတကို လုံးဝ မထည့်သွင်းခဲ့သည်ကို ထုတ်လုပ်သူအချို့၊ အဆိုတော်အချို့ သတိပြုသင့် ပါသည်) အလိုက်များကို အနှေး အမြန် ပြောင်း ပစ်ခြင်း၊ သေဆုံးသူ ယောက်ျားလေး သီချင်းများကို မိန်းကလေးများ ဆိုခြင်း များကြောင့် ဗီစီဒီခွေ လိုက် ဆို၍လည်း မရ၊ မူလ သီချင်း၏ အရသာပါ ပျက်ကာ ဘာ တစ်ခွန်းမျှ ပြန်မပြောနိုင်တော့သော မူလ အဆိုရှင်များအတွက် ရင်နာမိပါသည်။

ယခုအခါ ကွယ်လွန်ပြီးသူမှ မဟုတ်ဘဲ သက်ရှိထင်ရှား ရှိနေသူများကိုပင် နာမည်အမျိုးမျိုး တပ်၍ ပြန်ဆိုနေရာ ပိုမို၍ ဂရုစိုက်သင့် လှပါသည်။

လတ်တလောတွင် 'ငှက်ကြီး' ဟုလူသိကြသော 'ထူးအိမ်သင်' ကွယ်လွန်သွား၍ ထုတ်လုပ်သူများ စတင်ပြီး စီစဉ် ရန် ကြိုးစားနေလောက်ပြီဟု ထင်ပါသည်။ ပေါ်ပြူလာ ဂျာနယ်၏ ကိုကိုပေါ်လာ ကဏ္ဍမှာလည်း ထိုကိစ္စကို ပရိသတ်များ စတင် စိတ်ဝင်စားနေတာ သိလိုက်ရပါသည်။ ကျွန်တော်တစ်ဦးတည်း ခံစားချက်နှင့် ဆိုလျှင် ထိုအထဲက အချက်များကို သိပ်ငြင်းစရာ မရှိပါ။

ပွင့်လင်းစွာ ဆိုရလျှင် ကျွန်တော်သည် ကိုငှက်၏ အရူးအမူး ပရိသတ်တစ်ဦး ဖြစ်ပါသည်။ တိုက်ဆိုင်စွာပင် ကျွန်တော်နှင့် ကိုငှက်သည် တစ်ရက်၊ ခုနစ်လဖွား ဖြစ်ပြီး ခုနှစ်အားဖြင့် ကိုငှက်က ကျွန်တော့်ထက် တော်တော် စော၍ မွေးပါသည်။ ကျွန်တော်နှင့် မွေးရက်၊ မွေးလ တူသူသည် ကျွန်တော့် Crazy အဆိုတော် တစ်ဦး ဖြစ်သော အခါ ကျွန်တော့် နှစ်သက်မှုသည် ပိုမို ပြင်းထန်သည်ဟု ဆိုရပါမည်။ ထို့ကြောင့် ကိုငှက်လို အနုပညာရှင်တစ်ဦး ကွယ်လွန်သောအခါ ကျွန်တော် တော်တော်လေး ကြေကွဲ နှမြော တသ ဖြစ်မိပါသည်။

တစ်ပြိုင်တည်းမှာပင် ကျွန်တော့် ရင်ထဲမှာ ကိုငှက် အမှတ်တရ သီချင်းခွေလုပ်မည့် ထုတ်လုပ်သူများ ကိုလည်း အတွေးနှင့် စိုးရိမ်မိပါသည်။ ကိုငှက်က 'အစိမ်းရောင်ရက်စွဲများ' အခွေမှာ Rap တွေထည့်ထားဖူး၍ မူလ Rap များ ပါလာမှာကို မစိုးရိမ်သော်လည်း ထပ်ကွန့်ထားသော Rap တွေ ပါလာမှာလား၊ အဆိုတော် ပေါက်စတွေနှင့် လွှတ်လိုက်မှာလား၊ Beat တွေပြောင်းလိုက်မှာလား၊ ဖိုးချို၏ 'ချစ်သူကို' သီချင်းလို မိန်းကလေးဆို၍ မကောင်းသော စာသား (ချစ်သူကို လက်ဖျားနဲ့တောင် မထိရက်နိုင်တယ်) (ကောင်မလေးက မထိရက်မှတော့ ထိုယောက်ျားလေး အဖြစ်က မလွယ်တော့ဟု ကျွန်တော် တွေးမိ၍ပါ) များကို ကိုငှက်သီချင်းတွေမှာ မိန်းကလေး အဆိုတော်တွေ ဆိုဦးမှာလား စသည်ဖြင့်တွေးတော ပူပင်ရပါသည်။ (အမေ့အိမ်ကို ဟေမာနေ၀င်း ဆိုစဉ်က 'အားလုံးထက် နွေးထွေးလုံခြုံတဲ့ နေရာဟာ အမေ့အိမ်ပဲလို့ သိလိုက်ရတဲ့ အချိန်ကျတော့ ကျွန်မ က ဟိုး အဝေးကြီးမှာ ရောက်ရှိနေခဲ့ပြီလေ' ဆိုတာကြီးကို နားထောင်ရတာ တစ်မျိုးကြီး ဖြစ်ခဲ့ဖူးပါသည်။)

ယခု ဤဆောင်းပါး ရေးနေစဉ်မှာပင် ကိုငှက် ပရိသတ်တချို့၏ အသံကို ကျွန်တော်နှင့် နီးစပ်ရာ အသိုင်းအ၀ိုင်း အချို့မှာ ကြားရပြန်ပါသည်။ တခြားတော့ မဟုတ်ပါ။ ထူးအိမ်သင် သီချင်းကို ဘယ်သူ့မှ ပြန်မဆိုတာ အကောင်းဆုံးပါ တဲ့။ အကယ်၍ Live Show ဆိုလျှင်လည်း ဆိုသည့် အဆိုတော်ကို မဆိုဖြစ်အောင် တားဆီး ပါမည်တဲ့။

တကယ်တော့ ကျွန်တော်တို့အားလုံး ရင်နှင့်ရင်း၍ နားထောင်ခံစားခဲ့သော သီချင်းများကို ရင်နှင့်ရင်း၍ တီထွင် သူကိုသာ ဆိုစေချင်ပါသည်။ ဖေတော့ မောင်တော့ ဆိုရပြီးရော၊ ခွေထုတ်ရပြီးရော လုပ်သူ အချို့နှင့် တွေ့သွား မှာ စိုးပါသည်။ သည်တော့ ကိုငှက်ကို Crazy ဖြစ်သူ တစ်ဦးအနေနှင့် ကျွန်တော်လည်း ဘယ်သူမျှ ပြန်မဆိုတာ အကောင်းဆုံးဟု လက်ခံမိပြန်ပါသည်။

လက်ရှိ မြန်မာပြည် တေးရေးဆရာလောကမှာ Jazz ဂီတကို ပိုင်ပိုင်နိုင်နိုင် ရေးဖွဲ့နိုင်သူ နှစ်ဦးသာ ရှိသည်ဟု ကျွန်တော် နားလည်ပါသည်။ တစ်ဦးမှာ ကိုငှက်ဖြစ်၍ နောက်တစ်ဦးမှာ တေးရေးဆရာ ညီညီသွင် ပါ။ ကိုငှက်သည် အဆိုတော်လည်း ဖြစ်၍ ပါရမီပိုထူးသူ ဖြစ်ပါသည်။ သူ့အသံကို လိုက်တုပြီးဆိုရန် ကြိုးစားသူတို့ များစွာရှိသော်လည်း သူ့လိုတော့ မဖြစ်ခဲ့ကြပါ။ အသံ၏ ပုံစံကို ပိုင်နိုင်စွာ ပြောင်းလဲနိုင်ပြီး ဆိုဟန်ခြားနားသူ တစ်ဦး ဖြစ်ကာ ဂီတနှင့် ပတ်သက်၍ တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားလှပါသည်။ ပါရမီရှင်ဟု ဆိုရလောက်အောင် 'မဟာဝီရ အို ဗုဒ္ဓ' သီချင်းမျိုးဖြင့် အဆို၊ အရေး ပညာပြကာ ဂီတကို လုပ်ပြထားပါသည်။

ကျွန်တော့် ရုံးက ကောင်မလေး တစ်ဦးက ပြောဖူးပါသည်။ "သူ့ကို လေးစားပြီး သဘောကျတာ၊ သူက တူရိယာ လေးတွေ ကြုံသလို ကောက် ကောက် တီးတာကိုပဲ" ဟုဆိုပါသည်။ ဘာဂျာ၊ ပုလွေ၊ Percussion စသည်တို့ကို ဆိုလိုခြင်းပင်။

ကျွန်တော်သည် ကိုငှက်ကို စတိတ်ရှိုးမှာပဲ တစ်ခါတွေ့ဖူး ပါသည်။ လူအားဖြင့် မရင်းနှီးသော်လည်း အနုပညာ အားဖြင့် သူ့ကို ကျွန်တော် လေးစားပါသည်။ အားကျပါသည်။ သူ့အနေအထိုင်ကို ကြည့်ပြီး အောင်မြင်မှုနှင့် ငွေကြေးကို သိပ်အလေးထားဟန် မရှိဟု နားလည်ပါသည်။ 'သက်ငြိမ်' သည် သူ့ဘ၀ ဖြစ်ပါလိမ့်မည်။

ယခု ကိုငှက်ဆုံးပြီး ပါလာသော ဆောင်းပါးများကို ဖတ်ရမှ စာပေသမား စစ်စစ်ဆိုသည်ကို သိလိုက်၍ သူ့ စိတ်ဓါတ်ကို နားလည်လိုက်ပါတော့သည်။ ဒါကို ထပ်မံ၍ လေးစားပါသည်။

တကယ်တော့ လူတစ်ယောက် လူ့လောကမှ ထွက်ခွာသွားတာ မဆန်းပါ။ သို့သော် လူတွေကို အနုပညာဖြင့် ပေးဆပ်နေသော လူတစ်ဦး၊ သာမန်လူနှင့် မတူသော လူတစ်ဦး လူ့လောကထဲက ထွက်ခွာသွားသည် ကတော့ ဆန်းကြယ်ပါသည်။ စာပေလောက၊ ရုပ်ရှင်လောက၊ ဂီတလောကမှာ သူ့ကို နှမြောနေကြသည်က သူ့ ပင်ကိုယ် အနုပညာ ပါရမီ အခံဓါတ်ဖြင့် လူ့လောက (ကျွန်တော်တို့ မြန်မာပြည်သူ၊ ပြည်သားများ) ကို သူဖန်တီးနိုင်သမျှ၊ သူတတ်စွမ်းသမျှ စွမ်းအားများဖြင့် သူ့
ခန္ဓာကို ရင်း၍ ပေးဆပ်သွားခြင်းကြောင့် ဟု ကျွန်တော် ထင်ပါသည်။

သူ့ကို ဂုဏ်ပြုရာ ရောက်သည့် အမှတ်တရ စကားဝိုင်းများ၊ စာသားများကို ကျွန်တော် ကြိုဆိုမိသလို၊ သူ့ကို တမ်းတသည့် ဂီတပွဲများသည်လည်း သူ့ကို စော်ကားသလို မဖြစ်စေရန် ဆောင်ရွက်ဖို့ လိုသည်ဟု ကျွန်တော် ထင်ပါသည်။

ကိုငှက် အမှတ်တရ ခွေများကို မနိုင်၍ မလုပ်ခြင်းက ကိုငှက် အပေါ် ကျေးဇူးပြုရာ ရောက်မည် ဖြစ်ပါ လိမ့်မည်။ ပစ်စလက်ခတ်၊ ဖြစ်ကတတ်ဆန်း၊ လုပ်ချင်ရာ လုပ်တာမျိုးတော့ မလုပ်ကြစေချင်ပါ။ ကိုငှက်မှာ ခိုင်မာသော ပရိသတ် (အနုပညာ နယ်ပယ်အားလုံးမှာပါ) ရှိနေတာ သိစေချင်ပါသည်။ ရှင်သန်နေသူ တစ်ဦးကို ခွင့်တောင်းပြီး သူ့သီချင်းကို လုပ်ချင်သလိုလုပ်သည်က ကာယကံရှင် ရှိသေး၍ ဖြေရှင်းနိုင်သော် လည်း၊ ကွယ်လွန်သူ တစ်ဦး၏ သီချင်းများ ကိုတော့ တန်ဖိုးထားစေချင်ပါသည်။

ကျွန်တော်တို့ တစ်တွေ 'နာရီပေါ်မှ မျက်ရည်စက်များ' ကျခဲ့ပါပြီ။ ကိုငှက်ရဲ့ 'မှော်ဆရာအိပ်မက်' ကို ဆက်ပြီး လွတ်လပ်စွာ ခွင့်ပြုပေးထားပါ။ 'သက်ငြိမ်' ကို ငြိမ်သက်စွာ ထားပေးပါ။ သူ့ရဲ့ 'အတ္တပုံဆောင်ခဲများ' ကို ရိုက် မခွဲပါနဲ့ဗျာ။ သူ့ 'အကြင်နာအိပ်မက်' တွေ 'အရင်အတိုင်း' ရှိပါစေ။ ကိုငှက်အတွက် ကျွန်တော်တို့ဟာ ပြောပြလို့ မရအောင် 'စကားလုံးမရှိတဲ့ကောင်းကင်' ထဲမှာ ကြေကွဲနေရသူ လိုပါ။ 'အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့' သီချင်းတွေ ဆိုမယ့်လူ မရှိတော့ချိန်မှာ ပိုတန်ဖိုးထားပေးကြပါ။ 'မြို့ပြ လရောင်တမ်းချင်း' ကို ကျွန်တော်တို့ ခံစားနေဆဲပါ။ 'အစိမ်းရောင်ရက်စွဲများ' မှာ ကိုငှက် စိမ်းလန်းစွာ ရှင်သန်နိုင်ပါစေဗျာ။ ကျွန်တော်တို့ကို 'တစ်နေ့စာ အလွဲများ' နဲ့ နေ့တိုင်း ထပ်မနှိပ်စက်ချင် ပါနဲ့တော့။

ကျေးဇူးပြုပြီး သူ့သီချင်းတွေကို မဖျက်ဆီးကြပါနဲ့ဗျာ ။ ။

သားလတ်
(စာကြွင်း - Internet ဖတ်သူများထံမှ နောက်ဆုံးကြားရသော စကားအရ ကိုငှက်သီချင်းများ ပြန်မဆိုရန် အဆိုတော် အချို့သို့ Internet သုံးသူ ကိုငှက် ပရိသတ်များက ပြင်းထန်စွာ ကန့်ကွက်ထားကြောင်း သိရပါသည်)

6 comments:

မိုးယံ said...

ကန့်ကွက်တယ် ကြိုတင် ကန့်ကွယ်တယ်. အနော်လဲ ကိုသျှပ် ကို အရူးအမူးကြိုက်သူပဲ... ပြန်ဆိုရင်လဲ ကြုံရာနေရာကနေ ကန့်ကွက်မှာ... သူ့ဘာသာဒီတိုင်းထားတာ ကောင်းတယ်.. ဘယ်တော့မှ တန်ဖိုးလျော့မှာ မဟုတ်ဘူး... သိပ်တန်ဖိုးထား လေးစားပြီး ကူညီချင်တယ်ဆိုရင် သူ့အမှတ်တရ ၀ဘ်ဆိုက်ရှိတယ်... အဲဒီမှာ လှူတန်းပြီးသူ့ကို ကူညီ...

('အစိမ်းရောင်ရက်စွဲများ' မှာ ကိုငှက် စိမ်းလန်းစွာ ရှင်သန်နိုင်ပါစေဗျာ။ ကျွန်တော်တို့ကို 'တစ်နေ့စာ အလွဲများ' နဲ့ နေ့တိုင်း ထပ်မနှိပ်စက်ချင် ပါနဲ့တော့။)

ဒီစာကို ချစ်ခြင်းအားဖြင့် ရေးသည်...

Anonymous said...

အမြင့်ကို ပျံထွက်သွားခဲ့ပေမဲ့ မြေပြင်ပေါ်မှ လူသား
များရဲ့ နှလုံးသားထဲ အမြစ်တွယ်ကျန်ရစ်နေဆဲ....
သူ့ ကိုချစ်သောသူများ၏ ချစ်စရာ့ လေးစားစရာ
ဆန္ဒများကြောင့် သူဘယ်လောက်တောင် ပေါ့ပါးစွာ
ပျံသန်းနေလိုက်မလဲ...လေ...:)
....ခင်မင်လျှက်..ခင်မာလာအောင်..:)

Unknown said...

အရမ်းကိုကြောက်မိပါတယ် ....
အကိုပြောသလိုမျိုး ပြန်ဆိုကြမှာကို.
ပြန်ဆိုမယ်ဆိုရင် ကျွန်တော်လည်းကန့်ကွက်ပါတယ်
ကိုငှက် က ကျွန်တော်ရဲ့crazy songer တစ်ယောက်ပါ

Unknown said...

အရမ်းကိုကြောက်မိပါတယ် ....
အကိုပြောသလိုမျိုး ပြန်ဆိုကြမှာကို.
ပြန်ဆိုမယ်ဆိုရင် ကျွန်တော်လည်းကန့်ကွက်ပါတယ်
ကိုငှက် က ကျွန်တော်ရဲ့crazy songer တစ်ယောက်ပါ

Unknown said...

ဒီရှိုးပွဲမလုပ်စေချင်ရင် မင်းတို့ကရှိုးပွဲကရမယ့်ပိုက်ဆံအရေအတွက်လောက်ကို ထူးအိမ်သင်မိသားစုထံပေးလိုက်ကြပါ၊ ဒါဆို မင်းတို့ဆန္ဒတွေပြည့်သွားမှာပါ။ ဒီတိုင်းထိုင်အော်နေလို့ကတော့ မောရုံပဲအဖတ်တင်မှာပါ။မင်းတို့ကို ဘယ်သူမှဂရုစိုက်မှာ မဟုတ်ပါဘူး။

ဆူးသစ် said...

ကိုtigerရေ
ကျွန်တော်တို့ဆိုလိုတာအဲဒီသဘောမဟုတ်ပါဘူး။ကျွန်တော်တို့ ကမိသားစုဝင်ငွေကိုနားလည်ပါတယ်။ဒါပေမဲ့အဲဒီအပေါ်မှာအပေါစားဆန်ဆန်အနုပညာတွေနဲ့ လုပ်စားသွားမှာစိုးလို့ ပြောတာပါ။ရှေ့မှာလုပ်သွားတဲ့အမှတ်တရတွေမှာကွယ်လွန်သွားသူတွေက ဘာတွေများပြန်ပြောနိုင်ခဲ့လို့လဲဗျာ။သူ့ မိသားစုလည်းငွေရတာပါပဲ။ဒါပေမဲ့ဘယ်သူအမြတ်ထွက်သွားလဲ။ထုတ်လုပ်သူတွေပါပဲ။အမှန်ကိုမြင်စေချင်ပါတယ်ဗျာ။

Related Posts Plugin for WordPress, Blogger...