စာရေးရာ ခုံနံဘေး
တေးဖွဲ့လို့သီ။
ဖြာလိုက်တဲ့ ရွှေနေခြည်၊
မြေမဟီမှာ တောက်ထွန်း။
သစ်ပင် ပန်းမာလ်တို့
စိမ်းလဲ့ကာဝင်းဖန့်
လင်းဖြန့်လို့ရွှန်း ။
လေပြည်က တသာသာ။
စာရေးရာ ခန်းပြူတင်း
လှမ်းရင်းဝင်လာ။
အေးမြလို့ညှင်းသွဲ့တာ
မင်းရဲ့ငါကြည်နူးရ။
လာစမ်းပါ(ကွ)
ငါပမ်းရင် မင်းကိုရှိုက်လို့
နှစ်ခြိုက်ရွှင်ပြ။
စိမ်းမြမြ သစ်ပင်တွေ။
လေသိမ်းရာ လိုက်ပါရင်း
ငိုက်ကာစင်းနေ။
လည်ချင်းလဲ ယှက်လို့လေ၊
လက်တွေလို ခိုင်မြဲ။
မယိုင်မလဲ ပါလို့
ကိုင်လှဲတောင် သူမကြောက်
အပူအောက်နေဆဲ။
ကဲ - ကဲ ကြည့်လိုက်ပါ။
အဲသည်ဟာ အဲသည်မြင်ကွင်း
ရှင်းလင်းလို့ ဖြာ။
ကဗျာရေးတဲ့ အခန်းမှာ၊
မခမ်းစရာဥာဏ်တွေရ။
ငှက်တေးတွေနားထောင်
လေကလေးတွေညှင်းသွဲ့
သစ်ရွက်တွေလှုပ်ခတ်လို့
ရှုပ်တတ်သမျှဘယ်မရှိပါဘဲ
တကယ်ပီတိဖြာစရာကောင်းပါဘိ
ငါ၏ဘ၀ ။ ။
သားလတ်
( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )
1 comments:
တစ်ကယ့်ကို နှစ်ခြိုက်စရာကောင်းတဲ့ နေရာလေးပါ။ ဒါပေမယ့် ငှက်တွေ အရမ်းများရင် နားငြီးမလားလို့
Post a Comment