Sunday, October 31, 2010

"ခက်ဆစ်အဖော်များ"



မမြင်ခဲ့ဖူးတဲ့ ကိုယ့်ရုပ်ကို
မှန်ထဲထည့်ကြည့်ဖူးတယ်
ဘယ်တော့မှမတူခဲ့ဘူး
ထူးခြားစွာ ကျုံ့ခြင်း ကျယ်ခြင်း
ရှင်းရှင်း ကြီးပဲတွေ့ခဲ့ရတယ် ။

နားမလည်နိုင်တဲ့ ဘ၀ရဲ့ဘာသာရပ်
တရစပ်သင်ကြားခဲ့ရတဲ့ တောင်တက်နေ့တွေ
ရှုပ်ထွေးပွေလီ သောကဇာတ်ခင်းခဲ့
လောကရဲ့ချောက်နက်ထဲ အားပါးတရ ခုန်ဆင်းပြီးမှ
ကတုန်ကရင်နဲ့ ဖက်တက်နေရချိန်
ဘ၀အဓိပ္ပါယ်တွေက မှေးမှိန်တုန်းပေါ့ ။

ရာသီနွေလမ်းကြမ်းကြမ်းကနေ ခေါ်ဆောင်လာ
ပလာကကြိုးတန်ဆာနဲ့ အထိန်းတော်နှစ်ပါး
ငါ့အနားမှာ ခစားအမှုထမ်း
အဲဒီ့မှာ ငြိမ်းချမ်းခြင်းလမ်းစ
အဲဒီ့မှာ တရားဆိုတာတွေရဲ့လမ်းစ
အဲဒီ့မှာ တည်ငြိမ်ခြင်းရဲ့လမ်းစ
အဲဒီ့မှာ မှန်ထဲကမရခဲ့တဲ့ကိုယ့်ရုပ်
နှလုံးသားစက်ရုံက ထုတ်လုပ်တည်ဆောက်
'ကာရန်' လမ်းသစ်အောက်
'သံစဉ်' ကမ်းမြစ်ရောက်
ကွန်းထောက်ခိုနားရာနေရာသစ်
အောင်မြင်ရေးတံခါးဖွင့်လှစ်ကာ
ရင်ထဲကခက်ဆစ်တွေရှင်းပြနေပြီ
အရှေ့ဆီမှာ ရာသီဆောင်းနဲ့မိုးပဲ ကျန်တော့တယ် ။ ။

သားလတ်



( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

Saturday, October 30, 2010

"အနမ်း"


လေပြည်ငယ်ရဲ့ တို့ထိမှုလို
နူးညံ့မှုက သူ့ဂုဏ်ဒြပ်ပေါ့ ။

မုန်တိုင်းတစ်ခုရဲ့ အစလို့ဆိုရင်
အဲဒီ့မုန်တိုင်းရဲ့ အဆုံးဟာလည်းသူပါပဲ။

ဖြူစင်ခြင်း ရှင်းသန့်ခြင်း
ပြီးတော့ အေးမြခြင်းတွေနဲ့
ဒါ - ပကာသနကင်းတဲ့ အခင်းအကျင်းတစ်ခုလေ။

ဘယ်လိုပဲဖြစ်ဖြစ်
ချစ်သူတို့ရဲ့ သင်္ကေတ
ဒါမှမဟုတ် နိမိတ်ပုံတစ်ခု
အဲဒါတွေက သူဖြစ်ခဲ့တယ် ။ ။

သားလတ်


(၂၀၀၁ခုနှစ်-ဇွန်လ၊ မှုခင်းရှုထောင့်)

"အစစ်နဲ့အတု"



နုပျိုခြင်းဟာ အစစ်မဟုတ်ဘူး
ရင့်ရော်ခြင်းရဲ့ ငယ်ဘ၀ဖြစ်တယ် ။

သန်စွမ်းခြင်းဟာ အစစ်မဟုတ်ဘူး
နာမကျန်းခြင်းရဲ့ ပုံပြင်တစ်ပုဒ်ဖြစ်တယ် ။

ချမ်းသာခြင်းဟာ အစစ်မဟုတ်ဘူး
ဆင်းရဲခြင်းရဲ့ အတုအယောင်ဖြစ်တယ် ။

အောင်မြင်ခြင်းဟာ အစစ်မဟုတ်ဘူး
ကျဆုံးခြင်းရဲ့ အရေပြားတစ်ခုဖြစ်တယ် ။

ရှင်သန်ခြင်းဟာ အစစ်မဟုတ်ဘူး
သေဆုံးခြင်းရဲ့ မျက်နှာဖုံးတစ်ခုဖြစ်တယ် ။

တည်မြဲခြင်းဟာ အစစ်မဟုတ်ဘူး
မတည်မြဲခြင်းရဲ့ ကာလအခိုက်အတန့်ဖြစ်တယ် ။

တကယ့်အစစ်ဆိုတာ
ရပ်တည်မှုတစ်ခုပဲရှိခဲ့
အတုရဲ့အပယ်ခံနေရာမှာပေါ့ ။

အစစ်ဆိုတာကို ရချင်ရင်
အချိန်တွေကို နှင်ခဲ့ရမယ်
န္ဓာတွေကို ကျဉ်ခဲ့ရမယ်
အသိတွေကို ငင်ခဲ့ရမယ်
တရားတွေကို မင်ခဲ့ရမယ် ။

မှတ်ထားပါ.................
လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ဆိုတာ
စစ်ချင်ယောင်ဆောင်ထားတဲ့ အတုတွေသာဖြစ်ပြီး
နိဗ္ဗာန်ရဲ့လိုက်ကာတစ်ခုသာဖြစ်တယ်ဆိုတာပါ ။ ။

သားလတ်


(၂၀၀၀ခုနှစ်-စက်တင်ဘာလ၊ မှုခင်းရှုထောင့်)

Friday, October 29, 2010

" ကျွန်တော်တို့သည် "(၅)


ကျွန်တော့် သူငယ်ချင်းများကို ခင်မင်ရသော အကြောင်းတရား တစ်ခုရှိသည်။ တခြားတော့မဟုတ်၊ အလွန် ပျော်တတ်၍ ဖြစ်သည်။ ပျော်စရာ မကြိုက်သူ မည်သူရှိပါသနည်း။ ကျွန်တော်လည်း ပျော်တတ် ပါသည်။ တက္ကသိုလ် ကျောင်းသားဘ၀ ထုံးစံ ပျော်စရာဆိုသည်ကလည်း ခပ်များများ။ ထို့ကြောင့် ကျွန်တော်တို့ အားလုံး ပျော်မိကြသည်။ ခင်မိကြသည်။

L-2 မှာ စက္ကူမြားပစ်သော အကျင့်အပြင် နောက်အကျင့် တစ်ခု ရှိပါသေးသည်။ အခန်းရှေ့လာပြီး ရစ်သီ ရစ်သီနှင့် တောင်ကြည့်မြောက်ကြည့် ကြည့်ကာ၊ ကျွန်တော်တို့ အခန်းထဲက မိန်းကလေးများကို လာငမ်းကြသည့် ယောက်ျားလေးများကို အတန်းထဲမှ နှုတ်ရဲသူများက 'နှာဘူး' ဟု တစ်ညီ တည်း အော်ကြခြင်း ပင်။ 'နှာဘူး' တောင် ရိုးရိုးအော်ခြင်း မဟုတ်။ 'နှာ' မှာ ဆွဲ၍ 'ဘူး' မှာ တုန့်ခနဲ ရပ်သည့် သဘောမျိုး အော်ခြင်း ဖြစ်သည်။ 'နှာ...........ဘူး' ဟု ဆိုပါတော့။

L-2 သည် ရှေ့မှာ ဆိုခဲ့သလို Theatre ဖြစ်၍ နောက်ဘက်မှ ရှေ့ဘက်သို့ နိမ့်ဆင်းသွားရာ သင်ပုန်းရှိရာ ဘက်သည် အနိမ့်မှာ ဖြစ်၏။ သင်ပုန်း၏ ဘယ်ညာနှစ်ဖက်တွင် အပေါက် နှစ်ပေါက်ရှိ၏။ အတန်း နောက်မှာလည်း နှစ်ပေါက်ရှိ၏။ သင်ပုန်းဘက်ခြမ်းမှ နှစ်ပေါက်ကို မိန်းကလေးများသာ အသုံးများ၏။ အတန်းနှင့် မျက်နှာချင်းဆိုင် ဖြစ်၍ ရှေ့ပေါက်ဟုပင် ဆိုရမည်။ ကျောင်းအတွင်းဘက်မှ လာသူများသည် ထိုရှေ့ပေါက်မှ ၀င်ကြ၏။ ယောက်ျားလေး တော်တော်များများက နောက်ပေါက်မှ ၀င်ကြ၏။

အကြောင်းကလည်း ရှိသည်။ မိန်းကလေးများသည် နောက်ပေါက်မှလာလျှင် နောက်ဘက်မှာ ထိုင်သော ယောက်ျားလေးများကြားမှ ဖြတ်၍ အတန်းရှေ့သို့ လာရမည်ဖြစ်သည်။ သူတို့က ရှေ့မှာပဲ ထိုင်ကြသည်ကိုး။ ထို့ကြောင့် ယောက်ျားလေး များကြား မဖြတ်ချင်ကြ။ စမှာ နောက်မှာ ကြောက်ကြသည်ဟု ထင်သည်။ ပထမနှစ်မို့ ပဲများသည်လည်း ဖြစ်နိုင်၏။ အတန်းမတက်ခင် ခပ်စောစော အချိန် များမှာသာ နောက်ပေါက်မှ ၀င်ကြ၏။

ကျွန်တော်တို့ ယောက်ျားလေးများကား အစပိုင်းမှာ ကြုံရာအပေါက်မှ ၀င်ကြ၏။ သို့သော် အတန်းထဲမှ မိန်းကလေးများကို ငမ်းချင်၍ ရှေ့ပေါက်နှစ်ပေါက်အပြင်မှ လာငမ်းကြသော ကျောင်းသားများကို အတန်း ထဲမှ ကျွန်တော့်သူငယ်ချင်းများက အားရပါးရ 'နှာ...........ဘူး' 'နှာ...........ဘူး' ဟု ဆိုကြလေရာ၊ နောက် ပိုင်းမှာ အခန့်မသင့်၍ မေ့ပြီး ရှေ့ပေါက်မှ ၀င်သွားသော အတန်းထဲက သူငယ်ချင်း အချင်းချင်းကိုပင် စနောက်ချင်၍ ရောယောင်ကာ 'နှာ...........ဘူး' ဟု လွှတ်လေတော့သည်။ သည်သို့ဖြင့် ကျွန်တော်တို့ ယောက်ျားလေးများမှာ ကိုယ့်အချင်းချင်း စနောက်ရင်း ကျောင်းအတွင်းဘက် နှင့် ကင်တင်န်းမှ လာသူ များပင် နောက်ဘက်မှ ပတ်ဝင်ရသည် အထိ L-2 ၏ရှေ့ပေါက်ကို လန့်ကြလေသည်။

ဤနေရာတွင် မေးစရာရှိ၏။ 'နှာ...........ဘူး' ဟု အအော်ခံရသူများ မည်သို့ နေပါသနည်း။ တွေးကြည့်ပါ။ ရှက်မှာ ပါပဲ။ မျက်နှာကြီးများ နီလို့။ တချို့ဆို ဒေါသများထွက်လို့။ တချို့လည်း ဘုမသိဘမသိ လူလာရှာပုံ ရပါသည်။ ကြောင်တောင်တောင်နှင့် ဟိုကြည့်သည်ကြည့်၊ အခန်းပေါက်မှာ ပြူတစ်ပြူတစ် လုပ်နေတုန်း ဗြုန်း ဆို 'နှာ...........ဘူး' ဟု အော်သံကြီး ကြားရသည့်အခါ လန့်ပြီး ရှက်ကိုးရှက်ကန်း နှင့် တစ်ချိုးတည်း ပြေးပါ တော့သည်။ ခဏနေမှ နောက်ပေါက်ကနေ 'ကိုဘယ်သူနဲ့တွေ့ချင်လို့ပါဗျာ' ဟု ဆိုကာ ၀င်မေးရ၏။

တချို့ကတော့ မျက်နှာပြောင်တိုက်ကာ ဗြောင်ပင် လာကြောင်၍ အတန်းထဲက သူငယ်ချင်းများကလည်း မရပ်မနား 'နှာ...........ဘူး' ကို သံပြိုင်လိုက်ရာ တံခါးပေါက်မှာ မျက်နှာပင် ပေါ်မလာတော့ချေ။ တစ်ယောက်စ နှစ်ယောက်စသာ ပေတေပြီး မိုက်ကြည့် ကြည့်သော်ငြား လူအုပ်နှင့် အော်သောအခါ မရချေတော့။ လစ်ရပါတော့သည်။

လူ၏ သဘာဝကလည်း ခက်သားလား။ အတန်းထဲက သူငယ်ချင်း မိန်းကလေးများကို မည်သူမျှမပိုင်သေး။ သို့သော် ကိုယ့်အတန်းထဲက လူများဖြစ်၍ သူများလာကြည့်သည်ကို မခံချင်သောအခါ စနောက် တုန့်ပြန် ကြသည်။ ထိုအခါတွင် အတန်းထဲက မိန်းကလေးများကရော မည်သို့ နေပါသနည်း။ အမယ်...... စက္ကူမြားများ 'တိန်' ခနဲ မြည်အောင် မှန်စဉ်က ဒေါကန်နေသူအချို့ပင် ကျွန်တော်တို့ ယောက်ျားလေးများ 'နှာ...........ဘူး' ဟု အော်ပြီး အပြင်က ငနဲများ ထွက်ပြေးပါက ပြုံးကြ၊ ရယ်ကြ၊ သဘောကျကြ၊ ဟားကြနှင့်။ သည်လိုနှင့် ဆရာ၊ ဆရာမ မလာခင်နှင့် လာပြီးအချိန်များမှာ L-2 သည် 'နှာ...........ဘူး' ပွဲတော်နှင့် စည်ကားနေခဲ့ တော့၏။

ကျွန်တော်တို့သည် ရံဖန်ရံခါ စိတ်ဆိုးတတ်ကြ၏။ ရံဖန်ရံခါ စနောက်တတ်ကြ၏။ များသော အားဖြင့် ပျော်တတ် ကြ၏။ ထိုသို့ စရင်း နောက်ရင်း၊ စိတ်ဆိုးရင်း၊ ပျော်ရွှင်ကြရင်းဖြင့် သူငယ်ချင်းများလည်း ဖြစ်လာခဲ့ကြ၏။ ။


ဆူးသစ်
၂၀း၁၅ နာရီ
၂၉.၁၀.၂၀၁၀

Thursday, October 28, 2010

"စင်္ကာပူ သီတင်းကျွတ်"


မြတ်စွာဘုရားသည် နတ်ပြည်သို့ကြွ၍ မယ်တော် တော်စပ်ခဲ့သော နတ်သားကို ၀ါတွင်းသုံးလ တရားချီးမြှင့် ပြီးနောက် လူ့ပြည်သို့ ပြန်ကြွလာခဲ့သည်။ မြတ်စွာဘုရား ပြန်ကြွလာသည်ကို ဆီမီးဖြင့် ပူဇော်ကြ၏။ ထို့အပြင် မိဘကျေးဇူး ဆပ်သည်ဆိုသော အထိမ်းအမှတ်ဖြင့် မိဘ၊ ဘိုးဘွား၊ ဆရာသမားတို့ကို ကန်တော့ကြရာ သီတင်းကျွတ်လပြည့်နေ့ နှင့် လပြည့်ကျော်တစ်ရက်တို့တွင် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ တိုင်းပြည်တွင် ကြည်နူးစရာ ကောင်းလှ၏။

လပြည့်နေ့နားနီးစဉ်က အိမ်ကိုဖုန်းဆက်ရင်း လပြည့်ကျော်တစ်ရက်မှာ ဖုန်းခေါ်၍ မိဘများကို ကန်တော့မည် ဖြစ်ကြောင်း ကြိုပြောထား၏။ လပြည့်နေ့နံနက် Site ထဲမှာ အလုပ်သမားများကို Safety နှင့် ပတ်သက်၍ ပြောရသော ဟောပြောပွဲငယ် (Tool Box Talk) မှာ မြန်မာများကို နေ့ထူးနေ့မြတ်နှင့် ပတ်သက်ပြီး ပြောစရာ ရှိသောကြောင့် မြန်မာလိုပြောခွင့်ပြုရန် Construction Manager ထံ ခွင့်တောင်းပြီး သတိပေးစကား အနည်းငယ် ပြောပြဖြစ်သည်။

' ယနေ့လပြည့်နေ့ဖြစ်ကြောင်း၊ ဘုရားဆွမ်းကပ်၊ ဆီမီးထွန်း၊ မိဘများထံ လပြည့်ကျော်တစ်ရက်မှာ ဖုန်းဖြင့် လှမ်းဆက်၍ ကန်တော့သင့်ကြောင်း၊ ချစ်သူရည်းစား ရှိသူများ ဖုန်းခအကုန်ခံ၍ ဆက်သလို၊ မိဘများကို ကန်တော့ခြင်းဖြစ်၍ ပိုဆက်သင့်ကြောင်း' သတိပေးလိုက်သည်။ တချို့ဆို ကျွန်တော်ပြောမှ လပြည့်နေ့မှန်း သိကြောင်း၊ ဟောပြောပွဲ အပြီး လာပြောကြသည်။

အိမ်မှာတော့ ယခင်နေ့ကတည်းက ဇနီးသည်က Clementi NTUC မှ သစ်သီးများ ၀ယ်လာသည်။ မိုးမလင်းခင် ကျွန်တော် အလုပ်မသွားမီမှာ ဆွမ်းရော၊ သစ်သီးပါ အဆင်သင့် ပြင်ပေး၏။ ဘုရားဆွမ်းကပ်ပြီး ကျွန်တော် အလုပ်သွားခဲ့သည်။ ဇနီးက လပြည့်နေ့မှာ ဥပုသ်စောင့်၏။

လပြည့်ကျော်တစ်ရက်နေ့မှာတော့ အလုပ်က အပြန်ညနေမှာ အိမ်ကိုဖုန်းဆက်၍ အမေ နှင့် အဖေကို ကန်တော့သည်။ ရန်ကုန်မှာ ရှိစဉ်ကတည်းက 'ကာယကံ၊ ၀စီကံ၊ မနောကံ နှင့် ပြစ်မှားမိလျှင် ခွင့်လွှတ်ပါ' ဟု ဆိုကာ ကန်တော့ နေကျ။ ဇနီးသည်လည်း သူ့အဘိုး၊ အဘွားအိမ် လှမ်းဆက်သည်။ သူ့မိဘများ၊ အဘိုး၊ အဘွားအိမ် ရောက်နှင့် နေသည်ကို သိ၍ ဆက်လိုက်ရာ တစ်ချက်ခုတ် လေးငါးချက် ပြတ်တော့သည်။

မိဘများသာမက၊ အဒေါ်များပါ ရောက်နေ၍ အားလုံးကို ရော၍ ကန်တော့လိုက်သည်။ တချို့ အဒေါ်များက ကန်တော့ ခံချင်၍ လှမ်းပြီးစနောက်ကြရာ ကျွန်တော်က 'မြန်မာထုံးစံ ကန်တော့ပြီး မုန့်ဖိုးပြန်ပေးရမယ်နော်' ဟု ဆိုရာ 'လေနဲ့ကန်တော့တာ လေပဲပြန်ရမှာပေါ့' ဟု ပြန်စကြ၏။ အားလုံးသည် ပျော်ရွှင် ကြည်နူးနေကြသည့်ပုံ။ ဇနီး၏အဒေါ်များက သူတို့မိဘများကို ကန်တော့ကြသည်ဟု သိရ၍ ဇနီးသည်၏ အဘိုး၊ အဘွားအိမ်မှာ လူစုံနေသည့်နှယ်။

ကျွန်တော်တို့ အိမ်မှာလည်း အစ်ကိုကြီးနှင့် ညီလေးက မိဘများကို ကန်တော့ပြီးလေပြီ။ ကျွန်တော်က အဘိုးပဲ ရှိတော့၍ အဘိုး နှင့် အိမ်မှာရှိသော အဒေါ်ကို လှမ်းကန်တော့၏။ ဖုန်းဖြင့် ကန်တော့ပြီး မိဘများက ဖုန်းဖြင့် ဆုများပေးကြ၏။

ဖုန်းဆက်ပြီး အိမ်ပြန်ရောက်သောအခါ အိမ်ရှင်သူငယ်ချင်း၏ အမျိုးသမီးက ဆီမီးထွန်းနေလေပြီ။ စင်္ကာပူ မှာတော့ ကျွန်တော်တို့မှာ ကန်တော့စရာ လူကြီးမိဘ မရှိ။ သူငယ်ချင်းများလည်း ထို့အတူ။ ကျွန်တော်တို့ကို လာကန်တော့မည့် သူများလည်း မရှိ။ သူငယ်ချင်း၏ အမျိုးသမီးပင် ကျွန်တော့်ဇနီးသည် ပြောပြ၍ လပြည့်နေ့ကို သတိရသွားတာဖြစ်သည်။

ကျွန်တော့် အတွေးမှာ မြန်မာပြည် သီတင်းကျွတ်ကို ပြေးမြင်၏။ စင်္ကာပူမှာ သီတင်းကျွတ်ဆိုသည်ကား မေ့နေသူများသည်ဟု ထင်သည်။ ကိုယ့်အလုပ်နှင့်ကိုယ်မို့ ဘာနေ့မှန်းမသိကြ။ အားလုံးသည် ခြောက်ကပ်ကပ်။ ။


ဆူးသစ်
၁၉း၁၄ နာရီ
၂၈.၁၀.၂၀၁၀

Wednesday, October 27, 2010

"ဆေးမမီတဲ့ အင်ဂျင်နီယာ"



"၀ါး....ဟား...ဟား....ဟား "

အတန်းထဲကို ၀င် ၀င်ချင်း ကျွန်တော်ထိုင်နေကျ ခုံတန်းလျားတွေနားက ရယ်သံတွေ ကြားလိုက်ရသည်။ သည်ကောင်တွေ အစ်ကိုကြီးကို စနောက်နေကြပြီပဲဟု တွေးမိ၏။

ကျွန်တော်တို့ ဆဌမနှစ်(နောက်ဆုံးနှစ်) ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ပညာသင်ကြားနေသော စက်မှု အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ ကျောင်းသားများထဲမှာ အသက်အကြီးဆုံး ကျောင်းသားကြီး တစ်ယောက်ပါပြီး သူ့ကို အားလုံးက ချစ်ချစ်ခင်ခင်ဖြင့် အစ်ကိုကြီးဟု ခေါ်ကြသည်။

အစ်ကိုကြီးကို စပြီးသိခဲ့သည်က ကျွန်တော်တို့ ပဉ္စမနှစ်စတက်ချိန်မှာ ဖြစ်သည်။ အစ်ကိုကြီးက နှစ်ကျသမား။ ရှေ့နှစ်တွေမှာ ဘယ်လောက်ကြာကြာ ထိုင်ခဲ့ပြီမသိ။ ကျွန်တော်တို့နှင့် တွေ့ချိန်မှာ အစ်ကိုကြီးအသက်က ကျွန်တော်တို့ထက် ခြောက်နှစ်မျှ ကြီးနေသည်။

အစ်ကိုကြီးပြောတော့ သူက နှစ်နှစ်ဆက်တိုက်ကျလိုက်၊ ပြင်ပဖြေလိုက်၊ ပြန်ဝင်လိုက် တချို့နှစ်တွေမှာ ဆေးခွင့်နှင့်နားလိုက် နေခဲ့ရာမှ သည်အသက်အရွယ်ထိ ရောက်သွားခြင်း ဖြစ်သည်တဲ့။ ဖြစ်နိုင်သည်။ ကျွန်တော်တို့ကျောင်းမှာ စာမလုပ်လျှင်လည်း ကျသည်။ ဆေးခွင့်နှင့်နားတာတော့ အစ်ကိုကြီးမှာ ရောဂါတစ်ခုခု ရှိလိမ့်မည် ထင်၏။

နောက်မှ ကျွန်တော်တို့သိရသည်က အစ်ကိုကြီးမှာ စိတ်ရောဂါတစ်ခုခု ရှိနေခြင်းဖြစ်သည်။ သိပ်ဆိုးဆိုး ၀ါးဝါးကြီး တော့ မဟုတ်။ စာသင်နေလျှင် သူက ခေါင်းတဆတ်ဆတ်နှင့် တစ်ချိန်လုံး ခေါင်းပဲညိတ်နေသည်။ သူ့မျက်လုံးများက ဆရာတွေဆီမှာ ရောက်နေသော်လည်း သူ့လက်ချောင်းများက ဆတ်ဆတ်ဆတ်ဆတ် နှင့် လှုပ်ခါနေသည်။

အသိဥာဏ်များစွာ လွတ်သွားတာမျိုး မဟုတ်။ စာတွေ လိုက်မှတ်နိုင်သေးသည်။ သို့သော် လူကောင်း တစ်ယောက်လိုလည်း မဟုတ်ပြန်။ သူ့လက်ရေးကို ကျွန်တော်တို့ လုံးဝဖတ်မရခဲ့။ သည်လိုနှင့် ပဉ္စမနှစ်ကို အောင်ပြီး ကျွန်တော်တို့နှင့်အတူ နောက်ဆုံးနှစ်ကို ရောက်လာခဲ့၏။

ကျွန်တော်တို့နှင့် အစ်ကိုကြီး ရေစက်ပါသည်ဟုပဲ ဆိုရမည်ထင်ပါသည်။ ကျွန်တော်တို့နှင့်မှ နောက်ဆုံးနှစ်ကို အတန်းတူတူလိုက်တက်ရသည် မဟုတ်လား။ အားလုံးကလည်း သူ့ကို ခင်မင်ရင်းစွဲ ရှိနေပြီ ဖြစ်သည်။

* * * *

"အစ်ကိုကြီး ကျွန်တော့်ကို စာအုပ်ငှားပါဗျာ။ အစ်ကိုကြီးဆီက စာအုပ်က လိုင်ဘရီ (Library) မှာ မရှိဘူး"

သူငယ်ချင်းတစ်ယောက်က အစ်ကိုကြီးဆီက စာအုပ်တစ်အုပ် (Text book) ကို ငှားနေသံကြားရသည်။

"ရတယ်ညီလေး။ ယူသွား။ အေးအေးဆေးဆေးဖတ်နော်။ အေးအေးဆေးဆေးပဲ။ ပြီးရင်လဲ အစ်ကိုကြီးကို ပြန်ရှင်းပြဦး။ အစ်ကိုကြီးလဲ ဘာမှ မဖတ်ရသေးဘူး "

"ဟာ စိတ်ချ။ ကျွန်တော်နားလည်သလို အစ်ကိုကြီး နားလည်စေရမယ်"

သူငယ်ချင်းက အစ်ကိုကြီးဆီက စာအုပ်ယူပြီး ကျွန်တော့်နားလာထိုင်သည်။ အစ်ကိုကြီးက နှစ်တွေ ကြာနေပြီမို့ ဆရာ၊ ဆရာမတွေအားလုံးက သိကာ ရင်းနှီးနေကြပြီးသား။ ထို့ကြောင့် အစ်ကိုကြီးနှင့် ကျွန်တော်တို့လိုချင်သော စာအုပ်တချို့က စာကြည့်တိုက်မှာ မရှိ၍ ဆရာတွေဆီက ငှားလျှင် အစ်ကိုကြီးက ဦးအောင်ရသွားတတ်၏။ အိမ်မှာ ဖတ်မဖတ်တော့မသိ။ ကျောင်းမှာဆို စာအုပ်ကြီးတွေ တကိုင်ကိုင်နှင့်။ ပြီးတော့ အတန်းအားချိန်မှာ ထိုစာအုပ်တွေကို အစ်ကိုကြီးက ခေါင်းအုံးလုပ်ပြီး အိပ်လိုက်သေးသည်။

သည်တော့(Library) မှာ စာအုပ်ငှား၍ မရသူတွေက ဖတ်ချင်လျှင် အစ်ကိုကြီးဆီအရင်ပြေးရသည်။ သူ့ဆီက စာအုပ်ငှားလျှင်တော့ ဘယ်တော့မှ မတွန့်တိုတတ်။ သူ့ဘာသာကြိုက်သည်ဟု သတ်မှတ်သော စာအုပ်မျိုး ကိုတော့ မိတ္တူကူးထားပြီး သိမ်းထားတတ်သည်။

"ဟေ့ကောင် ကိုလတ်၊ ဒီမှာကြည့်စမ်း"

စာအုပ်ငှားလာသော သူငယ်ချင်းက အစ်ကိုကြီးစာအုပ်ကို ဖွင့်ပြစဉ် (Preface) ဆိုသော စကားလုံး၏ နောက်မှာ 'နိဒါန်း' ဟု စာလုံးအကြီးကြီး ရေးထားသည်ကို တွေ့လိုက်ရ၍ ကျွန်တော်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ပြုံးမိကြသည်။ သည်အရွယ် သည်အတန်းရောက်မှ (Preface) ဆိုသော စာလုံးနောက်မှာ မည်သူမျှ 'နိဒါန်း'ဟု မရေးတော့ပါ။ ဧကန္တ ဒါ အစ်ကိုကြီး မိတ္တူကူးထားသော စာအုပ် ဖြစ်နိုင်သည်။ စာမျက်နှာ တစ်မျက်နှာလုံးလည်း သူ့လက်ရေးတွေ ရှုပ်ပွနေသည်။ လက်ရေးကလည်း မညီညာ။ စာလုံးက အကြီးကြီးတွေ ဖြစ်သည်။ ကျွန်တော်တို့ ဘယ်လိုမျှဖတ်၍မရ။

"အစ်ကိုကြီးတော့ ဒီပုံအတိုင်းဆို မလွယ်ဘူးထင်တယ်"

သူငယ်ချင်းကဆိုသည်။ ကျွန်တော်က "အေးကွာ" ဟု ပြောလိုက်မိ၏။

* * * *

"ဟေ့ကောင် ကိုလတ်ရေ၊ မင်းတို့ကြည့်လုပ်၊ အစ်ကိုကြီးက Air Con ကို နှစ်ခေါက်တောင် ပြီးနေပြီတဲ့ဗျာ"

အတန်းထဲဝင်ပြီး ထိုင်ရုံရှိသေးသည် ဘေးကသူငယ်ချင်းစကားကြောင့် နားမလည်စွာ ငေးကြည့်မိ၏။ ကျွန်တော်တို့ ခုံနှင့် ကပ်လျက် ရှေ့ခုံမှာထိုင်သော အစ်ကိုကြီးက စာတွေကိုပိုင်သည်ဆိုသော မျက်နှာပေးနှင့် လှမ်းကြည့်သည်။

"အစ်ကိုကြီး၊ ဘယ်ဘာသာကို ဘယ်နှစ်ခေါက် ပြတ်နေပြီလဲဆိုတာ ဒီကောင့်ကို ပြောပြလိုက်စမ်းပါဗျာ"

ကျန်သူတွေ၏မျက်နှာက အစ်ကိုကြီးကို စနောက်လိုဟန်၊ သို့မဟုတ် အထင်သေးဟန် ပါနေသည်။ လူငယ်စကားနှင့် ပြောရလျှင် 'ကျပ်' နေသည့်ပုံ။

"ဟုတ်တယ်ညီလေးရ၊ ဒီကောင်တွေကို အခုတောင် ပြောပြနေတာ၊ IC ဆိုနှစ်ခေါက်ပြီးတော့မယ်၊ Vibration ဆို တစ်ခေါက်ခွဲ ဖြစ်သွားပြီ၊ Air Con က နှစ်ခေါက်တိတိပဲ၊ Cooling Load ပါ ပါတယ်"

အစ်ကိုကြီးမျက်နှာက သူစာတွေကြည့်ပြီးနေ၍ အခေါက်ရေတွေပင် ထပ်နေသောကြောင့် ဂုဏ်ယူ နေသည့်ပုံ။ အားလုံးကိုလည်း မျက်လုံးပြူး၊ ခေါင်းလေးဆတ်တောက်ဆတ်တောက်၊ လက်ကလေး တလှုပ်လှုပ်နှင့် ကြည့်ကာ ပြောနေသည်။ ကျွန်တော့် သူငယ်ချင်းတွေကလည်း တချို့က ကရုဏာသက်စွာ၊ တချို့က အထင်သေးစွာ၊ တချို့က ပြက်ရယ်ပြုကာ စသော ပုံစံအမျိုးမျိုးနှင့် ကြည့်နေကြသည်။

"ဒါဆို အစ်ကိုကြီးရာ၊ အစ်ကိုကြီးကို စာတွေ မရှင်းတာတွေ မေးဦးမှပဲ၊ ကျွန်တော်တို့မှာ တစ်ခေါက် ကြည့်တာတောင် မပြီးလို့ စိတ်ညစ်နေတာ"

စာတော်သော သူငယ်ချင်းတစ်ယောက်က နောက်သလိုလို ပြောတော့ ကျွန်တော် အစ်ကိုကြီးကို အားနာမိ သည်။ ရောဂါသည် တစ်ယောက်ဟု အားလုံးက လက်ခံထားသူတစ်ယောက်ကို သည်လို နောက်တာမျိုးတော့ မလုပ်သင့်ဟု ကျွန်တော်ထင်သည်။

"မင်းက ပိုတော်ပါတယ် ညီလေးရာ၊ အစ်ကိုက ကြည့်လို့သာအခေါက်ရေ များတာပါ၊ စာတွေက သေသေ ချာချာ နားမလည်သေးပါဘူး"

အစ်ကိုကြီးက သူ့အခြေအနေကို အမှန်အတိုင်းပြောတော့ အားလုံးပြုံးသည်။ ကျွန်တော်ကတော့ အစ်ကိုကြီးမှာ ရံဖန်ရံခါ သူ့ကို အားလုံးက စနောက်နေခြင်း၊ စိတ်မမှန်ဘဲ စိတ်နှင့်ကိုယ် ကင်းကွာနေသူဟု ယူဆနေခြင်းများကို နားလည်နေသော ပုံမှန်အသိစိတ်တွေ ရှိနေသည်ဟု နားလည်နေမိသည်။ ခုနတုန်းက အစ်ကိုကြီးပြောလိုက်တာ သူ့ကို ၀ိုင်းနောက်နေမှန်းသိ၍ တမင်နှိမ့်ချကာပြောမှန်း ကျွန်တော်သိသည်။

အစ်ကိုကြီးပြောသော ဘာသာရပ်များသည် စာအရမ်းများ၍ တကယ်နှစ်ခေါက်ပြီးဖို့ မလွယ်မှန်း ကျွန်တော် နားလည်ပါသည်။ သို့သော် ကျောင်းမဖွင့်ခင်ကတည်းက ကျူရှင်တက်နေသူတချို့ကျတော့ ကျူရှင်တက်စဉ် တစ်ခေါက်၊ ကျောင်းမှာတက်စဉ် တစ်ခေါက်မို့၊ နှစ်ခေါက်ပြီးဖို့ ဖြစ်နိုင်လေသည်။ ဒါတောင် တစ်နေ့သင်သောစာ တစ်နေ့ ပုံမှန်ပြန်လုပ်နိုင်မှ ဖြစ်ပေလိမ့်မည်။

အစ်ကိုကြီးကိုတော့ နှစ်ကြီးသမားမို့ ဆရာ၊ ဆရာမတွေက အကြောင်းစုံ သိပြီးသားဖြစ်၍ ကရုဏာသက်ကာ တချို့ဆရာတွေက အလကား ခေါ်သင်ပေးကြသည်။ သည်တော့ ပဉ္စမနှစ်ပြီးကတည်းက နောက်ဆုံးနှစ်အတွက် ကြိုသင်ထားနိုင်သော အစ်ကိုကြီးမှာ နှစ်ခေါက်မက ပြီးနိုင်သည်။ ပြီးသည်ဆိုတာက သင်ပြီးတာလား၊ စာကြည့် တာလား ဆိုတာတော့ မကွဲပြား။

ကျွန်တော်တို့ကျောင်းမှာ စာနှင့်ပတ်သက်လျှင် ဘယ်သူကဘယ်နှစ်ခေါက်ပြီးနေပြီ ဆိုတာမျိုးကို မသိမသာ ပြိုင်ကြရင်း (ကြွားတာလည်းဖြစ်နိုင်ပါသည်) စာကို အလုအယက် ကြိုးစားသည်ဟု ဆိုရလောက်အောင် လုပ်ကြသည်။ ကျွန်တော်နှင့် သူငယ်ချင်းတချို့အယူအဆကတော့ ဘယ်သူဘယ်နှစ်ခေါက်ပြီးသည် ဆိုခြင်းထက် စာဘယ်လောက်ရသည် ဆိုခြင်းက ပိုအရေးကြီးသည်ဟု ထင်သည်။ သို့သော်လည်း အခေါက်ရေများ၍ စာလည်းရသူဆိုလျှင်တော့ စာမေးပွဲအောင်စာရင်းမှာ ခုံနံပါတ် (အဆင့်) မြင့်ကာ ထိပ်မှာရှိသည်က များပေသည်။ အများအားဖြင့်လည်း ထိုသို့ အခေါက်ရေများများပြီးကာ ခုံနံပါတ်မြင့်သူများသည် ကျုရှင် ကြိုတက်ကာ စာပြတ်နေသူများပင်။

ခုံနံပါတ်တစ်ဆယ်အတွင်းမှာ ကျူရှင်မယူဘဲရှိနေသူသည် အင်မတန်စာလုပ်နိုင်လွန်း၍ပင်။ ရှိတော့ရှိသည် သို့သော် ရှားသည်ပေါ့။

ယခု အစ်ကိုကြီးစကားတွေ နားထောင်ပြီး ကျွန်တော်တို့ ပုံသေခန့်မှန်း၍ မရ။ စာတွေနားမလည်သေးပါဆို၍ သူပြီးသည်ဆိုခြင်းက သင်ပြီးတာလား၊ စာကြည့်ပြီးတာလား ဝေခွဲမရ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အားပေးမိသည်။

"ရအောင်လုပ်ပေါ့ အစ်ကိုကြီးရာ၊ ကျွန်တော်တို့ ဒီနှစ်နောက်ဆုံးပဲ၊ ပြီးရင် အင်ဂျင်နီယာဖြစ်ပြီ၊ မရှင်းတာရှိရင် သူငယ်ချင်းတွေ တိုင်ပင်လုပ်ကြတာပေါ့"

ကျွန်တော့် စကားကြောင့် အစ်ကိုကြီးက ခေါင်းညိတ်သည်။ သူငယ်ချင်းတချို့ ကိုယ့်နေရာကိုယ် ပြန်ထွက်သွား၏။


* * * *

"ဒို့ကျောင်းမှာက အစဉ်အလာလိုဖြစ်နေပြီ ထင်ပါရဲ့ကွာ"

အစ်ကိုကြီးကို ခင်သော သူငယ်ချင်းတစ်ယောက်က ထမင်းစားပြီး ခဏနားချိန်မှာ ပြောသည်။ အစ်ကိုကြီးကတော့ အတန်းနောက်နားမှာ တခြားသူငယ်ချင်းတွေ စနောက်တာကို ခံရင်း ရယ်ရယ်မောမော ရှိနေသည်။ ဒါကို ကြည့်ပြီး ပြောခြင်းဖြစ်၏။

"အေးကွာ၊ ငါတို့ First Year ကတည်းက တွေ့ဖူးတယ်။ ကျောင်းသားတစ်ယောက် လွယ်အိတ်ထဲမှာ စာအုပ်တွေ အများကြီးထည့် Walkman ကက်ဆက်လေးနဲ့ L-1 နဲ့ L-2 ကိုပတ်နေတာ။ စာမသင် မချင်းဘဲ၊ စာသင်ပြီလည်းဆိုရော ထွက်သွားရော၊ တစ်ခါတစ်ခါ ပန်းခြံထဲမှာ သီချင်းနားထောင်ရင်း ဒူးနှန့် နေတတ်တယ်"

ကျွန်တော်မှတ်မိသော တစ်ယောက်ကိုပြောလိုက်တော့ သူငယ်ချင်းတချို့ အာရုံပိုဝင်စားလာကြ၏။

"နောက်ပြီး ကိုလတ် မင်းနဲ့သိတဲ့တစ်ယောက်လေ၊ သူကတော့စာကြောင်တာလား၊ ကောင်မလေးတွေ ကြောင်တာလား မသိဘူး၊ စာသင်နေရင်း ကိုယ့်အတန်းထဲက ကောင်မလေးတွေကို အတန်းအပြင်က ထွက်ထွက် ကြည့်တာလေ၊ ပထမတော့ ရိုးရိုး ချစ်လို့ ကြိုက်လို့ ကြည့်တယ်ထင်တာ၊ နောက်တော့ သူ့ဟာက ဘယ်ဟုတ်မလဲ၊ လွယ်အိတ်မှာပါ ကောင်မလေးနာမည်ထိုးလာတာ"

သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို ပြန်ပြောသည်။

" ငါသိပြီ၊ သူက စာကြောင်ဖြစ်သွားတာ မဟုတ်ဘူး၊ ကားအက်ဆီးဒင့်ကြောင့်၊ ပထမနှစ်မှာ စာမှ မများသေးတာ၊ နောက်တော့ ကျောင်းမှာ မတွေ့ရတော့ဘူး၊ တစ်ခါတလေ ငါနဲ့တွေ့ရင် သွားကြီးဖြီးပြီး အားရ၀မ်းသာနှုတ်ဆက် သေးတယ်၊ စာတော့လုံးဝ ဆက်သင်လို့မရတော့ဘူး"

ပထမနှစ်မှာ ကျွန်တော့်ကဗျာတွေ၊ စာတွေဖတ်ပြီး ခင်သွားသော သူငယ်ချင်းမို့ ပိုပြီး မှတ်မိနေပြန်သည်။

"Second Year ကတော့ အဆိုးဆုံးပဲထင်တယ်နော်"

" ဟုတ်တာပေါ့၊ ဆရာတွေတောင်ပြောတာ ကြည့်ပါလား၊ လိုင်းခွဲမှာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အပြိုင် အဆိုင်တွေကများ၊ မနာလိုတာတွေကများ၊ စာကပိ၊ အဲဒီ့မှာ ရှုပ်ကုန်ရော"

"ငါ့သူငယ်ချင်းတစ်ယောက်လည်း ယဉ်ယဉ်လေးပဲဖြစ်သွားတာ၊ Second Year အတွက် ကျူရှင် တက်နေတုန်း ရှေ့က စာသင်နေတဲ့လူတွေရဲ့ ခေါင်းပေါ်ကို ရေတွေလောင်းချတာ ဆရာမက ဖျောင်းဖျပြီး အိမ်ပြန်လွှတ်လိုက် ရတယ်၊ နောက်တော့ လမ်းမှာတွေ့သမျှလူကို လိုက်ပြုံးပြနေတာ၊ သွားလေးစေ့ပြီး၊ ကျောင်းမှာလဲ အဲဒီ့လိုပဲ Second Year စာမေးပွဲဖြေပြီးတဲ့နေ့ ငါ့အိမ်ရောက်လာပြီး သုံးတန်းအတွက် စာတွေမေးချင်လို့ဆိုလို့ ငါ့မှာကွာ မနည်းတောင်းပန် ပြန်လွှတ်လိုက်ရတယ်။ နောက်တော့ သူလည်း ကျောင်းကထွက်ရတာပါပဲ"

သုံးတန်းဆိုသည်က တတိယနှစ်ကို ကျောင်းအခေါ် ခေါ်ခြင်းဖြစ်သည်။ ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံးသိ မီသမျှ စိတ်နှင့်ကိုယ် လွတ်နေသော သူငယ်ချင်းများအကြောင်းကို ဆက်ဆွေးနွေးဖြစ်ကြ၏။

"ဆရာဦးအောင်မြင့် ပြောတာလည်း ရှိသေးတယ်။ ဆေးရုံရောက်သွားတဲ့ လူတစ်ယောက်လေ၊ ဆရာတွေ သွားတွေ့တာကို ရန်တွေ့လွှတ်တယ်ဆိုတဲ့ အကြောင်းလေ၊ ဆရာကတောင် ပြောသေးတယ်၊ သတိထားကြတဲ့၊ ၄၄ကားရောက်တာ မင်းတို့ကျောင်း တစ်ကျောင်းတည်းရယ်တဲ့"

အဲဒါလည်း ဟုတ်သည်။ ဆေးရုံရောက်သွားသောကျောင်းသားက ဒုတိယနှစ်စာမေးပွဲမှာ စာတွေမရတော့၍ စိတ်နှင့်ကိုယ် လွတ်သွားခြင်းပင်။ ဆေးရုံကို လာမေးသော ဆရာတွေထဲမှ မေးခွန်းခက်ခက်မေးသည်ဟု သူထင်သော ဆရာကို မလာနဲ့ဟုဆိုကာ ရန်တွေ့လွှတ်ကြောင်း၊ ဒုတိယနှစ်တုန်းက ဓာတုဗေဒသင်သည့် ဆရာဦးအောင်မြင့်ကပြောဖူး၍ သိခဲ့ရ၏။

ပြီးတော့ ထိုအချိန်က "စိတ်ရောဂါအထူးကုဆေးရုံကြီး" (တံတားလေး)သို့ ရောက်သော ၄၄ကားသည်လည်း တက္ကသိုလ်တွေထဲမှာ ကျွန်တော်တို့ ရန်ကုန်စက်မှုတက္ကသိုလ် တစ်ခုတည်းကိုသာ ဖြတ်၍ ဆရာကရယ်စရာ အဖြစ်ပြောခဲ့သည်ကို သူငယ်ချင်းက မှတ်မိနေ၍ ပြောပြခြင်းဖြစ်သည်။

"မေဂျာထဲမှာ EC က ဆားကစ်တွေလေ့လာရလို့ ပိုပြီးဖြစ်ကြတယ်လို့ ကြားဖူးတယ်၊ တို့ မက်(ခ်)လည်း ဖြစ်တာပါပဲကွာ၊ ငါးတန်းတုန်းက အဆောင်ကတစ်ယောက် စာမေးပွဲဆက်မဖြေဘဲ အဆောင်ကအခန်းထဲမှာ ၀ုန်းဒိုင်းကျဲတာ အခန်းဖော်က ထွက်ပြေးရရော၊ နောက်တော့ ဆရာတွေက ဆေးရုံကို ပို့လိုက်ရတယ်"

စက်မှုဘာသာရပ် (Mechanical) ကို ကျောင်းသားတွေက မက်(ခ်)ဟု အတိုကောက်ခေါ်ကြ၏။ EC ဆိုသည်က Electronic ဘာသာရပ်ဖြစ်သည်။ EC မှာ ဒုတိယနှစ် အမှတ်အများဆုံးတွေ တက်ကြပြီး ဒုတိယလိုက်သော ကျွန်တော်တို့ စက်မှုဘာသာရပ်လို ကြီးကြီးမားမား အင်ဂျင်လိုဟာမျိုးကို မသင်ရဘဲ သေးသေးမွှားမွှား Circuit တွေသင်ရ၍လား မဆိုနိုင်၊ သူတို့မေဂျာက ပိုပြီး စိတ်နှင့်ကိုယ်လွတ်သူ များသည်ဟု ကြားဖူးသည်။

အမှန်မှာတော့ သူ့မေဂျာနှင့် သူ့ဘာသာ စာကိုထိန်းထိန်းသိမ်းသိမ်း ချင့်ချိန်မလုပ်လျှင် ဘယ်မေဂျာမဆို ဘယ်ဘာသာမဆို ဖြစ်မှာမလွဲပင်။

"ငါတို့ကျောင်းကို အပြင်မှာလည်း လူတွေက အဲဒီလိုဖြစ်တတ်တယ်ဆိုတာ သိနေကြတယ်နော်၊ တစ်နှစ် တစ်ယောက်လောက်တော့ ပုံမှန်ဖြစ်တယ်လို့တောင် ပြောနေကြသူတွေ ရှိတယ်"

"နှစ်တိုင်းတော့မဟုတ်ပါဘူး၊ စာလုပ်တိုင်းလည်း မဖြစ်ပါဘူး၊ အဲဒီလိုသာဆို ဒေါက်တာဘွဲ့ရတဲ့ဆရာတွေ၊ ဘွဲ့လွန်တက်ပြီး နောက်ထပ်ဘွဲ့နှစ်ခုသုံးခုလောက် ထပ်ယူနေတဲ့ဆရာတွေ ဘယ်ရှိတော့မှာလဲ၊ ခုဟာက တချို့က စာမှစာဆိုပြီးဖြစ်နေကြတာ၊ အဲဒီလိုလုပ်ရင်း ကိုယ့်ဘာသာ မချင့်ချိန်တတ်ရင်၊ နားချိန်နဲ့ မျှမျှတတ မလုပ်တတ်ရင်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ စာမလုပ်တတ်ရင် သွားတာပဲ"

"အဲဒါတင် ဘယ်ကမလဲ၊ ဒို့သင်ရတဲ့စာတွေက ကျက်ရတာမရှိသလောက်ပဲ၊ ကျက်တယ်ဆိုတာ Formula (ပုံသေနည်း) တွေလောက်ပဲ ရှိတာ၊ သီအိုရီတွေသင်တယ်၊ ဘာကြောင့် ဘာဖြစ်နိုင်တယ်၊ ဘယ်လို ဆက်လုပ်ရမယ်၊ ဘာတွေဖြစ်လာဦးမလဲ၊ ဒါတွေပဲ တစ်ချိန်လုံးတွေးနေရတာ၊ ပြီးတော့ မေးခွန်းကအစ Seen (မြင်ပြီးသိပြီးသား) မပါသလောက်ပဲ။ ပါရင်တောင် လွှဲပြီးမေးထားတာ၊ ပါတာကလည်း ငါးမှတ်ဖိုးလောက်ပဲ၊ ကျန်တာအားလုံး Unseen (လုံးဝမမြင်ရသေးတာ) တွေချည်းပဲ၊ ဆရာတွေပြောတာက ရှင်းတယ်လေ၊ ပြင်ပ လောကကြီးမှာ တကယ်ရင်ဆိုင်ရမှာ၊ မင်းတို့ ဖြေရှင်းရမှာက မင်းတို့ မမြင်နိုင်တဲ့ ပြဿနာတွေ ချည်းပဲတဲ့၊ အင်ဂျင်နီယာ ဆိုတာက Problem Solver ဆိုတော့ ပြဿနာပဲ ရှင်းရမှာပဲ။ အဲဒီမှာ သီအိုရီမှ နားမလည်ရင် စာမေးပွဲ ဖြေလို့ရမှာ မဟုတ်မှန်းသိတော့ ကျောင်းသားတွေက သီအိုရီတွေကို ထောင့်ပေါင်းစုံက လှည့်ပတ် စဉ်းစား၊ စာမေးပွဲမှာလည်း အဲဒီလိုပဲစဉ်းစားရ၊ ဒီလိုနဲ့ပဲ စဉ်းစားရင်း၊ စဉ်းစားရင်း ဆံပင်တွေဖြူတဲ့ကောင်နဲ့၊ ခုလို စိတ်နဲ့ကိုယ် လွတ်ထွက်သွားတဲ့ကောင်နဲ့၊ ဟား...ဟား....ဒီလိုပါပဲကွာ၊ သူ့ဟာနဲ့သူ ပြီးနေတာပါပဲ"

သူငယ်ချင်းတစ်ယောက်က စကားဝိုင်းကို အဆုံးသတ်ရင်း သူ့ဘာသာ သဘောကျနေသည်။ သူပြောတာတွေက ဟုတ်နေသည်။ ကျွန်တော်တို့တောင် ဦးနှောက်အရမ်းဟုန်နေလျှင် စာမကြည့်တော့ဘဲ သွားချင်ရာသွားကာ လုပ်ချင်ရာကို ပျော်ပျော်ရွှင်ရွှင် လုပ်ပစ်လိုက်ကြသည်။ အပန်းဖြေခြင်းဟု ဆိုရမည်ထင်၏။ အပန်းမဖြေလို့လည်း မဖြစ်။ အိမ်က ကျွန်တော့်မိဘတွေပင် ကျွန်တော်စာကြည့်နေစဉ် ခဏနားချင်၍ သီချင်းတစ်ပုဒ်လောက် ပေါက်ကရ ထအော်လိုက်လျှင် 'ငါ့သားတော့ရူးများသွားပြီလား' ဆိုသော အကြည့်မျိုးနှင့် လှမ်းပြီး အကဲခတ်တတ် သေးသည်ပဲ။

* * * *

စာမေးပွဲနီးလာသောအခါ ကျွန်တော်တို့စာတွေ ပိုဖိလုပ်ကြရ၏။ နောက်ဆုံးနှစ်မို့ ကိုယ်တစ်ယောက်တည်း ကျောင်းမှာ ကျန်ခဲ့မှာမျိုးလည်း အဖြစ်မခံချင်ကြ။ စာတွေက အရင်နှစ်တွေထက် ပိုများပြီး အပြင်လက်တွေ့ပိုင်း နှင့်လည်း နှီးနွယ်နေပြန်၍ စိတ်ဝင်စားကာ နှစ်ပြီး စာကြည့်နေချိန်ဖြစ်၏။ အထူးသဖြင့် ကိုယ့်အုပ်စုနှင့်ကိုယ် ဖွဲ့ကာ စာတွေတိုင်ပင်ဆွေးနွေးရင်း ကျန်သူတွေကို သိပ်ဂရုမစိုက်နိုင်ချိန် ရောက်နေပြီဟု ဆိုရမည်။

ထိုအချိန်မှာ အစ်ကိုကြီးတစ်ယောက်လည်း ကျွန်တော်တို့ အုပ်စုနားမှာနေကာ စာတွေလုပ်နေသည်။ ရံဖန်ရံခါ သူသီချင်းတွေဘာတွေ ဆိုနေ၍ စာမေးပွဲအတွက် စိတ်လက်ပေါ့ပါးနေပါလားတွေးရင်း ၀မ်းသာချင်သည်။ သူ့လိုပုံစံမျိုးက စာမေးပွဲကို ကြောက်နေလျှင် ပိုဆိုးသွားမည်ကို ကျွန်တော်တို့အားလုံး နားလည်နေ၏။

သို့သော် ကျွန်တော်တို့နားလည်မှုက ကြာရှည်မခံပါ၊ တစ်နေ့မှာ အစ်ကိုကြီးက ကျွန်တော့်ကို ရင်ဖွင့် လာပါတော့သည်။

"ကိုသားလတ် "

သူ ကျွန်တော့် နာမည်ခေါ်ကတည်းက မူမမှန်တာ သိသည်။ အရင်က ညီလေး ဘာညာနှင့်ခေါ်ပြီး ခု "ကို" တွေ ဘာတွေ တပ်ပြီး နာမည်ခေါ်ကတည်းက သိပ်မဟုတ်တော့။ သူ့ လက်ချောင်းလေးတွေ ပိုမို တုန်ခါနေသည်။ သူ့ခေါင်းက ပို၍ လှုပ်ခါနေ၏။ မျက်တောင်များက ခတ်လွန်းအားကြီးနေသည်။

"ကျွန်တော် စာမေးပွဲကို အရမ်းကြောက်နေတယ်ဗျာ"

"ဟာ.....အစ်ကိုကြီးကလည်း၊ ဘာကြောက်စရာရှိလဲ၊ ကဲ....ပြော၊ အစ်ကိုကြီးကြောက်တာကို ကျွန်တော့်ကိုပြော၊ ဘာကိုကြောက်တာလဲ"

"ကျွန်တော် စာတွေ မရသေးဘူးဗျာ၊ ဒီအတိုင်း စာမေးပွဲဖြေရင် ကျပြီပေါ့၊ ကျရင် အားလုံးနဲ့ ခွဲရမှာ"

အစ်ကိုကြီးက ကျွန်တော့်ကို လေးလေးစားစားနှင့် သူဘယ်တုန်းကမျှ မသုံးသော "ကျွန်တော်" တွေ၊ ဘာတွေ သုံးကာပြောနေ၍ သူ့အခြေအနေကို ကျွန်တော် ရိပ်မိသည်။ ကျန်သူငယ်ချင်းတွေကလည်း ကိုယ့်စာကိုယ် လုပ်နေကြ၍ ကျွန်တော်နှင့်အစ်ကိုကြီး စကားပြောနေတာကို သာမန် ပြောရိုးပြောစဉ်ဟု ထင်ပေလိမ့်မည်။

"အစ်ကိုကြီး ဘာမှစိတ်ဓါတ်မကျနဲ့၊ စာမရလို့ စာမေးပွဲကို ကြောက်တာမဟုတ်လား၊ ခု ......... ဒီအတန်းထဲက လူတွေလည်း စာမရကြသေးဘူး၊ မရသေးလို့ ကြည့်နေတာ၊ ကျွန်တော်လည်း ဒီလိုပဲ၊ မရသေးဘူး၊ ဒါပေမယ့် မရသေးတာကို မကြောက်ဘူး၊ အခုစာကြည့်ဖို့အချိန်တွေ အများကြီး ကျန်သေးတယ်၊ စာမေးပွဲခန်းထဲ ၀င်ခါနီးထိ ကျွန်တော်နဲ့အစ်ကိုကြီးမှာ စာကြည့်ဖို့ အခွင့်အရေးရှိတယ်။ ပြီးတော့ စာမေးပွဲက စာအုပ်ထဲက ဟာတွေ မေးတာမှ မဟုတ်တာ။ အစ်ကိုကြီး သီအိုရီတွေ ဖတ်တာနဲ့တင် ဖြေနိုင်မှာပဲ"

ကျွန်တော်သူ့ကို တတ်သလောက်၊ မှတ်သလောက် အားပေးကြည့်သည်။ ဘာမျှ ပြန်မပြောဘဲ ခေါင်းလေး တဆတ်ဆတ်နှင့် ငြိမ်ပြီး နားထောင်နေ၏။ ပဉ္စမနှစ်ကတည်းက အတူတူတက်လာပြီး နောက်ဆုံးနှစ်အထိ ပါလာပြီးမှ အစ်ကိုကြီးကို မကျန်ခဲ့စေလို။ သူကြောက်နေသလို ခင်မင်ရင်းစွဲရှိသော ကျွန်တော်ကလည်း စိုးရိမ်ကာ အောင်စေချင်နေတာ အမှန်။


* * * *

ထို့နောက်မှာတော့ အစ်ကိုကြီးကို ကျောင်းမှာမတွေ့ရတော့။ ကျွန်တော်တို့ကလည်း ကိုယ့်စာနှင့်ကိုယ် လုံးလိုက်၊ ကျောင်းမှာ အတန်းအားလျှင် ၀ိုင်းခြင်းလေးဘာလေး ခတ်လိုက်နှင့် အစ်ကိုကြီး မလာသည်ကို ဘာသာ တော်တော်များများ ကျူရှင်ယူထား၍ စာတွေပဲလှိမ့်ကြည့်နေသည်ဟုသာ ယူဆထားလိုက်၏။

နောက်မှ မထင်မှတ်သော သတင်းတစ်ခုက ကျွန်တော်တို့ သူငယ်ချင်းတွေကြားကို ရောက်လာသည်။

"ဟေ့ကောင် ကိုလတ်၊ မင်းအစ်ကိုကြီး ဆေးခွင့်တင်သွားပြီ၊ ဒီနှစ် မဖြေတော့ဘူးတဲ့"

"ဟာ"

သူငယ်ချင်းတစ်ယောက်၏ စကား၊ အားလုံးက အစ်ကိုကြီးအကြောင်း ကွယ်ရာမှာ ပြောလျှင် "မင်းအစ်ကိုကြီး"ဟု နာမ်စားသုံးတတ်ကြသည်။ ခင်မင်ရင်းနှီးသည့် သဘောထက် "အဲဒီ့လူမျိုးကို အစ်ကိုတော်လိုက်ကွာ၊ မင်းလည်း အဲဒါမျိုးပဲ" ဟူသော နောက်ပြောင်လိုသည့် သဘောနှင့် ဆွေမျိုးစပ်ပေးချင်သည့် သဘောဖြစ်သည်။

"သေချာရဲ့လားကွာ"

" သေချာပါတယ်၊ ငါ့အိမ်ကိုလာပြောသွားတာ၊ တင်ပြီးသွားပြီ"

သူငယ်ချင်းအိမ်က နီးနေသည်မို့ သူ့ဆီသွားပြောတာ ဖြစ်နိုင်သည်။ စိတ်ထဲကတော့ အစ်ကိုကြီးတစ်ယောက် စာမေးပွဲကို အရှုံးပေး နောက်ဆုတ်သွားတာပဲဟု တွေးရင်း စိတ်မကောင်းချင်။ ပုံမှန်စိတ်သာဆိုလျှင်တော့ ကျွန်တော်တို့လို ရဲရဲကြီးဖြေမှာ ကျိန်းသေနေလေသည်။

ခုတော့ ဆေးခွင့်တင်သွားပြီတဲ့။ သူ့မိသားစုကလည်း ခွင့်ပြုလိုက်ရပြီပေါ့။


* * * *

သည်လိုနှင့် ကျွန်တော်တို့ စာမေးပွဲဖြေကြသည်။ စဖြေသည့်နေ့ကတည်းက မည်သူမျှ ဟုတ်တိပတ်တိ မရကြ။ အများစု မဖြေနိုင်ဟု ဆိုရမည်။

နောက်ဆုံးနှစ်မှာ ခြောက်ဘာသာပဲ ဖြေရပြီး လေးဘာသာလောက် ဖြေပြီးချိန်မှာ ကျွန်တော်တို့ အားလုံးအတွက် သတင်းတစ်ခု ရောက်လာခဲ့၏။

"ဒီနှစ် Re-exam ရှိတယ်၊ ကျောင်းသားအားလုံး ကြိုးစားဖြေပါ၊ ရှေ့ကမရခဲ့တာတွေကို တွေးမပူပါနဲ့၊ ကျန် ဘာသာတွေကို အကောင်းဆုံးဖြစ်အောင် ဆက်ဖြေသွားပါ"

ပါမောက္ခချုပ်ကိုယ်တိုင် အခန်းတွေထဲ လိုက်စစ်ရင်း ပြောသွားသောစကား။ ကျွန်တော်တို့ စက်မှုတက္ကသိုလ် သက်တမ်း တောက်လျှောက် ဘယ်တုန်းကမျှ မရှိခဲ့သော ကျသည့်ဘာသာ ပြန်ဖြေသည့်စနစ်သည် ကျွန်တော်တို့နှစ်မှာ ရှိလာချေပြီ။

ထိုအချိန်မှာ စာမေးပွဲဖြေနေရ၍ ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား မသိတော့။ ဆက်ဖြေပြီး အခန်းအပြင် ထွက်မှပင် ပြန်တွေးမိသည်။ ထိုစနစ်ရှိလာလျှင် ပထမအကြိမ် အမှတ်ခြစ်စဉ်မှာ စည်းမျဉ်းတွေ လျှော့ပေး မှာလား၊ ပိုတင်းကျပ်မှာလား မသိနိုင်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘာသာ ကျပြီဟု ယူဆထားသူများအတွက်တော့ ထို Re-exam သည် ကယ်တင်ရာပင်ဖြစ်သည်ဟု တွေးမိသည်။

ထိုသို့ တွေးမိသည့် အခါမှပင် ကျွန်တော့်အာရုံထဲ ဖျတ်ခနဲဝင်လာသူက အစ်ကိုကြီးဖြစ်သည်။

သွားပြီ၊ လုံးဝနောက်ကျသွားခဲ့ချေပြီ။ ငါးတန်းတုန်းက ခုနစ်ဘာသာတောင် တစ်ခါတည်းဖြေပြီး အောင်ခဲ့ သေးလျှင် ယခုနောက်ဆုံးနှစ် ခြောက်ဘာသာကို ကြောက်ကြောက် လန့်လန့်နှင့် ၀င်ဖြေပြီး ကျခဲ့လျှင်တောင်မှ ဘာသာရပ်တွေ နည်းသွားပြီမို့ ထပ်ကျစရာအကြောင်းမရှိတော့။ ယခုတော့ နဂိုကတည်းက စာမေးပွဲ မဖြေခဲ့သော အစ်ကိုကြီးမှာ ဘာ Re-exam မှလည်း ဖြေခွင့်ရမှာ မဟုတ်တော့။ ကျွန်တော်နှင့် သူငယ်ချင်းတွေအားလုံး အစ်ကိုကြီးနှင့် ပတ်သက်ပြီး စုတ်တသပ်သပ် ဖြစ်ကြသည်။

သူ့အသက်အရွယ်၊ နောက်ထပ်ပေးရမည့်အချိန်၊ သူစိုက်ထုတ်ရမည့်အား၊ သူကုန်ကျမည့်ငွေ၊ သူ့ကျန်းမာရေး ဒါတွေတွေးမိတော့ အစ်ကိုကြီးတစ်ယောက် ဘယ်လိုမျှ ကုစားလို့မရအောင် ဆေးမမီတော့တာ သိလိုက် ရသည်။


* * * *

လူတွေကတော့ စက်မှုတက္ကသိုလ် (ယခုနည်းပညာတက္ကသိုလ်) ရောက်သွားပြီဆိုလျှင် ဆေးတက္ကသိုလ် အမှတ် မမီ၍ ရောက်သွားသည်ဟု ဆိုကြသည်။ လူတော်တော်များများက "ဆေးမမီလို့ စက်မှုတက္ကသိုလ် ရောက်သွား တာလေ" ဟု ဆိုကြသည်အထိပင်။ အမှန်တော့ ဆေးကျောင်းမတက်ချင်၍ ကျွန်တော်တို့ ကျောင်းမှာ လာပြောင်း တက်သူတွေ အများကြီးပင်။ ဆေးမမီလို့ စက်မှုတက္ကသိုလ် လာတက်သူတွေမဟုတ်။ တက်ချင်လို့ကို လာတက်တာဟု ဆိုရမည်။

သို့သော် အများစုကတော့ လူတွေပြောသလို ဆေးမမီ၍ လာတက်ကြတာများ၏။ ထို့ကြောင့်လည်း အများစုကို ရည်ရွယ်ပြီးဆိုခြင်း ဖြစ်လိမ့်မည်။ ဆေးတက္ကသိုလ်အမှတ်မီ၍ မတက်ချင်ဘဲ စက်မှုတက္ကသိုလ် လာတက်နေသော သူငယ်ချင်းတွေ ရှိနေတာကို သိသည့် ကျွန်တော်ကတော့ "ဆေးမမီလို့ စက်မှုတက္ကသိုလ် ရောက်သွားတာလေ" ဆိုသော စကားကို ကြားတိုင်း သူတို့ပြောသမျှကို အဓိပ္ပါယ်တစ်မျိုးဖြင့် နားလည် နေမိပြန်သည်။

တကယ်တော့ ကျွန်တော်တို့ကျောင်းကြီးသည် အင်ဂျင်နီယာ များစွာ နှစ်စဉ် မွေးထုတ်ပေးနေသော ကျောင်း ကြီး ဖြစ်၏။ ထို အင်ဂျင်နီယာတွေထဲမှာ အစ်ကိုကြီးတို့လို စိတ်နှင့်ကိုယ် ခဏ လွတ်သွားသူမျိုး၊ ထာဝရ လွတ်သွားသူမျိုး ဘယ်နှစ်ယောက်ရှိခဲ့ပြီလဲ ဆိုသည်ကို ကျွန်တော်တို့ မသိနိုင်။ ကျွန်တော်တို့ လိုချင်သော ပညာဆိုသည့် အရင်းအနှီးအတွက် မည်ရွေ့မည်မျှ ပေးဆပ်လိုက်ရသလဲဆိုသည်ကို ကျွန်တော်တို့ချင်းက လွဲ၍လည်း မည်သူမျှမသိနိုင်။

ထိုအခါ လူတွေပြောသောစကားသည် ကျွန်တော့်အာရုံမှာ အဓိပ္ပါယ်တစ်မျိုး ဖြစ်နေတော့၏။ သူတို့က ပြောသည် မဟုတ်လား။ "ဆေးမမီလို့ စက်မှုတက္ကသိုလ် ရောက်ရတာပါ"တဲ့။ သည်လိုဆို ကျွန်တော်တို့သည် ဆေးမမီသော အင်ဂျင်နီယာများဖြစ်နေပြီဟု ဆိုရပေမည်။ အမှတ်မမီ၍ မဟုတ်ဘဲ ဆေးကု၍ မမီနိုင်သော အင်ဂျင်နီယာများ ဖြစ်နေပြီမဟုတ်လား။

ထို့ကြောင့် အင်ဂျင်နီယာမဖြစ်ဘဲ လမ်းတစ်ဝက်မှာပင် ခြေခေါက်လဲခဲ့သူများ၊ ပြီးတော့ ကျွန်တော်တို့ကျောင်း ရာဇ၀င်တွေထဲမှာ အစ်ကိုကြီးတို့လို စိတ်နှင့်ကိုယ် လွတ်ပြီး အင်ဂျင်နီယာဖြစ်ခွင့် မရသူများအတွက် လူတွေ ပြောသော "ဆေးမမီလို့ စက်မှုတက္ကသိုလ် ရောက်သွားတာလေ"ဆိုသော စကားကို ကြားရတိုင်း "ဆေးမမီတဲ့ အင်ဂျင်နီယာများ" အဖြစ် ၀မ်းနည်းစွာ၊ နာကျင်စွာ၊ ထိခိုက်စွာ ခံစားရင်း တကယ်ကို ဆေးမမီခဲ့သော ကျွန်တော့် သူငယ်ချင်း အင်ဂျင်နီယာများကို သတိရနေမိပါတော့သည်။ ။

သားလတ်


(၂၀၀၁ခုနှစ်-သြဂုတ်လ၊ မှုခင်းရှုထောင့်)

Monday, October 25, 2010

"မမေ့ပန်း"



အအေးရောင်မှ အပူရောင်သို့ ပြောင်းလဲလာသော ကာလတစ်ခု။ ၀ါကြန့်ကြန့် သစ်ရွက်များကို မြင်ရသည်။ ဖုန်မှုန့်တို့သည် အခန်းထဲမှာ၊ အခန်းပြင်မှာ၊ ပြတင်းပေါက်မှာ ဟိုသည်လိမ်းကျံနေ၏။ ဥသြသံကို ကြားချင်မိသည်။ သို့သော် မကြားရ။ တူးပို့သံလေးများ ခပ်ပါးပါးမှ ခပ်ထူထူ ကြားလာ ရသည်။ သြော်......သင်္ကြန်ရောက်ပြန်ပြီလားဟု အတွေးရောက်၏။

ငယ်ငယ်တုန်းကတော့ သင်္ကြန်ဆို ပလတ်စတစ်ရေသနတ်များ၊ ကော်ပြွတ်လေးများနှင့် ဟိုပက်သည်ပက်။ ကလေးချင်းမျက်နှာကို လှမ်းထိုးသည့်အခါ စိတ်ဆိုးသူဆိုး၏။ လူကြီးကျတော့ ပက်ရသည်က မမီမကမ်း။ ခါးတို့၊ တင်ပါးတို့ လောက်သာ ရေက ရောက်သည်။

ကော်ပြွတ်ကနေ တစ်ဆင့်တက်တော့ စတီးလ်ပြွတ်။ ကလေးချင်း ရေပက်ရင်း အခန့်မသင့်လျှင် ရေပိုက်နှင့် စစ်ထိုးသည်။ ပြီးတော့ ရန်ဖြစ်ကြ၏။ ပြွတ်က ပက်စရာမဟုတ်။ ရိုက်စရာ ဖြစ်သွားခဲ့သည်။ ကလေးသဘာဝ ခွက်စောင်းနှင့်လည်း အမြင်ကတ်သူကို စော်ချင်သေး၏။ ထိုအခါ မိဘတွေက တားခဲ့သည်။ ခွက်က လက်ထဲတစ်ခါမျှ ရောက်မလာခဲ့။

သည်လိုနှင့် ကျွန်တော့် သင်္ကြန်အရွယ်ရောက်ခဲ့သည်။ ကောင်မလေးများကို ရေခွက်နှင့် ပခုံးပေါ်မှ ညင်သာစွာ လောင်းသည်။ သိပ်လှသော ကောင်မလေးတချို့ကို ပါးစပ်မှ ဆီမန်း မန်းသလို ပြောချင်ရာ ပြောပြီး ရေပက်၏။ ဘေးလူတွေတော့ မကြားနိုင်။ ဘာပြောခဲ့သလဲ ဆိုသည်ကိုတော့ သိပ်မမှတ်မိချင်တော့။

မှတ်မိသည်က သူငယ်ချင်းများနှင့် ရေပက်ခံကားနှင့် လျှောက်လည်ချိန်မှာ အော်မိတာတွေ။ ဒါတွေက သည်နေ့ အထိလည်း ရှိနေသေးသည်မို့ မှတ်မိချင်စရာ။

' ဟိုအစ်မကြီး ငယ်ငယ်တုန်းက ---ပြောင်ကြီး ---ပြောင်ကြီး
ဟိုအစ်ကိုကြီးငယ်ငယ်တုန်းက ---ပြောင်ကြီး ---ပြောင်ကြီး
ငါတို့တွေလည်း ငယ်ငယ်တုန်းက တူတူပဲ တူတူပဲ '

ကဲ....ဘယ်လောက်ကောင်းလိုက်သနည်း။ ရယ်လည်း ရယ်ရသည်။ လူငယ်ဆိုတာ ဒါကွဟု ဟစ်ကြွေးချင် စရာ။ သည်လို ပျော်ရသည့်ကြား စိတ်ပျက်စရာတွေလည်း ရှိသေး၏။

လူလူချင်း မစာနာသည့် လူအချို့ကြောင့် ရေကို ရေလိုပက်ရကောင်းမှန်း မသိ၍ ကျွန်တော့် သူငယ်ချင်း ညီလေး၏ သားရေဂျာကင်ကြီး ကျောကွဲသွားဖူးသည်။ ကျွန်တော်တို့ ယောက်ျားလေးများကို ကားပေါင်ပေါ်မှာ ထိုင်နေစဉ် ထိုင်မရအောင် မတော်တရော်ကို ပိုက်နှင့်လိုက်ထိုးသည်။ ဘယ်လောက် စိတ်ပျက်ဖို့ ကောင်းပါသနည်း။ စိတ်ပျက်စရာ အကောင်းဆုံးက ကျွန်တော့်နားတစ်ဖက် ပိုက်နှင့် အထိုး ခံလိုက်ရ၍ သွေးထွက်ပြီး အထဲက အကြောတွေ သွားထိခြင်းပင်။ သည်တုန်းက ဆယ်တန်းအပြီး သင်္ကြန်မှာ။ ဆရာဝန်ကို သွားပြတော့ သင်္ကြန်ဆို မလည်ခိုင်းတော့။ တော်တော်လေး နာကျင်ရသည်။ ဘယ်သူ့ကို ဘာလုပ်ရမလဲဟု မကျေနပ်တွေး တွေးကာ လျှောက်လည်သည့် ကိုယ့်အပြစ်ပဲဟု ဖြေသိမ့်ရင်း တစ်ယောက်တည်း ပေါက်ကွဲနေခဲ့ တော့သည်။

နောက်တော့ သူငယ်ချင်းတွေနှင့်ဝေးကာ နေရာသစ်တစ်ခုကို ရောက်၏။ သင်္ကြန်ကို သင်္ကြန်လို မခံစားနိုင်သော အရပ်ဟု ဆိုရမည်။ လည်စရာ နေရာမရှိ။ ပက်စရာရေက ရှား၏။ ကိုယ်ကလူငယ်မို့ ရေပက်ချင်သော ကလေးများကို ကြည့်ကာ သနားစိတ်ဖြစ်သည်။ နဂိုကတည်းက ဆရာဝန်က မလည်ခိုင်း၍ ဘယ်မှာနေနေ မထူးသောဘ၀မို့ ကလေးတွေကိုသာ စရင်းနောက်ရင်း ငေါင်းစင်းစင်းသင်္ကြန်ကို ခပ်တည်တည်နှင့် ဖြတ်ရသည်။

သည်မှာပဲ သင်္ကြန်နှင့်ပတ်သက်၍ အထိမ်းအမှတ် သင်္ကေတတစ်ခုက ရင်ထဲကို ရောက်လာခဲ့သည်။ ကျွန်တော်က ယောင်္ကျားလေးဖြစ်၍ ထိုအရာကို နဂိုကတည်းက သိသိနှင့် စိတ်မ၀င်စားခဲ့။ သို့သော် ငေါင်စင်းစင်းသင်္ကြန်တွေ ကြုံရဖန်များလာသောအခါ ထိုအရာကို ပို၍သတိထားမိလာသည်။ ပြီးတော့ ထိုအရာနှင့် ပတ်သက်မှုတွေ ရှိလာသည်။

ကျွန်တော်က စာရေးဆရာဖြစ်ချင်သူ ဖြစ်သည်။ အထူးသဖြင့် ကဗျာဆရာဘ၀ကို တပ်မက်သည်။ ထို့ကြောင့် ၀န်းကျင်ကို ခံစားသည်။ ကိုယ့်နှလုံးသားကို ကိုယ်ပြန်ဖတ်လေ့ရှိသည်။ ထိုသို့ ဖတ်ရင်း သင်္ကြန်တစ်ခုမှာ သင်္ကြန်၏ သင်္ကေတဆိုတာနှင့် စဆုံသည်။

ဘယ်က ယူလာမှန်းမသိသော အကိုင်းတစ်ကိုင်းကို အဖေက ရှင်အောင်စစိုက်သည်။ ကျွန်တော် စိတ်မ၀င်စား သေး။ ထိုအကိုင်းက သစ်ခက်၊ သစ်ရွက်လေးများ ပြူလာသည်။ သတိတော့ထားမိလာ၏။ သည်လိုနှင့် အကိုင်းတစ်ကိုင်းက အခက်အလက်အရွက်များ အပြိုင်းပြိုင်းထလာတာ တွေ့သည်။ ကြည့်ပါဦး။ ကျွန်တော် ဂရုမစိုက်ချင်၍ မရတော့။ သူက ကျွန်တော့်ကို စ၍မြူဆွယ်နေလေပြီ။

သူ့ကို ကြည့်လျှင်စိမ်း၏။ သို့သော် နွေမှာမှ သူက ဝေတာမျိုးဖြစ်သည်။ ပြီးတော့ နွေထဲမှာ သူက မိုးကိုခေါ်၏။ မိုးကိုမျှော်သည်ဟု ကျွန်တော်လက်မခံ။ သူကနွေထဲမှာ မိုးရောက်လာအောင် ခေါ် တာပဲ ဖြစ်မည်ဟု တစ်ထစ်ချ ယုံကြည်သည်။ တကယ်လည်း ဟုတ်သည်။ နွေသည် နီနီရဲရဲ။ ကြည့်နေရင်းမှပင် တိမ်တို့ဖြင့် ကောင်းကင်သည် ပြည့်၏။ နီရဲရာမှ ညိုမှောင်မည်းနက်။ တစ်ရောင်စီ လွင့်လျှက်။ ဖုန်မှုန့်တို့ မြေမှာ သိပ်ကုန်သည်။ ဖွဲဖွဲမှသည် ၀ုန်းဒိုင်းကျဲရွာသော မိုးကို မမျှော်လင့်ချိန်မှာ သူ့ကြောင့် ဆုံရသည်။ အေးလိုက်သည်များ သင်္ကြန်မိုးတဲ့လေ။

ထိုမိုးခေါ်ပြီး သိပ်မကြာခင်မှာပင် သူ့ဆီမှာ အရောင်သစ်သည်။ ရနံ့တွေဖြစ်သည်။ သူ့ကို လူတွေ ချစ်လာကြသည်။ ပြီးတော့ လူတွေ ပစ်ကြသည်။ သူက အဖော်ကို ခေါ်လာသည်။ အဖော်က မိုး။ အပျော်ကို ရှာပေးသည်။ သင်္ကြန်ဆိုသော ပွဲတော်တစ်ခု။ နောက်ဆုံးတော့ တရားဓမ္မကိုပါ ပြသေးသည်။ သူ့ဆီက အပွင့်၊ အခက်၊ အလက်တို့ လူများလက်မှာ၊ ခေါင်းမှာ ပျက်ကြွေရရှာသည်။ သစ်ခြင်း နှင့် ဟောင်းခြင်း၊ ဖြစ်ခြင်း နှင့် ပျက်ခြင်း၊ တည်ရှိခြင်း နှင့် ပြောင်းရွှေ့ခြင်း အားလုံး သူက မြင်အောင်ပြသည်။

ဒါကို 'ပိတောက်' ဟု ခေါ်သည်တဲ့။

ကျွန်တော် ပိတောက်ကို ကဗျာရေးဖို့ ခံစားသည်။ ပိတောက်က ခေါ်ခဲ့တာ မိုးတစ်ခုတည်း မဟုတ်။ သင်္ကြန် ဆိုသော ပွဲတော်၊ လူအများ၏အပျော်။ ပြီးတော့ တေးသံများ၊ တရားသံများ၊ နောက်ပြီး နှစ်သစ်တစ်ခု၊ အဟောင်းများထား၍ အသစ်ကို တွေ့ချိန်တစ်ခု။ ထိုအချိန်မှာ ပိတောက်နှင့် ဆုံရသည်။

ကျွန်တော် ပိတောက်နှင့် ပတ်သက်၍ ကဗျာများရေးခဲ့သည်။ အိမ်မှာ အကိုင်းကနေ အပင်အဖြစ် ရှင်သန်ခဲ့သော ပိတောက်ပင်ကြီးကို လူငယ်များ အတုယူဖို့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးသည်။ ပိတောက်ပင်က ပိတောက် ပန်းများ ပွင့်သည့်အခါ အိမ်နီးချင်းတွေတောင်း၍ ပေးရ၊ ကလေးတွေ တောင်း၍ ပေးရ နှင့် အလုပ်ရှုပ်ဖူးသည်။ အမေကတော့ ဘုရားကပ်သည်။ ကျွန်တော်ကတော့ အိမ်ကို လာနေကျ ကောင်မလေးတစ်ယောက်ကို ပိတောက်ပန်း ခိုးပေးသည်။ ကောင်မလေးက မပန်။ သူဆောင်းလာသော ထီးမှာထိုး၍ ဖွက်ပြီးယူသွားသည်။ ကျွန်တော် စိတ်ဆိုးမိ၏။

အစိမ်းမှာ အ၀ါတောက်၍ ပွင့်သော၊ ရနံ့မွှေး၍ လူတိုင်းတပ်မက်ပြီး တစ်နှစ်တစ်ခါ ပွင့်သည့်ပန်းကိုမှ မပန်ချင် ရအောင် သူကဘာမို့လို့လဲဟု မာန်စိတ်ဝင်သည်။ ထိုကောင်မလေးကို ရင်ခုန်ချင်သမျှ ပိတောက်ကို မနှစ်သက်ဘူး ထင်ပြီး ခုန်ချင်သည့်ရင်က ပြန်ငြိမ်သွား၏။ ပိတောက်က မသိမသာနှင့် ကျွန်တော့်ရင်မှာ ငြိနေတာ သတိမထား မိသေး။

သင်္ကြန်အကြောင်း ဆောင်းပါးရေးစဉ်မှာ ပိတောက်ရနံ့သည် မြန်မာရနံ့ဟု ကျွန်တော် တင်စားမိသည်။ သင်္ကြန်၊ မြန်မာ၊ ပိတောက် ထိုသုံးခုသည် ခွဲခြားမရဟု ကျွန်တော်ထင်သည်။ နယ်ကိုရောက်စဉ် တွံတေးသိန်းတန်၏ သီချင်းများခံစားရစဉ်က ' ကိုယ်ရယ်၊ မင်းရယ်၊ ပန်းပိတောက်ရယ် ' ကို နားထောင်ရင်း ပိတောက်ကို လွမ်းသလို ဖြစ်မိသည်။ မြန်မာဖြစ်ရတာ ကျေနပ်မိသည်။ သည်တော့ မြန်မာနှင့် ပိတောက်ကို တွဲလျက်သာ ကျွန်တော် မြင်သည်။ ပိတောက်သည် ကျွန်တော့်ရင်မှာ ဖြည်းဖြည်းချင်း နေရာယူလာချေပြီ။

သင်္ကြန်တစ်ခုမှာတော့ ကိုယ်နှင့် အဆင်ပြေနိုင်သည်ဟု ယူဆသော ကောင်မလေးတစ်ယောက်ကို သူပြန်ချစ်လျှင် ပိတောက်တွေ စောပွင့်ပါလိမ့်မည်ဟု ကဗျာဆရာပီသစွာ သူ့အချစ်ကို တင်စားရင်း နိမိတ်ပုံပြုမိသည်။ ကံမလိုက်ချင်တော့ ပိတောက်သည် သင်္ကြန်မှာပင်မပွင့်ခဲ့။ ကြွေသွားသူက ကျွန်တော်။ ပိတောက်က သင်္ကြန်အပြီး တော်တော်ကြာမှ ပွင့်သောအခါ ကျွန်တော်တို့ဇာတ်လမ်းက ကိုးရိုးကားယား ဖြစ်တော့သည်။ ပိတောက်ကို စွဲလမ်းခြင်းကြောင့်လား၊ တိုက်ဆိုင်သည်ပဲ ဆိုရမလား။ ပိတောက်မပွင့်ခြင်းနှင့် အတူ ထိုကောင်မလေးကို ကျွန်တော်ခံစား၍ မရတော့ဘဲ ဇာတ်လမ်းက အလိုလို ပြီးသွားသည်။ နောက်မှပွင့်သော ပိတောက်လို သူ ကျွန်တော့်ကို နှစ်နှစ်ကာကာ ချစ်ပါသည်ဟု တစ်ဆင့်စကား သိရသည့်တိုင် ကျွန်တော့်စိတ်က သူ့ဆီကို မလည်နိုင်ခဲ့တော့။ ပိတောက်သည် ကျွန်တော့်နှလုံးသားမှာ တစ်ခန်းတစ်ကဏ္ဍက ပါခဲ့သည်ဟု ပြန်တွေးမိတိုင်း ကျွန်တော် နှင့် ပိတောက်၏ ပတ်သက်မှုကို အံ့သြ ရသေးသည်။

သင်္ကြန်နှင့် ဝေးဝေးနေသူကိုမှ ပိတောက်က ပတ်သက်လာလေသလား မသိ။ ရယ်စရာလည်း ကောင်း၏။ နောက်နှစ်မှာ ပိတောက်က စောပွင့်သည်။ ကဗျာဆရာ ကျွန်တော်က 'ပိတောက်ဟာ သင်္ကြန်နဲ့မဆုံ၊ ရန်ကုန်က စောပြန်သွားတယ်' ဆိုတာမျိုး ချရေးမိသည်။ ကျွန်တော် စိတ်ဝင်စားစရာ ချစ်သူဆိုသည်က ရောက်မလာတော့။

ထိုကာလတွေ ကျော်တော့ အလုပ်ထဲသို့ လူကရောက်သွားသည်။ ခေတ်က ရုပ်ဝတ္ထု လွှမ်းမိုးသောခေတ်ကို ရောက်လာ၏။ ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ ဆုံခဲ့ရသော မိန်းကလေး တစ်ယောက်က ပြောတာ မှတ်ထား ဖူးသည်။ 'သူရွေးချယ်မည့်သူသည် သူ့လက်ရှိ အနေအထားထက် သာအောင်ထားနိုင်သူ ဖြစ်ရမည်။ သူက ချစ်မိသူ ဖြစ်ရမည်'တဲ့။ နှလုံးသားသည် အလန့်တကြားဖြင့် တစ်ရေးနိုးသည်။ ခေတ်က ထိုသို့ ပြောင်းသွား သည်လား။

ရုံးမှာ လူကြီးတွေလာလျှင် အမြင်တင့်စေဖို့ ပလတ်စတစ်ပန်းတွေ ပြင်ရ၊ ဆင်ရသည်။ အိမ်က ဧည့်ခန်းမှာလည်း ပလတ်စတစ်ပန်းတွေ ကြည့်ကောင်းအောင် ဆင်ကြသည်။ ခုန မိန်းကလေးစကားနှင့် ဆက်စပ်တွေးရင်း ဘာရနံ့မှ မရသည့် အပေါ်ယံအလှရှိသည့် ပန်းမျိုးကိုသာ လူတိုင်းလက်ခံသည့် ခေတ်ကို ရောက်နေပြီလား တွေးကာ ၀န်ထမ်းဖြစ်သော ကျွန်တော့်ဘ၀ကို ပြန်သုံးသပ်နေမိသည်။ ပြီးတော့ ကျွန်တော်နှင့် ဆက်စပ်နေသော ပိတောက်ပန်း သည်လည်း မော်ဒန်ပိတောက်အဖြစ် ပလပ်စတစ်ပိတောက်၊ စက္ကူပိတောက်တွေ ရှိနေပြီလား တွေးကြည့် သည်။ မိုးမရွာ၊ ပိတောက်မပွင့်ဘဲ ရုပ်မြင်သံကြားက သင်္ကြန်အကအဖွဲ့တွေ ပန်ထားသော ပိတောက်ပန်း များကို အုံနှင့်ကျင်းနှင့် တွေ့ရသည်ပဲ။

ပိတောက်သာမက သင်္ကြန်ကလည်း ဟန်ပါပြောင်းလဲလာသောအခါ ပိတောက်စစ်စစ်နှင့် သင်္ကြန်စစ်စစ်ကို ကျွန်တော် လွမ်းပါတော့သည်။ ထိုအလွမ်းနှင့်အတူ 'ခေတ်ပေါ်ပိတောက်' ဆိုသော ၀တ္ထုတိုတစ်ပုဒ်ကို ချရေးဖြစ်သွား၏။ ရုပ်ဝတ္ထုမက်သော မိန်ကလေးအချို့ကို ပညာပေးလိုသည့်စိတ်ဖြင့် ပိတောက်ကို တင်စား လိုက်သည်။ ရနံ့မရှိသော ပိတောက်များလို မိန်းကလေးများကို မဖြစ်စေချင်။ ကျွန်တော့်ဦးနှောက်ထဲမှာ ပိတောက်က သင်ခန်းစာပေးနေတာမျိုး ခံစားရသည်။ သည်တော့ နှလုံသားမှတစ်ဆင့် ပိတောက်သည် ဦးနှောက်အထိ နေရာယူလာပြီဟု ဆိုရမည်။

ငယ်ရွယ်သော လူငယ်ကဗျာဆရာတစ်ယောက်မှသည် အလုပ်ထဲက လူကြီးတစ်ယောက်ဖြစ်လာသောအခါ ပိတောက်နှင့်ပတ်သက်၍ ခံစားမှုတချို့ ပြောင်းလာခဲ့သည်ကို ကြုံရသေးသည်။ ဖြစ်ချင်တော့ မြန်မာပြည်မှာ မဟုတ်။ ပြည်ပနိုင်ငံတစ်ခုမှာ သင်တန်းသွားတက်ရင်း ကြုံရတာဖြစ်သည်။ မိမိနိုင်ငံအကြောင်း ကွန်ပျူတာ Power Point ဖြင့် Presentation (တင်ပြခြင်း)လုပ်သောအခါ သူများနိုင်ငံတွေက အမျိုးသားတိရိစ္ဆာန် (National Animal) ၊ အမျိုးသားပန်း (National Flower) ဆိုတာတွေ တင်လာသည်။

ခေါင်းမှာ အပြေးအလွားစဉ်းစားရ၏။ ယခု Presentation သည် ရုတ်တရက် လုပ်ခိုင်းခြင်း ဖြစ်သည်။ မြန်မာပြည်မှာရှိစဉ်က ကြိုတင်အကြောင်းကြားခဲ့မှု မရှိ။ သည်တော့ Internet ကနေ National Animal နှင့် National Flower ကို ရှာရသည်။ ကျွန်တော်ပဲ ညံ့သည်လားမသိ။ Website ထဲမှာ ရှာလို့မရ။ ကျန် မြန်မာအဖွဲ့ဝင်တွေက လှမ်းမေးသည်။ ဘာပန်းလဲ၊ ဘာတိရိစ္ဆာန် ထည့်မည်လဲတဲ့။ နိုင်ငံတစ်နိုင်ငံ၏ အထိမ်းအမှတ်ဖြစ်၍ ပစ်စလက်ခတ်လုပ်၍ မရ။ ထို့ကြောင့် ကျွန်တော်က ပန်းကတော့ ပိတောက်ပဲ ဖြစ်ရမည်ဟု ပြောလိုက်သည်။ ကျွန်တော် လေ့လာမှုအားနည်း၍ တခြားပန်း ဖြစ်နေမလားဟုလည်း စိတ်က စိုးရိမ်သည်။

သို့သော် ပိတောက်သည် သင်္ကြန်နှင့်ဆိုင်သည်။ သင်္ကြန်သည် မြန်မာတစ်မျိုးသားလုံးနှင့် ဆိုင်သည်။ ထို့ပြင် သင်္ကြန်သည် မြန်မာတို့၏ နှစ်ကူးစစ်စစ်ဖြစ်သည်။ ထို့ကြောင့် သင်္ကြန်၏အထိမ်းအမှတ် ဖြစ်သော ပိတောက်သည် မြန်မာတို့၏ အမျိုးသားပန်းဆိုလျှင် မှားမည်ဟု ကျွန်တော်မထင်။ သို့သော် ပုံရှာမရ၍ Presentation မှာ မထည့်တော့ဘဲ တခြားအကြောင်းအရာတွေ ကျွန်တော်တို့ တင်ခဲ့တော့သည်။ ဘာပဲဖြစ်ဖြစ် ခေါင်းထဲမှာတော့ ပိတောက်သည် အမျိုးသားပန်းဖြစ်သည်ဟု စိတ်က စွဲထားသည်။

ဂျပန်နိုင်ငံ ကိုရောက်စဉ်က ဧပြီဆို ချယ်ရီပန်းတွေပွင်ြ့ပီး ချယ်ရီပန်းကောက်ပွဲတော် ရှိသည်ဟု ဂျပန်မလေးများ ဆိုသောအခါ ကျွန်တော်တို့ဆီမှာလည်း သင်္ကြန်ပွဲတော်နှင့် ပိတောက်ပွင့်ချိန်ရောက်ပြီ ဟု ပြန်ရှင်းပြခဲ့သည်။ သည်တော့ ပိတောက်သည် မြန်မာ၏ အထိမ်းအမှတ်ဖြစ်နေသည်ဟု ငြင်းမရ။ အမျိုးသားပန်းအဆင့် မည်ချင်မှ မည်မည်။ သို့သော် အမျိုးသားပန်းအဆင့်လောက်တွင် ထား၍ ရသည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော့် အသွေးအသားထဲက ပိတောက်နှင့်ပတ်သက်၍ ဆူလောင်လာလေပြီ။

အံ့သြစရာ ကောင်းလှသေး၏။ ကျွန်တော့် နှလုံးသားနှင့် ပတ်သက်ပြီး ငြိတွယ်ဖူးသော ပိတောက်သည် ကျွန်တော့် ဦးနှောက်ကိုပါ အလုပ်လုပ်စေခဲ့၏။ ကျွန်တော့် အသွေးအသားများကိုပါ လှုပ်နှိုးခဲ့၏။

ကျွန်တော့်ဘ၀မှာ အနှစ်သက်ဆုံး ပန်းတစ်မျိုး ရှိခဲ့ဖူးသည်။ 'ခရေပန်း' ဖြစ်၏။ အမေကလည်း ကြိုက်၍ အမေ နှင့် ကျွန်တော် အကြိုက်ချင်းတူသောကြောင့် ကျွန်တော် ပျော်မိပါသည်။ ခြောက်သွားသည့်တိုင် ရနံ့ မပျယ်သော ပန်းဖြစ်ခြင်း၊ မြေမှာ ပိုမွှေးခြင်းကို ကျွန်တော် တန်ဖိုးထားမိသလို ငယ်ငယ် ကတည်းက နှစ်ခြိုက်မိသည်မှာ အမှန်ပင်။

ပိတောက်ကျတော့ ထိုသို့မဟုတ်တော့။ ကျွန်တာ့် ဘ၀ထဲကို ဖြည်းဖြည်းချင်း ၀င်လာသည်။ နှလုံးသားကို ၀င်တိုးသည်။ ငြိသွား၏။ ဦးနှောက်ကို စေခိုင်းသည်။ ပုံရိပ်ထင်သွား၏။ အသွေးအသားကို လှုပ်ရှားစေ၏။ ယစ်မူး၏။ ခရေသည် ဘ၀တစ်လျှောက် ကျွန်တော့်အမေနှင့် ထပ်တူမြတ်နိုးရသော ပန်းဖြစ်လျှင် ပိတောက်ကတော့ ကျွန်တော်တစ်ယောက်တည်းအတွက် မမေ့စရာပန်းတစ်မျိုးဖြစ်သည်ဟု ကျွန်တော် လက်ခံမိသည်။

ထိုပိတောက်သည် ကျွန်တော့်အတွက် ' မမေ့ပန်း ' ပင်။

' မမေ့ပန်း ' ကို ကျွန်တော့််နှလုံးသားထဲမှာ ထည့်ခဲ့ဖူးသည်။ မိန်းကလေးတချို့ အတွက်ပါ။ ကျွန်တော့် ဦးနှောက်ထဲမှာ ' မမေ့ပန်း ' ၏ ပုံရိပ် ၀င်ရောက်နေခဲ့ဖူးသည်။ ရုပ်ဝတ္ထုလွှမ်းမိုးသော ခေတ်တစ်ခေတ် အတွက်ပါ။ ကျွန်တော့်အသွေးအသားထဲမှာ ' မမေ့ပန်း ' က လှိုက်စားခဲ့ဖူးသည်။ ကျွန်တော်ချစ်သော နိုင်ငံ အတွက်ပါ။

သို့သော် တစ်ချိန်မှာတော့ ' မမေ့ပန်း ' သည် ကျွန်တော့်ကို ငြိမ်းအေးရာနေရာတစ်ခုသို့ ပို့မည့်ပန်း ဖြစ်သွား ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် ယခုအချိန်မှာ လူကြီးအရွယ်ကို ကူးပြောင်းစ လူငယ် တစ်ယောက်ဖြစ်နေပြီး ကျွန်တော့် နှလုံးသား၊ ဦးနှောက်၊ အသွေးအသားတို့သည် ' မမေ့ပန်း ' အတွက် လူငယ် တစ်ယောက်အနေနှင့် ခံစားခဲ့ပြီးမှ လူကြီးဘ၀တွင်တော့ ကျွန်တော့်ဘ၀၏ အေးငြိမ်းရာဗုဒ္ဓရင်ခွင်သို့ ချဉ်းကပ်ရာ 'မမေ့ပန်း' ကို ကပ်လှူရင်း ဘ၀ကို အဆုံးသတ်နိုင်လိမ့်မည်ဟု မျှော်လင့်နေမိသောကြောင့်ပင်။ ။

သားလတ်


(၂၀၀၅ခုနှစ်-ဧပြီလ၊ အပျိုမ)

Sunday, October 24, 2010

"နေပျော်ခြင်းသုံးဆယ်"



လူတစ်ယောက်၏ ဘ၀မှာ နေပျော်ခြင်း၊ နေမပျော်ခြင်းကို ဘာနှင့် တိုင်းတာသလဲဟု ကျွန်တော် ရေရေရာရာ မသိသော်လည်း သေချာတာတစ်ခုကတော့ ကျွန်တော့်ဘ၀မှာ ဖြတ်သန်း လာခဲ့ရသမျှ တော်တော်လေး နေပျော်ခဲ့သည်ဟု ဆိုရမည်။ ကျွန်တော့်ကို မွေးဖွားပေးခဲ့သော အဖေနှင့်အမေရှိသည်။ ကျွန်တော့် မွေးချင်းများ ဖြစ်သည့် အစ်ကိုနှင့်ညီရှိသည်။ အစ်ကို အိမ်ထောင်ကျသွား၍ ပထမတော့ အိမ်ခွဲနေသော်ငြား ယခုတော့ ကျွန်တော်တို့ အိမ်မှာနေ၍ ကျွန်တော်တို့ မိသားစုလေး စုစုစည်းစည်းရှိသည်ဟု ဆိုရမည်။

ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဘ၀၏ ရရှိနိုင်သမျှ ပိုင်ဆိုင်စရာတွေထဲမှာ မိသားစု စုံစုံလင်လင်ရှိနေခြင်း အတွက် ကျွန်တော် တော်တော်လေး နေပျော်ပါသည်။ ရံဖန်ရံခါ မိသားစုထဲမှာ ကျွန်တော့်ကြောင့် ပြဿနာတွေ ရှိခဲ့သော်ငြား၊ မိသားစုဆိုသော မေတ္တာအားတစ်ခုနောက်မှာ အရာရာပျောက်ကွယ်သွားခဲ့ရသည်။ ရှုံးနိမ့်ခြင်း၊ နိုင်ခြင်းတို့နှင့် တွက်လျှင် ကျွန်တော်အကြိမ်ကြိမ် ရှုံးသည်ဟု ထင်ခဲ့သော်ငြား၊ တကယ်တော့ ကျွန်တော်တို့ အားလုံး မည်သူမျှ မနိုင်ခဲ့တာ ခုအရွယ်မှာ ပြန်သိလာရသည်။

ပြန်လှည့်ကြည့်လျှင် ကျွန်တော်လူ့လောကထဲရောက်ခဲ့သည်မှာ အနှစ်သုံးဆယ်ဝန်းကျင်ရှိခဲ့ပြီပဲ။ ဥစ္စာ စီးပွား အရ ဖြည်းဖြည်းချင်းတိုးမြှင့် ယူခဲ့ရသော ကျွန်တော်တို့ မိသားစုမှာ အဖေ၊ အမေကြောင့် မျက်နှာ မငယ်ရခြင်း မှာလည်း ကျွန်တော်နေပျော်ခဲ့ရသည့် လူ့လောကထဲက အကြောင်းအရာတစ်ခု ဖြစ်လိမ့်မည်။

ထိုဥစ္စာစီးပွားထက် ပိုတန်ဖိုးရှိသော အရာတစ်ခုကိုလည်း ကျွန်တော်ရခဲ့ပြီးပြီ။ တခြားမဟုတ်။ 'ပညာ' ဖြစ်သည်။ စက်မှုအင်ဂျင်နီယာတစ်ယောက်ဖြစ်အောင် အားထုတ်ခဲ့ပြီး နိုင်ငံ့တာဝန် များကို နိုင်သလောက် ထမ်းနေခြင်းက ကျွန်တော့်နေပျော်ခြင်းကို သတ်မှတ်ပေးသလိုပင်။ မိဘက ပညာအမွေပေး၍ ကျွန်တော် ရသလို ကျွန်တော့် မွေးချင်းများ သူတို့နိုင်သလောက် ဘွဲ့တွေ ရပြီးပြီ ဖြစ်၍လည်း၊ အသိုင်းအ၀ိုင်းဆိုသော အမည်နာမတစ်ခု အတွက် ကျွန်တော်နေမပျော်စရာ မရှိတော့။

ရန်ကုန်လိုမြို့မှာ နယ်ကမိဘနှစ်ပါး အိုးပိုင်အိမ်ပိုင် ဖြစ်ခဲ့သည်မှာ မိဘများ၏အစွမ်းအစဟု ကျွန်တော် ယုံကြည်သည်။ မိဘများအလုပ် မလုပ်နိုင်လျှင် ကျွန်တော်တို့ရှိသည်။ သည်ယုံကြည်မှုကလည်း နေပျော် ခဲ့သည့် နှစ်တွေက တစ်ဆင့် မွေးဖွားလာတာဖြစ်သည်။

ပြီးတော့ မထင်မှတ်ဘဲသိလိုက်ရသော ' ၀ိပဿနာ' ဆိုသောတရား။ လူဖြစ်ပါလျှက် ထိုတရားမျိုးမသိရဘဲ လူ့လောကထဲက ပြန်ထွက်သွားရလျှင် တော်တော်လေး ကြေကွဲစရာ၊ နှမြောစရာကောင်းမည့် အဖြစ်မျိုးမှ 'မိုးကုတ်ဆရာတော်ဘုရားကြီး' ၏ 'ပဋိစ္စသမုပ္ပါဒ်' ကို မိဘများ၏ ဇာတိမြို့မှာ အမှတ်မထင် လေ့လာ လိုက်စားခွင့် ရလိုက်ခြင်းက ကျွန်တော့်နေပျော်ခြင်းကို ပိုမိုအသက်ဝင်စေခဲ့သည်။ နေပျော်ရာမှ သေပျော်ဖို့ လမ်းကို တွေ့လိုက်ရသလိုပင်။

နောက်တစ်ခုရှိသေးသည်။ အဖေက စာရေးဆရာဖြစ်၍ ကျွန်တော့်သွေးထဲက ပါလာသော ဗီဇနှင့် ကျွန်တော်၏ အတိတ်ကံတို့ ပေါင်းစပ်မှုကြောင့် စာရေးပြီး တစ်ယောက်တည်းနေနိုင်သည့် ဘ၀လေးတစ်ခုကို တိုးတိုး တိတ်တိတ်ဖြင့် ဆိတ်ငြိမ်သည့်နေရာများမှာ ရလိုက်ခြင်းက ကျွန်တော့်ဘ၀၏ အချိန်တော်တော် များများမှာ ကျေနပ်စရာပင်။ ခံစားနိုင်သည်။ တွေးတောနိုင်သည်။ သုံးသပ်နိုင်သည်။ မျှဝေနိုင်သည်။ နောက်ဆုံးအဆင့်မှာ ကျွန်တော့်စာတချို့က လူငယ်တချို့ လူကြီးတချို့အတွက် စဉ်းစားလက်ခံစရာ ရှိသည်ဟု သိလိုက်ရချိန်မှာတော့ ကျွန်တော့်နေပျော်ခြင်းက ပိုမိုအဓိပ္ပာယ်ရှိသွားပြီဟု ထင်မှတ်မိတော့သည်။ ကျွန်တော် တစ်ယောက်တည်း အတွက် ကျွန်တော်ရပ်တည်တာ မဟုတ်တော့။ လူတချို့အတွက် ကျွန်တော့်ဘ၀ထဲက ပေးဆပ်လိုက်ရခြင်းက ကျွန်တော် ကုသိုလ်ပြုသလို ဖြစ်သွားခဲ့ပြီပဲ။

ဘ၀ဆိုသည်က အကောင်းအဆိုး ဒွန်တွဲနေ၍ ကျွန်တော့်နေပျော်ခြင်းထဲမှာ နေမပျော်စရာ အကြောင်းတွေ လည်းရှိခဲ့ဖူးသည်။ အဓိကကတော့ ကျန်းမာရေးပင်။ အိပ်လို့မရအောင် ခံစားရသည့်ရောဂါတစ်ခုက ကိုယ်မှာ စွဲကပ် လာသောအခါ ကျွန်တော့် နေပျော်သည့်ရက်စွဲများ စုတ်ပြတ်သွားခဲ့ဖူးသည်။ သို့သော် တော်ပါသေးသည်။ တစ်ဆေးမကယ် တစ်ဆေး ကယ်သောအခါ နေပျော်သည့် ရက်စွဲတို့ ခေါင်းထောင် လာခဲ့သည်မှာ ခုထိ။

နောက်တစ်ခုက စာသင်နှစ်များ။ ငယ်ငယ်ကတည်းက စာတော်ချင်၍ နှစ်တိုင်းကြိုးစားခဲ့ရသည့် ကျွန်တော်။ ကြိုးစားပါလျက် လိုချင်တာမရခဲ့သည့်နှစ်များကတော့ ဘယ်တော့မှ မေ့နိုင်စရာမရှိ။ နေပျော်ခြင်းတို့ ခဏခွဲခွာသည့် ရက်အချို့လည်း ကျွန်တော်ပိုင်ဆိုင်ဖူးသည်ဟု ဆိုရတော့မည်။

ကံကောင်းသည်က ဘယ်အခြေအနေရောက်ရောက်၊ ကျွန်တော့်ဘေးမှာ အနစ်နာခံကူညီတတ်သော ငယ်သူငယ်ချင်းများ ရှိနေခြင်းပင်။ ထိုသူငယ်ချင်းတွေကြောင့်ပင် ကျွန်တော့်ဘ၀၏ နေပျော်ခြင်း ရက်စွဲသစ်များ၊ ထပ်မံပိုင်ဆိုင်ခဲ့ရဖူသည်။ ယခုထိလည်း သူတို့က ကျွန်တော့်အနားမှာ ရှိနေသေးသည်။ ဒါကြောင့်လည်း မိသားစု၊ သူငယ်ချင်း၊ စာအုပ်စာပေဆိုတာမျိုးနှင့် ကျွန်တော်နေပျော်ခဲ့ရသည့်နှစ်များက သုံးဆယ်သို့ ချဉ်းကပ်လာပြီဟု ဆိုရမည်။ တကယ်ဆို သည်အခြေအနေနှင့် ကျန်တာမလိုအပ်ဟု ကျွန်တော်ထင်မိသည်။

ကိုယ့်ဘာသာ မလိုအပ်ဟု ထင်သော်လည်း လိုအပ်သည်ဟုထင်သူတွေက ထင်နေတာကို အသက် သုံးဆယ်နားကပ်လာချိန်မှာ ကျွန်တော် တဖြည်းဖြည်း သိလာရသည်။

'အဖော်'တဲ့။
ပုတ်သင်ညိုနှင့် ကြော်ငြာနေသော ပစ္စည်းတစ်ခုမဟုတ်ပါ။

ကျွန်တော်နှင့် ပတ်သက်ရာ ပတ်သက်ကြောင်းတွေက မိန်းမမရသေးသော ကျွန်တော့်ကို ၀ိုင်းပြီး ရှာပေး ချင်ကြသော 'အိမ်ထောင်ဖက်' ဆိုသည့် အဖော်ပင်။

ကျွန်တော်ကရော သည်'အဖော်'ဆိုတာကြီးကို မရှာခဲ့လို့လား။ မရှာဘူးလည်းမဟုတ်၊ ရှာသည်လည်းမဟုတ်။ လူပဲလေ၊ နှလုံးသားရှိမှတော့ ချစ်တတ်ပြီပေါ့။ ဆယ်ကျော်သက် ရင်ခုန်တတ်စအရွယ်၊ နှစ်ဆယ်ဝန်းကျင် အချစ်ကို ပြက်ပြက်ထင်ထင် သိသည့်အရွယ်၊ သုံးဆယ်ဝန်းကျင် တည်ငြိမ်စအရွယ်၊ သည်အရွယ်တွေမှာ အချစ်ဆိုသည်က တို့ကနန်း ဆိတ်ကနန်း မြှူဆွယ်သည်။ တွေ့ရမည်ဟု ကျွန်တော်မရှာ။ အချစ်ဆိုသည်က မရှာဘဲလည်း တွေ့ချင်တွေ့ရတတ်တာမျိုးဟု ကျွန်တော်ယုံကြည်သည်။

သို့သော် ကျွန်တော့်မှာ ခံယူထားတာတစ်ခုရှိသည်။ မိန်းကလေးတစ်ယောက်ကို မချစ်ဘဲနှင့် ဘယ်တော့မျှ လက်မထပ်ဆိုသော ခံယူချက်ဖြစ်သည်။ လူတစ်ဦးနှင့်တစ်ဦး မချစ်ဘဲနှင့် တစ်သက်လုံး သည်မျက်နှာကြီး များကို အပြန်အလှန် ဘယ်သူကြည့်နေနိုင်မည်လဲ။ ရုပ်ရှင်၊ ၀တ္ထုတွေထဲကလို နောက်တော့ချစ်မှာပေါ့ ဆိုသည်က ကျန်သူတွေမှာ ဟုတ်ချင်ဟုတ်လိမ့်မည်။ ကျွန်တော့်အတွက်တော့ မဟုတ်နိုင်ဟု ကျွန်တော်က ယတိပြတ် ကိုယ့်ဘာသာ ယုံကြည်နေသည်။ နောက်မှချစ်တာ မလို။ အချစ်ကို တမင်မရှာသူအတွက် တကယ်ချစ်သူ တစ်ယောက်ကို တွေ့လျှင် ချစ်မိပြီးမှ ထိုသူနှင့်လက်ထပ်ရခြင်းက ပိုကောင်းမည်ဟု ကျွန်တော် လက်ခံသည်။ သို့သော် ကျွန်တော်က ထိုသို့ဖြစ်နိုင်သော ကံမရှိခဲ့။

ဒါကြောင့်လည်း အသက်သုံးဆယ် ပြည့်ခါနီးသည့်တိုင် ချစ်သူမရှိ။ တည့်တည့်ပြောရလျှင် 'အဖော်' မရှိ။ သည်အကြောင်းကပင် ဘေးလူတွေအတွက် ဘယ်လိုမြင်သည်မသိ။ ကျွန်တော့်ဆီကို ပထမဦးဆုံး စ၀င်လာသော မြားတစ်စင်းက 'လူပျိုကြီး' ဟုခေါ်လာကြခြင်းပင်။

အစိုရရုံးမှာ လုပ်နေသူအတွက် ကျွန်တော်နေပျော်သော လူမှုအသိုင်းအ၀ိုင်းလေးမှာ ထိုနာမည်ကိုခေါ်တိုင်း ကျွန်တော် တွန့်တွန့်သွားရသည်က သေချာသည်။ ထိုအခါ နေပျော်ခြင်းရက်စွဲတို့ ပဲ့ရွဲ့ကုန်သည်။ သုံးဆယ် ဆိုသော အရွယ်က 'လူပျိုပါ' ဟု ဆိုချင်သည်။ 'ကြီး' တစ်လုံးတပ်ရလောက်အောင် မဖြစ်သေးဟု ထင်သည်။ သို့သော် သူတို့ကတော့ ဆိုချင်တိုင်း ဆိုကြသည်။ ဘယ်လိုမှတားမရ။

နောက်တစ်ဆင့် တက်လာသည်။ ရုံးမှာ ကျွန်တော့်လိုအရွယ် မိန်းကလေးအပျိုများရှိက တစ်ယောက်ပြီး တစ်ယောက် လိုက်စနေကြသည်။ ကျွန်တော့် ဆရာသမားကအစ ရုံးကလက်အောက်ငယ်သား ၀န်ထမ်းကပါ မထိခလုတ် ထိခလုတ်။ တည့်တည့်နှင့်စောင်းစောင်း။ တန်းတူအရာရှိတွေဆို ပိုဆိုး၏။ သိသိ သာသာချည်းသာ တွန်းလွှတ်သည်။ ကျွန်တော်ဘာလုပ်ရမည်နည်း။ ပြုံးပါသည်။ တစ်ဖက် မိန်းကလေးများကို အားနာပါသည်။ မသိယောင်ဆောင်ကာ ခပ်တည်တည်နေသည့်အခါ နေပါသည်။ စကားဝိုင်းက လစ်ထွက်သင့်လျှင် လစ်ထွက် ပါသည်။

သို့သော် ဘယ်လိုမျှမရ။ ကျွန်တော် လူပျိုဖြစ်နေရခြင်းက အားလုံးအတွက် ပစ်မှတ်ဖြစ်နေသည်ဟု ဆိုရ တော့မည်။ သည်လို အခြေအနေမှာပဲ ကျွန်တော့်အဖေက တစ်ဘာသာထွက်လာပြန်သည်။ သူ့အသိ၏ သမီးနှင့် သဘောတူသည်တဲ့။ သားယောက်ျားလေးအတွက် အမေက အိမ်ထောင်ချပေးဖို့ မစဉ်းစားဘဲ အဖေက စစဉ်းစားသောအခါ ကျွန်တော့်အတွက် အသက်သုံးဆယ်၏ ရိုက်ခတ်မှုကို အံ့သြနေမိပြန်သည်။

အဖေ့အကြောင်းပြချက်က ခိုင်လုံ၏။ မဟုတ်တရုတ် မိန်းကလေးမျိုးနှင့်တွေ့မှာ စိုးသည်တဲ့။ အမေကတော့ ကျွန်တော် မိန်းမ မယူလေ ကြိုက်လေပင်။ အရင်ကအဖေလည်း သည်သဘောရှိသည်။ သို့သော် ကျွန်တော်၏ သုံးဆယ် အရွယ်နှင့် ခေတ်၏ပြောင်းလဲမှုနောက်မှာ စိတ်မချနိုင်တော့။ ထို့ကြောင့် အဖေက သူယုံကြည် စိတ်ချရသော သူမျိုးနှင့်ပေးစားဖို့ ဖန်လာသည်။ ကျွန်တော်ဘာမျှ မပြောခဲ့ပါ။ တစ်ဖက်က ဘာမှမသိဘဲ ကျွန်တော်က ဇွတ်ငြင်းနေလျှင် တစ်ဖက်ကို အားနာဖို့ကောင်းပါသည်။ ထို့ကြောင့် သည်အတိုင်းပင်နေရင်း ကျွန်တော်တို့ဆန္ဒမပါဘဲ ဘာမျှမလုပ်တတ်သောအဖေ့ကို ထိုကိစ္စနှင့်ပတ်သက်၍ ဘာမျှမဆိုဖြစ်တော့ပါ။

တကယ်တန်းကျတော့ ကျွန်တော်က ထို'အဖော်' ဆိုတာနှင့်ပတ်သက်၍ ဘယ်အရွယ်မှယူမည်။ မယူဘူးဟု သတ်မှတ်ချက် မရှိခဲ့ပါ။ ကျွန်တော်၏ နေပျော်ခြင်းနှစ်သုံးဆယ်မှာ ကိုယ့်ဘာသာ ကျေနပ်နေခဲ့သူဖြစ်သည်။ အချစ်နှင့် ပတ်သက်၍ တည်ငြိမ်စွာ ရင်ဆိုင်တတ်သည့်အရွယ်မှာ ကိုယ့်ကြောင့်တစ်ပါးသူ ဒဏ်ရာ မရစေချင်သလို ကိုယ်လည်းနာကျင်ခြင်းဝေဒနာကို ထပ်မလိုချင်တော့။ အချစ်ကြောင့် ကိုယ်တိုင်အေးမြချင် သလို လူတိုင်းကိုအေးမြစေချင်သည်။ သို့သော်လည်း အချစ်ဆိုသည်က လူအများစုအတွက် ပူလောင်စေသည် ထင်ပါသည်။ အချစ်ကြောင့် လွမ်းရ၊ ဆွေးရ၊ ငိုရသူများ ရာဇ၀င်နှင့်ချီပြီး ရှိခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ်ကာလမှာ ကျွန်တော်ကိုယ်တိုင်က အချစ်နှင့်ဝေးဝေးမှာ ရောက်နေ သည်။ ဆယ်ကျော်သက်တွေလိုလည်း ရင်မခုန်။ ကိုယ့်အရွယ်နှင့် ကိုယ့်အတိုင်းအဆ တည်ငြိမ်မှုဘက်ကို ချိန်ခွင် လျှာက ကျနေပြီးဖြစ်သည်။ ဘယ်အချိန်မှ မြားနတ်မောင်က တည့်တည့်ပစ်မည်မသိ။ ၀န်ထမ်းဖြစ်သော ကျွန်တော်၊ စာရေးဆရာဖြစ်ချင်၍ ရောက်ရာဘ၀မှာ အင်ဂျင်နီယာ ဆိုတာကိုမေ့၍ နေပျော်နေသော ကျွန်တော်က လစာကို သုံးမလောက်၍ အိမ်ကပြန်တောင်းပြီး သုံးသောအခါ အဖေရည်ရွယ်သော ကိစ္စသည် ဘယ်ငွေနှင့် မိန်းမကိုရှာကျွေးမှာလဲဆိုသော အမေ့စကားနှင့် တစ်ခန်းရပ်သွားပါတော့သည်။

ကျွန်တော်ရောက်နေသော လူ့ဘ၀၏ ဗဟိုတည့်တည့်နီးပါးဟု ဆိုရမည့် သုံးဆယ်အရွယ်အထိ မိသားစုနှင့်၊ အရင်းနှီးဆုံးသူငယ်ချင်းများ ကလွဲလျှင် အဖော်မရှိခဲ့သော သည်အချိန်မှာ ကျွန်တော်ရင်ဆိုင် ရမည့် ရှေ့အနာဂတ်အတွက် ကျွန်တော့်ကိုကူမည့်အဖော်၊ ကျွန်တော်ကပြန်ကူရမည့်အဖော်၊ ဘယ်လိုအဖော်မျိုး ရောက်လာမည်လဲ။ ဒါမှမဟုတ် ကျွန်တော်တစ်ယောက်တည်းပဲ နေပျော်ခြင်းနှစ် များစွာကို ထပ်ဖြတ် ရမည်လား။ ဒါတွေ ကျွန်တော် မတွေးတော့ပါ။ အားလုံးသည် ကံစီမံရာဟု ဗုဒ္ဓဘာသာဝင်ပီပီ ကျွန်တော် လက်ခံပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်အတွက် နေပျော်ခြင်းနှစ်သုံးဆယ်ကတော့ ဖြတ်ခဲ့ပေပြီ။ ရှေ့မှာကောင်းတာ ဆိုးတာတွေ ထပ်ကြုံရဦးမည်။ သည်အခါ ကျွန်တော်တို့ မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် လက်တွဲ၍ ရှေ့ဆက်ရဦးမည်။ ကျွန်တော်မမြင်နိုင်သော အဖော် ဆိုသည်ကလည်း ရှိခဲ့လျှင် ပါလာချင်ပါလာဦးမည်။ သို့သော် သေချာသည်က ကျွန်တော်သည် နေပျော်ခြင်းနှစ်သုံးဆယ်၏အစကို တစ်ယောက်တည်းလာခဲ့၍ နောက်ထပ်နေပျော်ရမည့်နှစ်များစွာ ကုန်သွားလျှင်လည်း တစ်ယောက် တည်းပဲ ပြန်ရဦးမည်ဆိုတာ ဖြစ်သည်။ ဒါကိုတော့ အကြောင်းပြချက် မျိုးစုံပြ၍ ကျွန်တော် မငြင်းနိုင်တော့ပါ။ တရားအားထုတ်ပြီး တိတ်ဆိတ်စွာဖြင့်လည်း ဘာမျှမပြောဘဲ ပြန်ချိန်ကို ရင်မဆိုင်ချင်ပါ။ ဘာကြောင့်လဲ ဆိုလျှင် လူပီသစွာ ကျွန်တော့်မှာ နေပျော်ဦးမည့် ရက်စွဲများကို ထပ်မံပိုင်ဆိုင်ရဦးမည်ဟု သေသေချာချာ ယုံကြည် ထားသောကြောင့်ပင် ။ ။

သားလတ်


(၂၀၀၄ခုနှစ် - စက်တင်ဘာလ ၊ ဂန္ထ၀င်မဂ္ဂဇင်း)

Saturday, October 23, 2010

"လွမ်းလွမ်းဆွေးဆွေးအဝေးကအိမ်"

ကျွန်တော့်ဘ၀မှာ အသက်(၃၀)ကျော်သည့်တိုင် အဖေ၊ အမေ၊ ကျွန်တော့် ညီအစ်ကိုများနှင့် နှစ်ချီပြီး ဘယ်တော့မှ မခွဲဖူးခဲ့။ အထူးသဖြင့် အဖေနှင့်အမေကို။ သည်တော့ အလေ့အကျင့်ကြောင့် သာဟု ပြောရလောက်အောင် မိဘနှင့် ခွဲရလျှင်၊ အိမ်နှင့်ခွဲရလျှင် နေရထိုင်ရ တော်တော် ဒုက္ခရောက်လှသည်။

ငယ်ငယ်လေးတုန်းက မိဘနှင့်ခွဲပြီး အမျိုးတွေဆီ အလည်သွားဖူးသည်။ ကြာရှည်မနေနိုင်။ ပျော်သည်က တစ်ပိုင်း၊ မိဘတွေဆီ ပြန်ချင်သည်က တစ်ပိုင်း။

အိမ်မှာ ကိုကြီးက ကုမ္ပဏီဝန်ထမ်းဘ၀နှင့် နယ်ကိုနှစ်ချီ၍ စထွက်သည်။ ကာလကြာတော့ ကိုကြီးသည် 'အမေ့အိမ်' သီချင်း နားထောင်တိုင်း အိမ်ကို သတိရကြောင်း၊ လွမ်းကြောင်းဆိုသည်။ ကိုကြီးလိုခံစားမှုမျိုး မရှိသေး၍ နားမလည်နိုင်ခဲ့။

ကျွန်တော် ပြည်သူ့ဝန်ထမ်းလုပ်တော့ နယ်ပေါင်းစုံ ခရီးထွက်ရသည်။ စာများဖတ်သင့်သလောက် ဖတ်ပြီး အတွေးအမြင် ရင့်ကျက်လာသည်ဟု ထင်မိသည့်တိုင် မိဘအိမ်ကို လွမ်းမြဲ။ အိမ်နှင့်တကယ်ဝေးပြီဆိုမှ ကိုကြီးလို ခံစားချက်ကို နားလည်လာသည်။

ဘ၀ဆိုသည်က လွယ်မလိုနှင့်ခက်သည်။ နုမလိုနှင့်ကြမ်းသည်။ အပန်းပြေမလိုနှင့် မောပန်းလှသည်။ ၀န်ထမ်းဘ၀တုန်းက ရောက်ရာနယ်မြို့၊ ရောက်ရာစက်ရုံ၊ ရောက်ရာတည်းခိုခန်း တို့တွင် ကြုံသလို အိပ်ရသည်။ ကျောက်ဖြူမြို့က တည်းခိုခန်းတစ်ခန်းဆိုလျှင် ကြမ်းပိုးကိုက်ပြီး ညဘက်မီးလည်းမရှိ၍ ဖယောင်းတိုင်နှင့် ကြမ်းပိုးထသတ်ရင်း နံနက်(၅)နာရီမှ အိပ်မောကျခဲ့ဖူးသည်။ တောင်ကုတ်မှာ တည်းခိုခန်းတစ်ခန်းက ကြမ်းပိုးကိုက်၍ နောက်နေ့မှာ နောက်တည်းခိုခန်းသို့ ပြောင်းခဲ့ရသည်။ စစ်တွေမှာ ရာသီဥတုကြောင့် လေယာဉ်မရ၍ တည်းခိုခန်းမှာ (၄)ရက်လောက် သောင်တင်နေခဲ့ဖူးသည်။

အိမ်နှင့်ဝေးပြီဆိုလျှင် အမေ့ကို ပထမဦးဆုံးသတိရသည်။ အဖေရော၊ အမေပါ မိဘများမို့ အတူတူ ချစ်သည်မှာ ငြင်းဖွယ်ရာ မရှိ။ သို့သော် နံနက်မိုးလင်းသည်မှ ညမိုးချုပ်တိုင် အမေ့လက်ရာစား၊ အမေ ဂရုစိုက်သမျှခံနှင့် နေလာခဲ့၍ အဝေးရောက်ချိန်မှာ အမေ့ကို ပိုပြီးမြင်ယောင်မိသည်။

စင်္ကာပူရောက်တော့ ဘ၀ဆိုတာဘယ်လိုမျိုးလဲဟု ကိုယ့်ဘာသာစဉ်းစားရင်း အိမ်ပြန်ချင်သည့်အချိန်များ မရေတွက်နိုင်ခဲ့။ မိဘကို လုပ်ကျွေးဖို့ ၊ ချစ်သူနှင့်အတူနေဖို့ စသည့်အတွေးများက လွှမ်းမိုးရင်း မိုးမလင်းသေးသော နံနက်၊ မီးရောင်လက်သော ညများကြားမှာ အလုပ်နှင့်ငွေ ဆိုသည်ကို ကြည့်ကာ ဘ၀ကို ထိုးကျွေးထားလိုက်သည်။ တစ်ခါတစ်ခါ၌ စိတ်ဓါတ်အားနည်းရင်း ပြိုလဲသွားမည်လားစိုးကာ နာကျင်စွာ ဖြတ်သန်းခဲ့သည့် နေ့များကြား အားတင်းခဲ့ရဖူးသည်။ လူမျိုးခြား ဆိုသော ဝေါဟာရ ကြားမှာ မြန်မာ တစ်ယောက်၏ ဘ၀သည် သူစိမ်းဖြစ်၍ အစွမ်းရှိမှသာ တော်ကာကျမည်။

ယခုတော့လည်း မြို့ပြ၏ လူနေမှုစနစ်ကြားတွင် ကျွန်တော့်အတွက် ပုံမှန် ကျင်လည်နေရ သလို၊ နေ့စဉ် ဖြစ်စဉ်များကို ခံစားနေမိရင်း တစ်ချိန်တွင် အမေနှင့် အဖေရှိရာ မြန်မာပြည် သို့ ပြန်ရောက်မည်ဆိုသော ကြည်နူး အတွေးလေးနှင့် ရှင်သန်လာတတ်ခဲ့ လေသည်။ မပြန်နိုင်ခင်ခဏ ဇနီးသည်က အနားရောက်လာပြီး ကူညီအားဖြည့်ကာ ဘ၀ကို တိုက်ပွဲဝင်သည်။

ကျေးလက်ဆန်သော ဒဂုံမြို့သစ်(မြောက်) ပိုင်း က အမေ့အိမ်၊ အမေ့ခြံလေးကို ဘ၀ထဲမှာ ဖြတ်သန်းရင်း ခဏ ခဏလွမ်းနေမိသည့်အခါ တစ်ယောက်တည်း မျက်ရည်ဝဲနေမိခဲ့သည်။ ' အမေ့အိမ် ' ကို မလွမ်းသော သားသမီး ဘယ်မှာ ရှိနိုင်ပါမည်နည်း။ ဇနီးသည် သည်လည်း သူ့အမေကိုလွမ်းတိုင်း ဖုန်းခဏခဏ ဆက်သည်။ ကျွန်တော်လည်း ထို့အတူပင်။

အရာရာအားလုံးထက် နွေးထွေးသော၊ လုံခြုံသော၊ စိတ်ချမ်းမြေ့သော၊ ငြိမ်းချမ်းသော၊ ကြည်နူးဖွယ်ရာ ကောင်းသော ' အမေ့အိမ် ' နှင့်အဝေးမှာ ကျွန်တော်တို့ ရောက်နေခဲ့ရခြင်းသည် အလိုအပ်ဆုံးအရာတစ်ခုကို စွန့်ပစ်ခဲ့ရသည့်နှယ် ကျွန်တော်ခံစားရသည်။ ' အမေ့အိမ် ' ကိုလွမ်းမိတိုင်း ကိုငှက်(ထူးအိမ်သင်) ရေး၍ သူပဲသီဆိုသော ' အမေ့အိမ် ' သီချင်းကို နှလုံးသားနှင့် ခံစား၍ နားထောင်တတ်ခဲ့သည်။ ရင်ဘတ်ကြီးနှင့် ညည်းတွားဖြစ်ခဲ့သည်။

ကိုငှက်ကတော့ ရထားဥသြသံလေးများကြားလျှင် အိမ်ပြန်ချင်သည်ဟု ဆိုသည်။ ကျွန်တော်တို့ ကတော့ လေယာဉ်ပျံသံများကြားလျှင် အိမ်ပြန်ချင်သည်ဟု ဆိုရမည် ထင်သည်။ တားမနိုင် ဆီးမရ ပြုတ်ထွက် ကျလာသော အိမ်ပြန်ချင်စိတ်များကြား ကိုငှက်၏ တေးသွားများက ' အမေ့အိမ် ' ကို လွမ်းတိုင်း ရင်ထဲသို့ ဖြတ်သန်း စီးဆင်းနေတော့သည်။

ကျွန်တော်တို့အတွက်တော့ ကိုငှက်၏ Masterpiece ' အမေ့အိမ် ' ပင်။


လောကရဲ့လမ်းများပေါ် လျှောက်သွားရင်းနဲ့ မောပန်းနွမ်းနယ်
နှလုံးသားက လွမ်းဆွတ်လို့တမ်းတမိခဲ့ အမေ့ရဲ့အိမ်ကို
အေးမြတဲ့အမေ့ရဲ့ မေတ္တာရိပ်နဲ့ ဝေးခဲ့သူမို့
တခါတလေ ပြန်လည်တွေးရင် ရင်မှာပိုကြေကွဲ

ခြောက်သွေ့တဲ့ အိပ်မက်ရှည်တွေကြားထဲမှာ အရိပ်တစ်ခုလွင့်ပြယ်
ရက်စက်တဲ့နေ့ရက်များ တိုက်ခိုက်ကြလို့ အားနည်းနေပြီဆို
တင်းထားတဲ့စိတ်ဓါတ်များ ပြိုကွဲသွားမလား စိုးရိမ်လို့
ရင်မှာဒဏ်ရာများနဲ့ နာကျင်နေပြီပဲ

အိမ်ပြန်ချင်တယ် ဟူး......ဟူး.......အငြိမ်းချမ်းဆုံးအမေ့အိမ်
အိမ်ပြန်ချင်တယ် ဟူး......ဟူး.......အနွေးထွေးဆုံးအမေ့အိမ်
အိပ်မရတဲ့ ညများစွာထဲ ရထားဥသြသံလေးများကြားရင်
အိမ်ပြန်ချင်တဲ့စိတ်ကလေး တားမရဘူး

မွန်းကျပ်တဲ့မြို့ပြလူနေမှုစနစ်မှာ စီးမျောရင်းလေ
မပြီးသေးတဲ့ခရီးတစ်ခု အဆုံးထိရောက်ဖို့ကြိုးစားနေသူမှာ
ရိုးသားတဲ့ကျေးလက်က အမေ့အိမ်လေးအကြောင်း တွေးမိနေလို့
မြင်ယောင်ကာအိပ်မက်ရင် အလိုလိုငိုချင်တယ်


စကားပြော - အားလုံးထက်နွေးထွေးလုံခြုံတဲ့နေရာဟာ အမေ့အိမ်ပဲလို့ သိလိုက်ရတဲ့အချိန်ကျတော့
ကျွန်တော်က ဟိုးအဝေးကြီးမှာ ရောက်ရှိနေခဲ့ပြီလေ


ဆူးသစ်
၂၂း၁၅ နာရီ
၂၃.၁၀.၁၀
သီတင်းကျွတ်လပြည့်နေ့



"ဂီရိ ပုဂံ စင်္ကာပူ"



အောက်တိုဘာ(၂၃) နံနက်မှာ ဂီရိ(GIRI) ဆိုသော မုန်တိုင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ဘက်ကို ၀င်သည်ဟု သိရသည်။ ထို့နောက် ဆက်တိုက်ဆိုသလို မြန်မာပြည်အလယ်ပိုင်းထဲ တိုးသွားသည်။ မကွေးတိုင်း စလင်းမြို့မှသည် နံနက်၆နာရီခွဲခန့်တွင် ညောင်ဦးမြို့ကို ဦးတည်သည်ဟု သတင်းများက ဆိုသည်။

ကျွန်တော် သည်နေ့ အလုပ်ဆင်းရသည်။ Site ထဲမှာရှိနေစဉ် အိမ်မှဇနီးက မြန်မာပြည်မှာ မုန်တိုင်း ၀င်နေကြောင်း ဖုန်းဖြင့်လှမ်းပြော၏။ မြန်မာပြည်က အမေ့ဆီ ဖုန်းလှမ်းဆက်လိုက်သည်။ ရခိုင်ဘက်မှာတဲ့။ မြန်မာပြည် အလယ်ပိုင်းထဲ တိုးသွားပြီဟု ပြောသည်။ ညောင်ဦးဘက်ကိုတဲ့။ စိတ်မှာ ထင့်ခနဲ ဖြစ်သွားသည်။

ဇနီးသည်ဆီက ဖုန်းများ တစ်နေကုန်လာသည်။ ညနေ အိမ်ပြန်ရောက်ပြီး အင်တာနက်ဖတ်မှ ရှင်းသွား တော့သည်။ စစ်ကိုင်းတိုင်း ဘုတလင်ဘက်ကို ဦးတည်ပြီး မုန်တိုင်း လျော့သွားတော့မည်တဲ့။

ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားများ မုန်တိုင်းဘေးက လွတ်ကင်းကြပါစေဟု ဆုတောင်းမိသည်။ ထိုသို့ ဆုတောင်းရင်း နေ့လယ်က ကျွန်တော့်စိတ်ထဲထင့်နေတာပါ ပြေပျောက်သွား၏။ တခြားတော့မဟုတ်။ ညောင်ဦးဆီ ဦးတည်နေသော မုန်တိုင်း ပုဂံဘက်များ လှည့်မလားဆိုသော အတွေး။

' ပုဂံ ' ဟုဆိုလျှင် နိုင်ငံခြားသား တော်တော်များများ သိသည်။ အနော်ရထာမင်းစော၏ ပထမမြန်မာနိုင်ငံ 'ပုဂံ'။ ကျန်စစ်သား ထိန်းသိမ်းခဲ့သော 'ပုဂံ'။ ' လှည်းဝင်ရိုးသံတညံညံ ' ဆိုသော စေတီ အရေအတွက်နှင့် 'ပုဂံ'။ ကျွန်တော်တို့ မြန်မာများ၏ ယဉ်ကျေးမှုအမွေ 'ပုဂံ'။ ဗုဒ္ဓသာသနာ မြန်မာပြည်၌ စတင်ထွန်းကားရာ 'ပုဂံ'။ ပြောလျှင် ဆုံးမည်မဟုတ်။

နှစ်ပေါင်းများစွာ တည်ရှိလာခဲ့သော ထို ' ပုဂံ ' ကို တစ်နေ့တစ်ရက်နှင့် မပျက်စီးစေလို။ အိန္ဒိယက ပေးလိုက်သော ' ဂီရိ ' ဆိုသော အမည်နှင့် မုန်တိုင်းသည် ကျွန်တော်တို့ ချစ်သော ' ပုဂံ ' ကို ရိုင်းတော့ မှာလား။ အလုပ် လုပ်ရင်း ကျွန်တော့်စိတ်တွေ ဂနာမငြိမ်တော့။ အလုပ်ထဲက အလုပ်သမားလေးတွေကိုပင် ထုတ်ပြောမိ သေးသည်။

ပြီးတော့ မိသားစုတွေအတွက် ပူနေရသော သူတို့ကိုကြည့်ကာ ကျွန်တော်လည်း သူတို့လို ခံစားမိသည်။ တချို့လည်း ဖုန်းခေါ်မရ၍ စိတ်ဓါတ်ကျနေလေပြီ။

သည်သို့နှင့် အိမ်ပြန်အရောက်မှာ ကျွန်တော့်အပူစတချို့ ငြိမ်းအေးရသည်။ မုန်တိုင်းလျော့စပြုပြီတဲ့။ ကျွန်တော် ချစ်သော ' ပုဂံ 'မပါတော့။ သို့သော် ရခိုင်၊ မကွေး၊ မန္တလေး၊ စစ်ကိုင်းကလူတွေ ဘေးကင်းပါစ။

တိုက်တိုက်ဆိုင်ဆိုင် သည်ကနေ့သည် ' သီတင်းကျွတ်လပြည့်နေ့ ' ။ လုပ်ရက်ပါပေ့ မုန်တိုင်းရယ်ဟု စိတ်ထဲက ပြောမိသည်။ သူတို့က ဘာအဓိပ္ပါယ်နှင့် ပေးသည်မသိ။ ကျွန်တော့်ဘာသာ စဉ်းစားကြည့်သည်။ ထိုမုန်တိုင်းသည် ' ဂီရိ ' မို့တော်တော့သည်။ ရှေ့မှာ ' ဒဿ ' သာပါလျှင် မလွယ်လောက်တော့။

Site ကပြန်တော့ မရွာတာကြာသော စင်္ကာပူမိုးက သည်းကြီးမည်းကြီး ရွာသေးသည်။ မိုးကြိုးများပစ်၊ လျှပ်စီးများ လက်ကုန်သည်။ ထီးမပါသော ကျွန်တော့်တစ်ကိုယ်လုံး ရွှဲရွှဲစိုကုန်၏။ Lorry ပေါ်မှာလည်း မိုးကပက်၍ ဆက်ရွှဲကုန်သည်။ ချမ်းလာသည်မှာ ပါးစောင်တွေပင် ကျဉ်တက်ကုန်၏။ ' ဂီရိ ' ၏ အစွယ် အပွားလားဟု မဆီမဆိုင် တွေးမိသေးသည်။

မည်သို့ပင်ဖြစ်စေ မုန်တိုင်းဒဏ်ခံရပြန်သည့် မြန်မာပြည်သူ ပြည်သားများ ဘေးကင်းပါစေကြောင်းနှင့် မြန်မာတို့၏ အထိမ်းအမှတ် ' ပုဂံ ' ဒေသကြီးလည်း ဘေးဆိုးများမှ လွတ်ပါစေကြောင်း ချမ်းချမ်းနှင့်ပင် ဆုတောင်းနေမိ ပါသေးသည်။ ။


ဆူးသစ်
၂၀း၀၈ နာရီ

၂၃.၁၀.၁၀
သီတင်းကျွတ်လပြည့်နေ့

Sunday, October 17, 2010

"လက်နှစ်ဖက်"


လက်တစ်ဖက်က လက်တစ်ဖက်ကိုဆွဲတယ်
လက်တစ်ဖက်က လက်တစ်ဖက်ကိုဆုပ်ကိုင်တယ်
ဒီလိုနဲ့လက်နှစ်ဖက်ဖြစ်ခဲ့တယ် ။

အဲဒီလက်နှစ်ဖက်နဲ့ပဲချစ်ခြင်းဟာ ထာဝရတည်တယ်
အဲဒီလက်နှစ်ဖက်နဲ့ပဲဘ၀တစ်ခု တည်ဆောက်တယ်
အဲဒီလက်နှစ်ဖက်နဲ့ပဲ အရာရာအားလုံးကို ကျော်ဖြတ်တယ်
ချစ်သူ.......ကိုယ့်လက်တစ်ဖက်ရယ် မင်းလက်တစ်ဖက်ရယ်
တစ်သက်တာအတွက်ဖမ်းဆုပ်လို့ မြဲစေမယ် ။ ။

သားလတ်


(ကျွန်တော်နှင့်ကျွန်တော့်ချစ်သူလက်ထပ်ပြီးနောက် Gtalk တွင် ကျွန်တော်တို့နှစ်ယောက်စလုံးအတွက် ပထမဆုံးတင်သောကဗျာ)

"ခွဲမရသောချစ်သူများ"

နက်နဲတဲ့ပင်လယ်
ခက်ခဲတဲ့ကျောက်ဆောင်
ဘယ်လောက်တောင်ဘ၀မှာတွေ့။

အပြုံးကိုဆောင်
လက်မကိုထောင်ရင်း
နောင်လာသမျှအနာဂတ်လမ်းမှာဖြင့်
(ချစ်သူနှစ်ယောက်ကလေ...........)
ဖြတ်သန်းပျော်မွေ့။ ။

သားလတ်


(ကျွန်တော်နှင့်ကျွန်တော့်ချစ်သူအတွက် Gtalk တွင် ပထမဦးဆုံးအကြိမ်တင်ခဲ့သောကဗျာဖြစ်ပါသည်၊)

Friday, October 15, 2010

"ကျွန်တော်တို့သည် (၄)"

စာရေးဆရာတို့၏ထုံးစံ မိမိစာမူ၌ အတန်းမတက်ခင်ကဗျာများ ချရေးထားလေ့ ရှိ၏။ ဒဂုံမြို့သစ်မြောက်ပိုင်းမှ ကျောင်းတက်ရသော ကျွန်တော်သည် (၈)နာရီအတန်းကို မီရန် ၀ီရိယကောင်းရ၏။ ကျွန်တော်ရှေ့မှာရေးခဲ့သလို အိမ်မှကားဂိတ်သို့ နာရီဝက်ခန့် လမ်းလျှောက်ရ၏။ ဘတ်(စ်)ကားနှစ်ဆင့် စီးရ၏။ (၄၄)ပြောင်းစီးချိန်သည် မလွယ်ဆုံးပင်။ Lab ၀င်ရမည့်နေ့များဆိုလျှင် ကျွန်တော့်မှာ နောက်မကျရဲ။ အိမ်မှာနံနက်စာ စားသူမို့ အမေလည်း ကျွန်တော့်အတွက် ပင်ပန်း တော့သည်။

တစ်ခုတော့ကောင်းသည်။ ကျောင်းဖွင့်ချိန်သည် ဆောင်းတွင်းဖြစ်၏။ နိုဝင်ဘာမှသည် ဒီဇင်ဘာသို့ ဖြည်းဖြည်းချင်း ၀င်သွား၏။ နံနက်ခင်း မြူများကြား သစ်ရိပ်နှင့် လှသောကျောင်းကို ကျွန်တော်ခံစားခွင့် ရ၏။ အေးမြသောခံစားမှု၊ မြူနှင်းများ၊ သစ်ရိပ်များ၊ သစ်ပင်အောက်ကခုံတန်းလျားလေးများ၊ ကွန်ကရစ်လမ်း၊ စာသင်ဆောင် အားလုံးကို ကျွန်တော်ပတ်၍ ကြည့်လေ့ရှိ၏။ ထို့နောက် စာသင်ခန်းသို့ ၀င်၍ L-2 ၏သင်ပုန်းမှာ ကျွန်တော်ရေးချင်သော ကဗျာများ ချရေးလေ့ရှိသည်။

တစ်ခါတော့ ကျွန်တော်တို့အတန်းတွင် အင်္ဂလိပ်စာ သင်သောဆရာသည် ကျောင်းမှ မန္တလေး စက်မှုတက္ကသိုလ်သို့ပြောင်းရန် အကြောင်းဖန်လာ၍ ' မတူညီသောမျက်ရည်စက်များသို့ ' ဆိုသော ကဗျာတစ်ပုဒ်ကို သင်ပုန်းအပြည့် ကျွန်တော်ချရေးခဲ့သည်။

" မတူညီသောမျက်ရည်စက်များသို့ "

မင်္ဂလာပါဆရာ
သင်ရာမှာအပါစွဲအောင်
တစ်ခါတည်းနဲ့ ဆောင်ပြခဲ့တဲ့ကျေးဇူး
ဘယ်တော့မှမေ့ဖူးတော့မှာမဟုတ်ပါဘူး။

ထာဝရစကားများနဲ့မို့
ဂါရ၀တရားတွေနဲ့ တပည့်တွေအဖို့
ဆရာ့ကိုလွမ်းရင်းမျက်ရည်စို့ရပြီပေါ့။

မမေ့ပါနဲ့ဆရာ
တွေ့တာနဲ့ဒီကောင်တွေငါ့တပည့်လို့အမှတ်ရ
မြတ်လှတဲ့ကျောင်းသား
ရန်ကုန်စက်မှုတက္ကသိုလ်ကအရိုးသားဆုံးများပါ။

တစ်လကျော်တစ်လခွဲ
ဆရာနဲ့အတူနွှဲလို့
Class များလည်းတစ်ရွေ့ရွေ့
Reading Passage လည်းတစ်နေ့တစ်နေ့နဲ့
ဘယ်နေ့ဆရာသွားမလဲ
အားခဲထားတဲ့ Paragraph လည်းမရေးနိုင်
ငေးမှိုင်ကာတတွေတွေနဲ့
မျက်ရည်တွေလည်းတဝေေ၀ပေါ့။

ဆရာပြောင်းမယ်ဆိုတဲ့နေ့
အသာချောင်းကာဘယ်လိုလဲကြည့်ပါဦး
မိန်းကလေးတွေကလုံးလုံးမျက်ရည်ကျ
ယောင်္ကျားလေးတွေကနေမထိထိုင်မရနဲ့
L-2 ကဆရာ့တပည့်များ
တကယ်ရူးတာကြည့်ရက်ပါသလားလေ။

ဖြစ်နိုင်မယ်ဆိုရင်ပေါ့
ပထမစာသင်နှစ်အဆုံးထိ
ဆရာခပ်ပြုံးပြုံးနဲ့စောင့်ကြည့်လို့
English ဂုဏ်ထူးအတိထွက်မယ့်တပည့်တွေကြား
ဆရာဝင့်ကြွားဂုဏ်ယူ
အတူတူဝမ်းသာစွာမျက်ရည်ကျ
တပည့်တွေနဲ့ပျော်ကြရအောင်နော်ဆရာ။

ခုတော့
မျက်ရည်တစ်ဥ
နှလုံးသားမှာစုလို့
ဆရာပြောင်းသွားမယ့်နေ့ကိုကြိုစဉ်
(တပည့်တွေရင်ထဲမှာတော့..................)
ငိုချင်နေပါပြီဆရာ။ ။


ထိုနေ့က ဆရာ့အချိန်သည် ပထမအချိန်။ ဆရာသည် စာသင်မည်ဟုဆိုကာ သင်ပုန်းကိုဖျက်မည်အလုပ် ကျွန်တော့်ကဗျာကိုတွေ့ကာ တစ်ပိုဒ်ချင်းဖတ်ရင်း ဖျက်လေတော့သည်။ ကဗျာအဆုံးမှာတော့ အတန်းထဲက သူငယ်ချင်းများက လက်ခုပ်တီးကြ၏။ ကျွန်တော်ရေးမှန်း သူတို့မသိ။

နောက်ကဗျာတစ်ပုဒ် သင်ပုန်းပေါ်မှာ ခပ်တည်တည်နှင့် ချရေးခဲ့သေးသည်။ ' အိပ်ပျော်နေသော Calculatorများသို့ ' ဆိုသော ခေါင်းစဉ်ဖြင့်။

" အိပ်ပျော်နေသော Calculator များသို့ "

Calculator တွေဟာ
စတိုးဆိုင်တွေထဲမှာအိပ်ငိုက်
သိပ်ကြိုက်သူများကိုစောင့်နေတယ်။

YIT ကျောင်းပေါ်မှာဝဲနေတဲ့လေယာဉ်တွေ
(ဘယ်နေ့မှာ) Calculator တွေပစ်ချလေမလဲ
ခေါင်းခဲရင်းစောင့်မျှော်
ဆောင်းရာသီကိုကျော်လွန်တော့မယ်နော်။

သည်လိုနဲ့ပဲ
နှစ်လည်းဆုံး
ကျောင်းတံခါးတွေလုံးလုံးပိတ်တော့မယ်ဆိုမှ
အမေရေလုပ်ပါဦးဗျ
အဖေရေရှာပါဦးဗျနဲ့
မိဘတွေခေါင်းစားကြတော့
ငါ့အတွက်ဂဏန်းတွက်စက်
မိဘတွေဦးနှောက်ထဲဝင်လျက်ထွက်လျက်ပေါ့။

ကဲ-Calculator ရေ
အခန်းတံခါးတွေပိတ်
ကျောင်းကြီးအိပ်တော့မယ်
ခင်ဗျား-ဘယ်ဆီမှာရှိသလဲ။ ။



ကျွန်တော်တို့ကျောင်းမှာ နှစ်စဉ် Calculator များရောင်းပေး၏။ ဈေးသက်သာသည်။ အပြင်ဈေးနှင့် တော်တော် ကွာ၏။ သို့သော် ကျွန်တော်တို့နှစ်မှာ စာမေးပွဲဖြေခါနီးအထိ ရောက်မလာ။ ဘာသံမျှမကြား။ ခုပဲဝယ်ရတော့ မလိုလို။ စောင့်ပဲစောင့်နေရဦး မလိုလိုနှင့်၊ အချိန်သာကုန်လာသည်၊ မထူးခြားခဲ့။ Scientific Calculator များဖြစ်၍ ကြိုသုံးမှ အလေ့အကျင့်ဖြစ်မည်ကတော့ အမှန်ပင်။ နောက်ဆုံး မရနိုင်တော့ဘူးထင်၍ ထိုကဗျာကို ရေးကာ သင်ပုန်းပေါ်မှာတင်လိုက်၏။ သူငယ်ချင်းများ သဘောကျ ကြပြန်သည်။ သို့သော် ကဗျာဆရာ ကျွန်တော်မှန်း မသိသေး။

သည်လိုနှင့် ရွှေသမင်


Thursday, October 14, 2010

"ကျွန်တော်တို့သည် (၃)"

စာတွေစသင်ပြီဆိုသောအခါ ကျွန်တော့်မှာ ပထမဦးဆုံးသူငယ်ချင်းနှစ်ယောက်ရှိလာ၏။ 'မင်းဘုန်းလှိုင်' နှင့်'အောင်လှိုင်ထွန်း' ဆိုသောအမည်ပိုင်ရှင်များ။ 'မင်းဘုန်းလှိုင်' က ဆံပင်နည်းနည်း ကောက်ကောက်၊ အသားညိုညို၊ အရပ်မနိမ့်မမြင့်။ ' အောင်လှိုင်ထွန်း ' က မျက်မှန်နှင့်အသားလတ်လတ်။ 'မင်းဘုန်းလှိုင်' နှင့် အရပ်အတူတူလောက်သာ။

သူတို့နှစ်ဦးကို ကျွန်တော့်ဘာသာ ထိုင်ခုံဝင်ထိုင်ရင်း ရင်နှီးမိခြင်းဖြစ်သည်။ ထမင်းစားချိန်မှာ အခန်းလွတ် တစ်ခန်းကိုရှာ၍ ကျွန်တော်တို့သုံးယောက် အတူတူစားခဲ့ကြသည်။ ထိုစဉ်ကတည်းက ကျွန်တော်တို့ချင်း ရင်းနှီးမှုမှာ သတိထားမိသည်က ' ရိုးသားမှု ' ဖြစ်သည်။ ကျွန်တော်တို့သည် ပိုက်ဆံမရှိသည်ကို မရှိကြောင်း ပြောရန်ဝန်မလေး။ မိဘမချမ်းသာသည်ကို ဖုံးကွယ်ထားဖို့မလိုအပ်၍ ဖွင့်ပြောရန်လည်း ၀န်မလေး။ ထိုအချက်များနှင့်ပင် ပို၍ခင်သွားတော့သည်။

အတန်း၏ထုံးစံကြာလာတော့ အတန်းထဲကလူတော်တော်များများနှင့် ရင်းနှီးစပြုလာလေပြီ။ ထို့အတူ အတန်းထဲက အကျင့်လေးများကိုလည်း သတိထားမိလာ၏။ ပထမနှစ် L-2 ၏အကျင့်လေးတစ်ခုရှိသည်။ အခြားအတန်းများလည်း ရှိလိမ့်မည်ဟု ကျွန်တော်ထင်သည်။ 'စက္ကူမြား' ပစ်ခြင်းပင်။ စက္ကူများကို နည်းပေါင်းစုံခေါက်ပြီး အတန်းရှေ့ဆုံးခုံနှစ်တန်း သုံးတန်းလောက်က မိန်းကလေးများကို လက်တည့် စမ်းကြခြင်းပင်။

ကျွန်တော်တို့ကျောင်း၏ ထုံးစံ တစ်နှစ်ကို (၇၅၀)ခန့်ခေါ်ရာ မိန်းကလေးက (၁၀၀)၀န်းကျင်သာပါမည် ထင်သည်။ ထိုအထဲကမှ Section A ဟုခေါ်သော L-1 မှာ မိန်းကလေးတော်တော်များများ ပါသွားရာ၊ ကျွန်တော်တို့ Section B , L-2 မှာ မိန်းကလေး (၂၀)ကျော် (၃၀)နီးနီးလောက်သာရှိ၏။ တစ်ခန်းကို လူ(၂၀၀)ခန့်ရှိရာ ယောင်္ကျားလေး (၁၅၀)ကျော်ခန့်၏ မျက်လုံးများမှာ ထိုမိန်းကလေးအနည်းစုပေါ်သို့သာ စုကျနေတော့၏။ ထို့ကြောင့် ပစ်သမျှ စက္ကူမြားအားလုံးမှာ ထိုမိန်းကလေးများထံသို့သာ ဖြစ်နေတော့၏။ သို့သော် ကျွန်တော်သည် စက္ကူမြားပစ်သူများထဲတွင် မပါခဲ့။

ကျွန်တော်သည် ကဗျာရူး၊ စာရူးဖြစ်၍ ထိုစဉ်က ကျွန်တော်တို့၏ ကျောင်းတော်ကြီးကိုကြည့်ကာ ကဗျာရေးဖို့ စတင်ခံစားနေလေပြီ။ ထို့နောက်တွင်တော့ ရန်ကုန်စက်မှုတက္ကသိုလ်ဆိုသော ကျွန်တော်ချစ်သည့် တက္ကသိုလ်အတွက် ပထမဦးဆုံးကဗျာတစ်ပုဒ်ကို ရေးခဲ့မိလေသည်။


သံယောဇဉ် ရာသီဖွဲ့
နာရီလှည့် မှေးမှိန်အို။

ထိုခဏမှာပေါ့
အိုကြသူ လူတချို့ယွင်းလေလည်း
နှင်းနွေမိုးထဲ မားမားရပ်ပါလို့
အားပြတ်ကာ သူမလဲပေဘု
သာဆဲပါ ခမျာတွေ ရှုလေတော့
အစဉ်အမြဲသာကြော့ ရွက်နုလက်စို
(ဩော်.....ကျွန်တော်တို့ရဲ့)
ရင်ထဲမှာပေါ့ စက်မှုတက္ကသိုလ်။ ။


ကျွန်တော်တို့သည် ပထမနှစ်မှဆဌမနှစ်အထိ ခြောက်နှစ်တာစာသင်ကာလကို ဖြတ်သန်းရဦးမည်။ ထိုသို့ ဖြတ်သန်း ပြီးသွားသူများလည်း များစွာရှိကြသည်။ ပထမနှစ်မှာစကျွမ်းဝင်ခင်မင်၊ သံယောဇဉ်ဖြစ်ပြီး ရာသီများစွာကို ဖြတ်ကြမည်။ နာရီများစွာကိုကျော်ကြမည်။ ထိုအချိန်များတွင် ကျောင်းတော်ကြီးမှ ခွဲခွာ သွားသူများ အိုမင်း၍ပျောက်ဆုံးချင် ပျောက်ဆုံးသွားလိမ့်မည်။ ကျွန်တော်တို့ချစ်သော ရန်ကုန်စက်မှုတက္ကသိုလ်ဆိုသည့် ကျောင်းတော်ကြီးကား နှင်းနွေမိုးထဲ မားမားရပ်ကာ ရွက်နုများနှင့် ဝေဆာလှပနေပြီး ကျွန်တော်တို့ရင်ထဲတွင် ထာဝရရှိနေလိမ့်မည်ဟု ကျွန်တော်ယုံကြည်သည်။ ထိုအတွေးနှင့်ပင် ယင်းကဗျာကို စပြီးခံစား ရေးဖြစ်သွားသည်။

ခေါင်းစဉ်ကိုတော့ ' ရင်ထဲကအမှတ်တရ ' ဟုပေးလိုက်သည်။ ကျွန်တော့်ရင်ထဲမှာ တစ်သက်လုံး အမှတ်တရ ဖြစ်နေတော့မည့် အမိကျောင်းတော်ကြီး။ ကျွန်တော့်လိုပင် ကျောင်းမှာတက်ဖူးသော လူတိုင်းလည်း ရင်ထဲမှာ ရှိနေမည့် ကျောင်းတော်ကြီး။ အားလုံး၏ ' ရင်ထဲကအမှတ်တရ' ဖြစ်နေမည် မဟုတ်လား။

ယခုပင်ကြည့်။ ငယ်ငယ်က ကလေးဘ၀ထက်ဆိုးသည်။ တချို့ဆို ဗလာစာအုပ်ထဲက စာမျက်နှာများ ကုန်လေပြီ။ တစ်ယောက်ကစ ကျန်သူများပါယူနှင့် Lecture လိုက်ဖို့ စာရွက်ပင်မရှိတော့။ ကျွန်တော်တို့ ယောင်္ကျားလေးများသည် ထိုကဲ့သို့ ပျော်ရပါးရမည်ဆိုလျှင် အလွန်တက်ညီလက်ညီနိုင်လွန်းလှ၏။ တွက်ကပ် မနေ။ မည်သူ့စာအုပ်ဖြစ်ဖြစ် ကောက်ဖြဲလိုက်လျှင် ကျန်သူများပါ အတွဲလိုက်ဖြဲကြတော့၏။ စိတ်လည်းမဆိုးကြ။

ယောင်္ကျားလေးချင်းစိတ်မဆိုး၍ မိန်းကလေးများကရောဟုမေးစရာရှိသည်။ စက္ကူမြားနှင့်အပစ်ခံရ၍ နာလျှင် စိတ်ဆိုးကြသူများတော့ရှိသည်။ စက္ကူမြား၏ ပစ်အား။ စက္ကူအထူအပါးပေါ်တွင် မူတည်၍ တချို့ဆိုနာလွန်း၍ မျက်ရည်ဝဲကြသူများရှိသည်။ ဆရာမကို သွားတိုင်သူရှိသည်။ မတိုင်လျှင်ခံနိုင်ရိုးလား။ စာအုပ်အထဲက စက္ကူကုန်၍ စာအုပ်အဖုံး၊ ကတ်ထူစက္ကူနှင့် ခေါင်းကို 'တိန်' ခနဲမြည်အောင်မှန်သည့်အခါ နာလိုက်ကြမည့် ဖြစ်ခြင်း။

ဆရာအတိုင်ခံရ၍ အဆူခံရပြီးနောက် ထိုအကျင့်များ ပျောက်သွားလားဟုဆိုလျှင် မပျောက်။ တချို့ဆို နာမှာစိုး၍ဟု ဆိုကာ မိန်းကလေးခုံနားကပ်၊ ခေါင်းထဲကိုဆံညှပ်ထိုးသလို အသာအယာလေးထိုးထည့်ပြီး မသိယောင်ဆောင်ကာ ထထွက်လာသူများပင်ရှိသေးသည်။ မြားပေါ်မှာစာတွေလည်း ရေးထားသေး၏။ မိန်းကလေးများမှာတော့ ပြောမရ၍ လက်နှင့်သာ သပ်ချနေရတော့သည်။ L-2 သည် Theatre ဖြစ်ပြီး အပေါ်မှအောက်သို့ ပြေပြေလေးဆင်းသွားသော စာသင်ခန်းမျိုးဖြစ်ရာ မိန်းကလေးများအဖို့ သူတို့ ထိုင်နေရာသည် ယောင်္ကျားလေးများ၏ ပစ်ကွင်းနေရာ ဖြစ်နေလေရာ တစ်နှစ်လုံးအောင့်အည်း ခံနေရလေသည်။

ထိုအချိန်၌ ကျွန်တော့်အတွက် 'စက္ကူမြား' နှင့် 'ချစ်သူတို့စက္ကူမြား' ဆိုသော ကဗျာနှစ်ပုဒ်ကို ရေးဖြစ်ရန် ခံစားမိပါတော့သည်။

" စက္ကူမြား "

စက္ကူတစ်ရွက်
ဆုတ်ဖျက်ဖန်ဆင်း၊ အပြစ်ကင်းမဲ့
ချစ်ခြင်းနဲ့အတူ၊ ချစ်သူထံပါး
တစ်စင်းမြားလို၊ သွား၍ထိုးစိုက်
ခင်မကြိုက်လျှင်၊ ယူငင်လွှင့်ပစ်
ခင်နှစ်သက်သလိုပြုနိုင်သည်။

ဒါပေမဲ့ခင်
ကြင်နာသနား၊ နားလည်ထားပါ
ထိုမြားတစ်စင်း၊မုန်းခြင်းကင်းမဲ့
ချစ်ခြင်းနှင့်တည်၊ မောင့်ရင်ဆီမှ
ပြယုဂ်တစ်ခု၊ သမုဒယအလှ
နှလုံးသားမှ ကဗျာတစ်စဖြစ်သည်။

သည်တော့လည်းခင်
မကြင်နာစွန့်၊ ခင်ခွာဝံ့မလား
ထိုမြားတစ်စင်း၊ ကျွမ်းမြိုက်ခြင်းမဲ့
မုန်းခြင်းမရှိ၊ ချစ်ခြင်းပြည့်စွာ
ထာဝရစကား
နှလုံးသားမှ လာသည့်အရာ
ကြာရှည်ကာလ၊ နက်ရှစူးနစ်
ထိုးဝင်ရစ်၍
ချစ်သူ့နှလုံးသားမှာ
(အစဉ်ထားဝရ.........)
အမုန်းများစွာ မေ့စေသတည်း။ ။



" ချစ်သူတို့စက္ကူမြား "

အပြစ်မယူပါနဲ့
ချစ်သူတွေမဟုတ်ဘူးလား။

မမုန်းရက်စွာနဲ့
ပြုံးလျက်သာဖယ်ကာရှားပါတော့
ဘယ်ညာများယောင်ကာမလှည့်ချင်နဲ့
တည့်လျှင်ခင် နာကာသွားမှဖြင့်
ကွယ် - မောင့်ရင်မှာဘယ်လိုဖြစ်ပါ့မလဲ
အပြစ်အပူနဲ့အသက်ရှုမှားမယ်ထင်တဲ့
(စက္ကူတွေနဲ့လေ ....................)
သြော် - ချစ်သူတို့မြား။ ။


ထိုကဗျာများနှင့် ' ရင်ထဲကအမှတ်တရ ' ကဗျာပါဝင်သော ' အစဉ်ထာဝရ ' ဆိုသည့် စာစုကို ရွှေသမင်သို့ပို့လိုက်ရာ ၁၉၉၄ခုနှစ် - မတ်လတွင် ပါဝင်လာပါတော့သည်။

ကျွန်တော်တို့သည် ထိုအချိန်က ကျောင်းသူကျောင်းသားများဖြစ်ကြ၏။ အလွန်ပျော်တတ်ကြ၏။ အလွန် ရိုးသားကြ၏။ အလွန်တစ်ရာမှလည်း သည်းခံတတ်ကြ၏။

ဆူးသစ်
၂၁း၃၆ နာရီ

၁၄.၁၀.၂၀၁၀

"သံမဏိစည်း"

လွမ်းမိရင်တောင်
ချည်နှောင်ရစ်ထား၊ ထိုကြိုးများဖြတ်
အလွမ်းပြတ်စေ၊ တတ်နေသောကဗျာ
ထိုစာတွေထဲ၊ အလွမ်းလွှဲနှစ်
ချစ်သည့်ကာလမေ့ပစ်သည်။

အိပ်မက်ရင်တောင်
အိပ်မက်ဖောင်ပေါ်၊ ယောင်၍မပါ
မျောကာမလိုက်၊ သတိမိုက်မရှိ
အသိလိုက်ညှိ၍၊ ထိုနေ့ညမှာ
ထကာထိုင်တတ်၊ အိပ်မက်ရပ်စေ
ဤသို့ဝေဒနာဖြတ်ပစ်သည်။

ရုတ်တရက်ထွက်
စကားမြွက်ခြွေ၊ အခက်ပွေအောင်
ဖွေဆောင်ကျန်ရစ်၊ နာမည်လှစ်ဟ
ထိုခဏ၌၊ နှုတ်ခမ်းကိုက်ကာ
မမိုက်ပါဟု၊ သူ့နာမည်လည်းမပြော
ကိုယ့်စကားလည်းမဟ၊ ရင်မှမျိုသိပ်
တိတ်တိတ်မလှုပ်
နှုတ်စကားနည်းကာ နေဖြစ်သည်။

မပိုင်သည့်ပန်း
တခြားလန်းနေ၊ လွမ်းသင့်လေသလား
စည်းတွေခြားကြ၊ ထိုဘ၀မှာ
ကာလအဆုံး၊ တစ်သက်လုံးတိုင်
လွမ်းငိုင်မရှိ၊ အသိနှင့်တွက်
အိပ်မက်မဝေ၊ စကားခြွေမဖြစ်
ချစ်သမျှကာလ
' တစ်ခါက' သာဖြစ်စေမည်။

သားလတ်


(၁၉၉၅ခုနှစ်-ဧပြီလ၊ ရွှေသမင်မဂ္ဂဇင်း)

"တဒင်္ဂ"

အကြည့်တစ်ခုဟာ
ပင်လယ်ထဲကလှိုင်းတံပိုးတွေခေါ်ဆောင်လာလို့
ရင်ထဲမှာရိုက်ခတ်သွားပြီထင်တယ်။

စကားတစ်ခွန်းဟာ
ဟိုးအထက်ကောင်းကင်ဖျားက
နတ်သားတွေရဲ့တူရိယာ၊ စောင်းတံပိုးသံတွေခေါ်ဆောင်လာလို့
နားထဲမှာငြိမ့်အေးသွားပြီထင်တယ်။

စင်စစ်....................
ပင်လယ်ထဲကလျှပ်ပြက်ခြင်းလို
ကောင်းကင်ပေါ်ကမိုးခြိမ်းသံများလို
အားလုံးဟာတဒင်္ဂမျှသာကြာပါတယ်။

တွေ့ဆုံရတဲ့ခဏတာဟာ
ကာလများစွာကိုမေ့လျော့စေတတ်တယ်ဆိုတာ
ဘယ်သူသိခဲ့ပါသလဲကွယ် ။ ။

သားလတ်


( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

"အစွဲအလမ်း"

အသည်းကျွမ်းအောင်ပေါ့
စွဲလမ်းကာတွယ်တာခဲ့။

စားစိတ်၊ နေစိတ်၊ သွားစိတ်မှာတောင်
အနားမှာအရိပ်တစ်ခုပါသလိုမို့
စိတ်မှာအမြဲတမ်းတကာ
အစွဲအလမ်းတွေရစ်ပတ်လာသမျှနဲ့
(ကိုယ်ကကွယ်.................)
ချစ်တတ်ပါရဲ့ ။ ။

သားလတ်


( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

Tuesday, October 12, 2010

"ချစ်သူ"

ကော့ညွှတ်သီစို
မျက်ဝန်းညိုမှာ၊ ကြည်ပိုတောက်ပ
တိမ်စင်လသို့၊ ပျပျမမှုန်
ရောင်စုံမယှက်၊ ရင်ထက်စွဲငြိ
အချစ်၏အရောင်၊ အပြာဆောင်နေ
အမှောင်ခြွေဆင်း၊ ကြည့်လိုက်ခြင်းတွင်
သက်ပြင်းတွေချ၊ မျက်လွှာချလို့
ကိုယ်ကမကြည့်ရဲ၊ အသိထဲမလုံ
အမြင်ဆုံတိုင်း ရင်ခုန်သည်။

နက်မှောင်ရှည်လျား
ဆံနွယ်ဖျားမှာ၊ လေသားနမ်းရှိုက်
သယ်ရာလိုက်ပါ၊ လူးလာဝေ့၀ိုက်
ထိုအခိုက်ပေါ့၊ စုပိုက်ယုယ
သူ့ဆံစမျှင်၊ အသာတင်သပ်
တလှပ်လှပ်ကွယ်၊ မပြတ်ဘယ်တော့
ခေါင်းမော့ခေါင်းခါ၊ မျက်နှာအလွှဲ
မြင်လိုက်ဆဲတွင်ရင်ခုန်သည်။

နီရဲရွှဲစို
နှင်းဆီလိုနှုတ်ခမ်း၊ အပေါ်တန်းပါး
အောက်တန်းကားထူ၊ တွဲကာစူလှ
အပူစမေ့၊ နှုတ်ကမွှေ့လျှင်
မတွေ့မြင်လောက၊ ချိုမြအသံ
နားထံစီးမျော၊ ညီသောသွားများ
စီထားဖြောင့်ဖြူး၊ ရင်ကြည်နူးသည်
ဖူးငုံပန်းဖတ်၊ ပွင့်လှပ်မည့်ဟန်
စိတ်မှာကြံမရ၊ နှိုးဆွမသိစိတ်
တိတ်တိတ်လေးနွမ်း၊ အို-စိတ်ကြမ်းတို့
မှန်းတွေးလေတိုင်း ရင်ခုန်သည်။

ဖြောင့်သွယ်ကော့သွား
နှုတ်ခေါင်းဖျားမှာ၊ ချွေးများစုစု
ဟိုဥသည်မှီ၊ တွဲကာစီခိုက်
သီသည့်ချွေးများ၊ လက်ဖျားနှင့်ဖယ်
နှာတံငယ်ဝင်း၊ ဖြူချောခြင်းမြဲ
ရင်တွင်းစွဲမက်၊ နှုတ်ခမ်းထက်ဆက်သော
ချိုင့်ခွက်ရှည်မျော၊ ရင်သိပ်မောစေ
အနမ်းခြွေလမ်း
ပန်းဖြေစခန်းတစ်ခု၊ နှလုံးသားထုထင်
စိတ်တွင်တွယ်ဖက်
တွေးကြည့်လျက်တွင် ရင်ခုန်သည်။

သွေးကြောနီစိမ်း
ယှက်သွယ်ယိမ်းနွဲ့၊ ခက်တိမ်းလဲ့မြင်
မှဲ့မထင်သော၊ ဖြူစင်ပါးထက်
နုညက်သနပ်ခါး၊ ခပ်လွှာလွှားတင်
ကြည်ရွှင်ပြုံးပြ၊ မြင်ရချိုင့်ခွက်
ပါးချိုင့်လက်စို
အသက်ပိုနုထင်
ရှက်သလိုပြုလျှင် ရင်ခုန်သည်။

သွယ်လျခန္ဓ
လှပပါလို့၊ နိမ့်ကာမြင့်တက်
မို့မောက်ထက်ဝန်း၊ တောက်ပရွှန်းဝေ
လှလွန်းနေသော၊ အလှတောမှ
အမောပန်းသခင်၊ ရင်ကိုနှိုးကြွ
ပန်းလှရနံ့၊ စွဲငြိပျံ့စေ
အသိဝေသော၊ ချစ်နေသည့်သူ
အပူမရှိ၊ သူမသိလည်း
အကြည့်သူခိုး၊ တိုးလျှိုးပုန်းဝှက်
ငေးနေရက်သူ၊ သည်လူမှိုင်ငေး
အတွေးထဲချစ်၊ အိပ်မက်သစ်ဝေ
အချစ်တွေများ၊ နှစ်တွေပွားစဉ်
ကြင်နာကာလရွေ့
အမြင်မှာခွာမရ၍
အစဉ်သာထာဝရမမေ့တော့ပါ။ ။

သားလတ်



( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

"အလင်းနှစ်စောင့်သူများ"


ညဉ့်လယ်ယံကိုပဲ
ဂီတသံနဲ့အစာကျွေး
တစ်ရေးမနိုးသူတွေရဲ့အိပ်မက်အပြင်က
ချောင်ကျကျအုတ်ခုံတန်းတွေပေါ်မှာ
သူတို့နေရာအမြဲယူထားတယ်။

လှိုက်မောတုန်ခါနေတဲ့အသံတွေက
အောင်မြင်မှုအာဟာရတွေကိုတောင့်တပုံမျိုး
ဆိုးရွားတဲ့ညတစ္ဆေတောင်
ယောင်တောင်တောင်နဲ့ထကြည့်ရတဲ့ဘဝ
အဲဒါလူအများပြောတဲ့ ' ဂျစ်ပစီ 'တွေရဲ့အစလေ။

အုတ်ခုံနားမှာဇိမ်ကျနေတဲ့
ခွေးပိန်မလည်းနားရွက်ကိုတွန့် လွန့်ခနဲထ
စည်းစိမ်စွန့်လို့နေရာဟောင်းကိုခွာ
ဒါတောင်တက်ကြွစွာနဲ့
သူတို့ရင်ထဲကချွေးတွေကိုရေရွတ်လို့
ကောင်းကင်ကကြယ်တွေကိုဆွတ်ချင်နေလေရဲ့။

ဆုံးရှုံးခြင်းနွေ
ကြေကွဲခြင်းမိုး
ဆိုးရွားတဲ့ဆောင်း
အဟောင်းစွန့်တဲ့အမှိုက်ကျင်းထဲနှစ်ပြီးထည့်ခဲ့
ဒီလိုနဲ့အလင်းနှစ်ကိုတွေ့သွားသူတွေ
အလင်းနှစ်ကိုဆက်စောင့်သူတွေ
(ဟိုမှာကြည့်လေ)
လမ်းထောင့်ကအုတ်ခုံတွေမှာရှိနေတယ်။ ။

သားလတ်



( လမ်းဘေးအုတ်ခုံပေါ်မှဂီတကိုဖက်တွယ်ရင်း အောင်မြင်သွားသူများ၊ မအောင်မြင်သေးသူများအား ရည်ညွှန်းခံစားရေးဖွဲ့ပါသည်။ )

( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

"သြဘာလမ်း"


ပြောကာလွမ်းချင်ရဲ့
သြဘာလမ်းရဲ့အကြောင်းပါ။

စိမ်းစိုစိုမြက်ခင်းပြင်နဲ့
ဘေးဘက်တစ်ခွင်အလှဆင်ထားပါလို့
မြင်ကြသူများရှုမငြီးစရာ။

စာသင်ဆောင်လေးခုကြားက
အလှစုရာထီးတည်းလမ်းပေမို့
' ဖြတ်သန်းသွားလာခြင်းမပြုရ ' ဆိုင်းဘုတ်နဲ့
(စက်မှုတက္ကသိုလ်ရဲ့)တစ်ခုတည်းသောအလှကြော်ငြာ
ပျော်စရာတွေကပြည့်ကာလွှမ်း။

ပထမနှစ်ပေမို့
အစဖြစ်ကာမလည်ပတ်သူများ
အကြောင်းမသိသူမို့
ကျောင်းရှိရာအလည်လာသူများခမျာလည်း
ဆိုင်းဘုတ်ကစာမမြင်သာအောင်တစ်ဘက်လှည့်ထားတာကြောင့်
ယောင်တောင်တောင်ဖြတ်အကူးမှာဖြင့်
ပြည့်ကျပ်ကာပူးနေတဲ့စာသင်ဆောင်လေးခုဆီက
တေးစုတွေသံပြိုင်ထုတ်ပါတော့
လက်ခုပ်သံကတဖြောင်းဖြောင်းနဲ့ညီညီညာ
လက်ခေါက်မှုတ်သံကတသောင်းသောင်းနဲ့တရွှီရွှီမြည်ကာညံလှပါလို့
ဖြတ်မိသူခေါင်းနားပန်းကြီးကာ
ဘယ်လမ်းတာဘယ်လိုလေဆက်ရပါ့မလဲရယ်လို့
ပင်ပန်းကာတစ်ကိုယ်လုံးချွေးတွေလွှမ်းပါတော့
အရှက်အမှုအခက်ပိုလို့မောကာနွမ်းကြပါသတဲ့
(ကဲ - အဲဒါ ကျွန်တော်တို့ရဲ့)
စက်မှုတက္ကသိုလ်က သြဘာလမ်း ။ ။

သားလတ်


( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )


Sunday, October 10, 2010

"ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့တရားပွဲ"

ငြိမ်သက်ခြင်းရဲ့မုန်တိုင်းဟာ
'စုဝေးခန်းမ'ထဲကိုဒုန်းစိုင်းဝင်လာခဲ့
တိုးညင်းလျော့ယဲတဲ့လေရှုသံများ
စူးရှသြဇာရှိတဲ့အသံခပ်ပါးပါး
(အဲဒီမှာ ...............)
မြတ်ဗုဒ္ဓရဲ့တရားတွေလွှမ်းခြုံထားတုန်းပေါ့။

ကြည့်စမ်း.................
ဘယ်တုန်းကမှမတမ်းတဖူးတဲ့မြင်ကွင်း
ဆံပင်ရှည်လမ်းသရဲလို့ဆိုသူတွေလည်းထိုးထွင်းခံစား
လူအုပ်ကြားမှာမျက်လွှာချတရားနာ
(အဲဒါ......................)
မြန်မာလူမျိုး ဗုဒ္ဓဘာသာလေ။

အေးချမ်းခြင်းရဲ့အရိပ်အတွေ့ကတော့
အိပ်ငွေ့ချတာထက်တောင်အစွမ်းထက်နေသေး
အသိ, အတတ်ပညာရှင်တို့ရဲ့အနာဂတ်တေး
(ဟိုးမှာ......................)
အဝေးဆုံးထိချိုမြပျံ့လွင့်ကျန်ခဲ့ပြီ ။ ။

သားလတ်


(တန့်ကြည့်တောင်ဆရာတော် ၊ သပိတ်အိုင်ဆရာတော်တို့၏ တရားပွဲများ နာကြားပြီးနောက်ခံစားရေးဖွဲ့သည်)

( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

"ချစ်သူ့ကျေးဇူး"

မျက်ဝန်းနက်လေးရယ်
စကားတွေအဝေးဆုံးကယူဆောင်လာခဲ့
နွမ်းယဲ့နေတဲ့နှလုံးသားကိုအသက်သွင်း
မနက်ခင်းလေးတွေကိုရင်ခုန်ခွင့်ရလို့ကျေးဇူးပါ။

နှုတ်ခမ်းပါးလေးရယ်
ခွန်အားတွေကိုအနက်ရှိုင်းဆုံးကတူးဖော်ပေးခဲ့
ပျောက်ဆုံးနေတဲ့ဘ၀ကိုပြန်ရှာတွေ့
မမေ့နိုင်တဲ့အိပ်မက်တွေကိုမွေးဖွားခွင့်ရလို့ကျေးဇူးပါ။

ရှင်းသန့်လွန်းတဲ့မျက်နှာလေးရယ်
အချစ်တွေကိုအမှေးမှိန်ဆုံးကတောက်ပစေခဲ့
သေးငယ်မှုန်ဝါးနေတဲ့ကိုယ့်ရုပ်ကိုပုံဖော်မိလာ
ရှင်သန်ခွင့်တစ်ခါပြန်ရတဲ့အတွက်ကျေးဇူးပါ။

ရိုးသားလွန်းတဲ့နှလုံးသားလေးရယ်
မမြင်ခဲ့ဖူးတဲ့အကြင်နာမေတ္တာတွေကိုပေးလှည့်ပါ
မရခဲ့ဖူးတဲ့စေတနာ, ကရုဏာတွေကိုဖန်ဆင်းလှည့်ပါ
သူငယ်ချင်းတစ်ယောက်, ချစ်သူတစ်ယောက်
နှမတစ်ယောက် , အမေတစ်ယောက် ရဲ့ချစ်ခြင်းမျိုးတွေစီရင်လှည့်ပါ
အခါခါအထပ်ထပ် အချစ်ငတ်မွတ်နေတဲ့နှလုံးသားတစ်ခုကိုပေါင်းစည်းလှည့်ပါ
ဒဏ်ရာတွေနဲ့အိပ်မက်ဆိုးကို ယုယလှည့်ပါ
မျှော်လင့်အနာဂတ်လေးကို တီထွင်ပေးလှည့်ပါ
ဆုံးရှုံးအတိတ်လေးကိုပြုစုပေးလှည့်ပါ
ကြေကွဲပစ္စက္ခလေးကိုဖေးမပေးလှည့်ပါ
ဘ၀ရဲ့အရသာကို
လူထဲမှာရှိနေတုန်းခံစားခွင့်
တစ်ခါလောက်ကျေးဇူးပြုလှည့်ပါကွယ် ။ ။

သားလတ်


( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

"အလျော်ပေးလိုက်ရတဲ့ည"

ပုံမှန်ဖြစ်စဉ်တစ်ခုထဲမှာ
ဘာကိုမှမသိအောင်ရူးသွပ်ခြင်းနဲ့
ဦးညွှတ်ခြင်းကင်းတဲ့ငါ့အဇ္ဈတ္တ
အနုပညာ၊ ဗီဇထဲသမလို့
ဘ၀ကိုကျွန်လိုခိုင်းစေခဲ့တယ်။

ရုန်းကန်တိုးထွက်
နေကိုအသက်နဲ့နှုတ်ဆက်ပြီး
ပုပ်ပျက်နေတဲ့ချုပ်ရိုးဟောင်းတွေအတိုင်း
မနွမ်းချိတဲ့ခန္ဓာကိုယ်ကိုအနားပေးလို့
ရှိပြီးသားအားကိုထပ်မွေးခဲ့
ပြန်စဉ်းစားတဲ့အလှည့်မှာရှက်ချင်ချင်ပေါ့။

ဆစ်ခနဲဖြစ်သွားတဲ့အကြော
ဝေါခနဲထွက်လာတဲ့သွေး
ခပ်အေးအေးပဲနေနေမိရင်း
မရှိ၊ မသိခဲ့တဲ့ညခင်းကို
အပျင်းဆိုးတွေအတွက်အစားထိုးဖို့
မအိပ်တဲ့နိုးခြင်းနဲ့အတူ
လရဲ့လျှပ်စီးကိုနမ်းရှိုက်
ကြယ်တွေနဲ့စကားလုံးစီးချင်းတိုက်လို့
အတင်းမတောင်းတဲ့အကြွေးအပေါ်
သွေးချွေးနဲ့လျော်ခဲ့တယ် ။ ။

သားလတ်


( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

"ကျောင်းဖွင့်ချိန်"

နှလုံးသားတွေက နိုးထလာခဲ့ပြီ
ပျော်စရာတွေက တံခါးရွက်ကြားထဲအတင်းတိုးလို့
ရှင်းသန့်တဲ့ခင်မင်မှုတွေကိုရူရှိုက်ခဲ့ရ
(အဲဒီအချိန်) ဘ၀ကတစ်ခါ ပြန်နုပျိုသွားတယ် ။ ။

သားလတ်


( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

"မျှော်လင့်ဝေဒနာ"

နွေကြားမိုးကြား
ဆောင်းကြားလက်စို
အခက်မမှုသလိုနှင့်
ရွက်နုလက်စိုသော
အို - အမိစက်မှုတက္ကသိုလ်။

ရင်ခွင်ခိုနား
လေးနှစ်သားတစ်ယောက်
ခြေရာမဖျောက်ခင်၊ အမိရင်မှာ
ကြည်ရွှင်ပျော်မြူး၊ နေဖူးချင်လည်း
ခွဲခွာရန်နီး၊ အချိန်ပြီးရွှေ့
တစ်နေ့နေ့နှင်၊ အမေ့ရင်ထဲ
ခိုမြဲကာလ၊ နှစ်နှစ်မျှသာ
ကျန်ပါတော့လား၊ လွန်စဉ်းစားတိုင်း
သားရိုင်းတစ်ယောက်၊ မျက်ရည်ပေါက်ကြွေ
ကျွမ်းမြေ့နေပြီ
ချိန်, ရာသီကိုမုန်းမိ၏။    ။

သားလတ်



(သုံးပိုင်းနှစ်ပိုင်းကျောင်းသားကာလသို့)

( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

"အရသာ"

ဘ၀မှာငန်တူးနေတာချည်းပဲ
အမြဲတမ်းမျိုချခဲ့ရ
ချိုမြိန်တဲ့ရသဆိုတာဘာလဲလို့မေးရမယောင်
ဘောင်တွေစည်းတွေကမွေးကတည်းကပါလာခဲ့
ဒီလိုနဲ့မသိဥာဏ်ခရီးထဲပဲလျှောက်ခဲ့တယ်။

အရသာရှိရှိနဲ့ဗဟုသုတဟင်းအိုးထဲခုန်ချချင်လဲ
'စည်းစနစ်စာပေ'ဆိုတာတွေနဲ့မတွေ့ရင်မနေရအောင်
ဦးနှောက်ရဲ့အကျဉ်းထောင်ထဲရိုက်သွင်းခံခဲ့ရ
ပြီးတော့မှတစ်နှစ်ကိုတစ်ခါလောက်ပြန်ထုတ်ကြပေါ့။

မိုးလင်းခါနီးရောင်နီတွေကိုပဲ
ညနေဆည်းဆာလိုစားသုံးရင်းနေ့သစ်ကိုဖွင့်လှစ်ခဲ့
သိပ်ချစ်စရာကောင်းတဲ့ရှုခင်းဆိုတာ
ရာဇ၀င်မှာရှားပါးခဲ့တယ်လေ။

ငတ်ငတ်မွတ်မွတ်နဲ့
ပြင်းပြင်းထန်ထန်လွှတ်ပြီးတောင့်တတဲ့အခါကျတော့
ပမ်းလျပျော့ခွေစေတဲ့အထိ
နာမည်တစ်လုံးချိနွမ်းသွားမှာစိုး
သမိုင်းကြောင်းအရိပ်မည်းထိုးမှာကြောက်ရင်း
သက်ပြင်းတွေပဲရုန်းကန်ပွေ့ဖက်ခဲ့ရပြန်တယ်။

အဲဒီလိုနဲ့.....................
ဘ၀ရဲ့အရသာတွေဟာ
ငန်, ချဉ်, စပ် တာတွေချည်းဖြစ်နေရင်း
သေတွင်းနှုတ်ခမ်းကအချိုရည်ကိုသောက်ရမယ့်နေ့
ခပ်မေ့မေ့တောင်ဖြစ်ဖြစ်သွားတယ် ။ ။

သားလတ်



(သူငယ်တန်းမှစ၍စတုတ္ထနှစ်(စက်မှု)ရန်ကုန်စက်မှုတက္ကသိုလ်ရောက်သည်အထိကျောင်းစာများနှင့်အမြဲ ထိတွေ့ နေခဲ့ရသောသူငယ်ချင်းများနှင့်မိမိ၏ဘ၀များစွာသို့)

( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )
Related Posts Plugin for WordPress, Blogger...