ကျွန်မရယ် မောင်ရယ် ကျောင်းပြီးရင်
မောင်ကမငြီးတမ်း စက်တွေဆောက်
(ကျွန်မလဲ .....) မောင်နဲ့အတူလျှောက်မယ်တဲ့။
စာသင်ဆောင်၊ လက်တွေ့အခန်း
တိုက်တန်းလျား၊ စက်များရဲ့ကြား
မောင့်အနားကမခွာချင်ပေါင်
ခဏတာအတူနေရတာပဲမောင်ရယ်တဲ့။
Y.I.T ရဲ့နှစ်စနှစ်ဆုံး
အပြစ်အမုန်းမရှိသောခရီးကြမ်းများနဲ့
အချစ်ဆုံးသိတဲ့အနမ်းတချို့
လှမ်းစို့ခေါ်ရင်းလက်ကမ်းခဲ့တာတွေ
တီတာတာစကားတွေနဲ့ချိုနွဲ့ခဲ့တာတွေ
နွေဆိုလည်းနွေအလျောက်
မိုးရောက်တော့မိုးနဲ့ပေါင်း
ဆောင်းရောက်တော့လည်းဆောင်းနဲ့အကြောင်းသင့်လို့
အချစ်ကကိုယ့်ကိုဆိုခဲ့တဲ့စကားများစွာ
နားထဲမှာကြားနေတတ်သေးရဲ့။
အတွယ်အတာတွေရဲ့ထိပ်ထား
သမုဒယများရဲ့အရှင်
အကြင်နာတို့ရဲ့ဘုရင်မ
စိတ်ချစမ်းပါအချစ်ရယ်
ဘယ်ခါဖြစ်ဖြစ်ပြန်ပြီးမနှင်ဘူး
(ဘာလို့လဲသိလား ............)
တကယ်သာချစ်တဲ့ဖန်တီးရှင်အစစ်
အနာဂါတ်အုတ်မြစ်ချသူမင်း
ရင်တွင်းခိုင်မြဲနေလို့လေ ။ ။
သားလတ်
( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )
0 comments:
Post a Comment