Wednesday, December 8, 2010

“ဟိုးအဝေးက ဒီဇင်ဘာည”


မြင်ကွင်းသည်ေ၀၀ါးနေ၏။ လမ်းမီးတိုင်လေးများ အောက်က မှိန်ပြပြအလင်းမှာ မြူလော၊ နှင်းလော မကွဲ။ အေးစက်သော အထိအတွေ့တို့ဖြင့် ဒီဇင်ဘာသည် ချမ်းမြခြင်းကို ဆောင်လာသည်။

အခန်းအပြင်ကို လှမ်းကြည့်ခိုက် နှင်းတို့ ကျနေသည်ဟု ထင်မိ၏။ ပြတင်းတံခါးကို ဆွဲမပိတ်ချင်သေး။ အတိတ်သည် အာရုံကို နှင်းနှင့် အတူ လှုပ်ခတ်၏။ အိပ်မက်တစ်ခု အလား စိတ်က စွဲထင်နေခဲ့သည့် အဖြစ် အပျက် များ။ တကယ်ဆို ဆောင်းကို သူချစ်သည်။ သို့သော် ထိုအချိန်ကို ရောက်လာမှာ သူကြောက်သည်။ ထိုနာရီများကို ခါးသီးစွာ သူဖြတ်သန်းခဲ့ ဖူးသည်။ ဒဏ်ရာလေး တစ်ချက်ဟု ဆို၍ရသည်။ သို့သော် တစ်သက်စာ ပါမည့် ဒဏ်ရာလေး ဖြစ်သည်။ နာကျင်လိုက်သည်မှာ စစ်ခနဲ၊ စစ်ခနဲ။ ထိုဒဏ်ရာလေးကို သူမလိုချင်။ ထိုနာရီများကို သူ မတပ်မက်။ အရာရာကို လွန်ဆန်၍ မရမှန်းသိလျက် လွန်ဆန်ချင်မိ၏။

သူ့ရင်ထဲမှာ ပူလောင်ခြင်းများ ပြည့်နေလေပြီ။ ထိုပူလောင်ခြင်းက ဒီဇင်ဘာည၏ အေးမြမှုကို အံတုနေလေပြီ။ သူ့ကို ချစ်သူ ထားသွားခဲ့ပြီပဲ။ မျှော်လင့်ခြင်းများဖြင့် ရှင်သန်နေသော ဘ၀ထဲမှာ ထိုမျှော်လင့်ခြင်းများကို သူမုန်းလိုက်ချင်မိပြီ။ သည်လိုညမျိုးကို အမြန် ကုန်ဆုံးလိုက်ချင်သည်။ ချစ်သူ ထွက်သွား၍ ကျန်ခဲ့သော ခြေရာကို မြူမှုန်တို့ကြားမှာ ရှာကြည့်ချင်သေးသည်။ မြူမှုန်တို့၏ ခြေသံ၊ ချစ်သူ သူ့ဆီ ပြန်မလာတော့ပြီလား။

အဖြူရောင် မြူနှင်းများနှင့် ရှင်းသန့် ငြိမ်းချမ်းသော ဒီဇင်ဘာညမှာ သူနှင့် ချစ်သူ ကောင်မလေး ဆုံခဲ့ဖူးသည်။ ထိုအချိန်က အချစ်တို့ဖြင့် ပြည့်သိပ်ရင်း ချစ်သူ သူ့ကို ချန်ထားရစ်ခဲ့သည်။ ထို အိပ်မက်လေးကို ပြန်လည် တမ်းတရင်း သူကြေကွဲခဲ့ရသည်။

သူငိုခဲ့ရသည်။ ဒီဇင်ဘာညများ ရောက်တိုင်း သူငိုနေသည်ကို ကောင်မလေး သိမှ သိပါလေစ။ ယုံရော ယုံပါလေစ။ တစ်နေ့တော့ဖြင့် ကောင်မလေး ပြန်လာနိုင်မည်ဟု သူမျှော်လင့်မိသည်။ ပြန်ဆုံနိုင်ရန် ကံကြမ္မာ ဖန်တီး ပေးလိမ့်မည်ဟု ယုံကြည်ရင်း တမ်းတမိသည်။ လောလောဆယ်တော့ အဖြူရောင် မြူနှင်းများ ကြား၌ အချစ်ပျောက်ကို ရှာရင်း သူလွမ်းမောနေဆဲ ဖြစ်သည်။

ထိုခံစားမှုမျိုးကို 'လင်းနစ်' ဆိုသော လူငယ်တစ်ယောက်က ရင်နှင့်ရင်း၍ 'ဒီဇင်ဘာည' ဆိုသော သီချင်း တစ်ပုဒ် ရေးထုတ်မိသည်ဟု ကျွန်တော်ထင်သည်။ ပြီးတော့ သူကိုယ်တိုင် ဆိုသည်။ နားထဲသို့ အေးမြစွာ စီးဝင်သည်။ ရင်ထဲသို့ ရောက်ခဲ့၏။

စင်္ကာပူရောက်တော့ East Coast မှာ သူငယ်ချင်း ဂစ်တာတီးဖော်များကြား ထိုသီချင်းကို တီးပြသောအခါ သူတို့ ရင်ထဲသို့ 'ဒီဇင်ဘာည' ၏ အအေးဓာတ်က ကူးစက်သွားသည်။ စာသားရော၊ Chord များပါ ချရေးပေးခဲ့ရ၏။ တချို့ကို E-mail နှင့် ပင် လှမ်းပို့ပေးခဲ့ရသေးသည်။ တေးရေး အဆိုတော်သစ်တစ်ဦး အတွက် ကျွန်တော် ကြည်နူးမိသည်။

သည်အချိန် မြန်မာပြည်မှာ မြူဝေ၍ နှင်းတို့ ကျလောက်ပြီ။ ဒီဇင်ဘာည သည် အသက်ဝင် နေလောက်ပြီ ထင်၏။ အိမ်ရှေ့က တန်းလျားလေးမှာ ကျွန်တော်တစ်ယောက်တည်း ဂစ်တာတီးရင်း ဒီဇင်ဘာည၏ အေးစက်မှုကို ခံစားခဲ့ဖူးသည်။ 'လင်းနစ်' ၏ 'ဒီဇင်ဘာည' ထွက်လာတော့ ဘယ်နေရာမှာ ဂစ်တာတီးတီး၊ ပထမဆုံး ကျွန်တော် တီးမိသော သီချင်းသည် 'ဒီဇင်ဘာည' ဖြစ်လို့နေသည်။ ပြီးခဲ့သည့် အပတ်ကပင် မတီးတာကြာ၍ ချောင်ထဲမှာ ပစ်ထားမိသော ဂစ်တာကို ကြိုးပြန်ညှိကာ 'ဒီဇင်ဘာည' ကို စိတ်တိုင်းကျ ဟစ်ထုတ်ပစ်လိုက်သည်။

စင်္ကာပူမှာတော့ မိုးတွေရွာလို့။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ ဒီဇင်ဘာည ကို ခံစားလို့။

'ဒီဇင်ဘာည' ကို ကျွန်တော် လွမ်းမိပါသည်။

လွမ်းလိုက်တာဗျာ.........


ဆူးသစ်
၂၁း၂၉ နာရီ

၈.၁၂.၂၀၁၀

ဒီဇင်ဘာညတစ်ည



5 comments:

Anonymous said...

လွမ်းစေဗျာ
လွမ်းစေ
အခွန်ဆောင်ရတာမှတ်လို့နော့:)

Anonymous said...

ဒီဇင်ဘာည အဖြူရောင် မြူနှင်းကြားမှာ.........
အတူဆုံနေကြ ဒီလိုအချိန်လေး ရောက်လာ....
:)... ဆိုမိသွားတာ...ပါ။
ယုံကြည်နေတဲ့အတိုင်း ပြန်လည်ဆုံဆည်းပါစေရှင်။
ဒီချိန်မှာ ဖွေးနေအောင် ပွင့်နေမဲ့ ချယ်ရီပန်းတွေကို
သိပ်လွမ်းတယ်ရှင်။ :)
....ခင်မင်လျှက်...ခင်မာလာအောင်..:)

Sunny said...

လာရောက်ဖတ်ရှု ခံစားသွားပါတယ်.. :)

အဖြူရောင်နတ်သမီး said...

မြူနှင်းတွေကြားထဲက...
ဒီဇင်ဘာ ညလေး..တစ်ည..
ချစ်သူကို တမ်းတ လွမ်းဆွတ်နေတဲ့ လူတစ်ယောက်ရဲ့ ရင်တွင်းစကား....

မျှဝေခံစားသွားပါတယ်...

အင်္ဂါဟူး said...

တို့ကတော့ ပေါင်းကြားလက်ညှပ်ပြီး ကွေးရတဲ့ ဖီးလ်ကို ပဲသဘောကျတယ်...ဂယ်ပေါဒါ

Related Posts Plugin for WordPress, Blogger...