မျက်ဝန်းညိုမှာ၊ ကြည်ပိုတောက်ပ
တိမ်စင်လသို့၊ ပျပျမမှုန်
ရောင်စုံမယှက်၊ ရင်ထက်စွဲငြိ
အချစ်၏အရောင်၊ အပြာဆောင်နေ
အမှောင်ခြွေဆင်း၊ ကြည့်လိုက်ခြင်းတွင်
သက်ပြင်းတွေချ၊ မျက်လွှာချလို့
ကိုယ်ကမကြည့်ရဲ၊ အသိထဲမလုံ
အမြင်ဆုံတိုင်း ရင်ခုန်သည်။
နက်မှောင်ရှည်လျား
ဆံနွယ်ဖျားမှာ၊ လေသားနမ်းရှိုက်
သယ်ရာလိုက်ပါ၊ လူးလာဝေ့၀ိုက်
ထိုအခိုက်ပေါ့၊ စုပိုက်ယုယ
သူ့ဆံစမျှင်၊ အသာတင်သပ်
တလှပ်လှပ်ကွယ်၊ မပြတ်ဘယ်တော့
ခေါင်းမော့ခေါင်းခါ၊ မျက်နှာအလွှဲ
မြင်လိုက်ဆဲတွင်ရင်ခုန်သည်။
နီရဲရွှဲစို
နှင်းဆီလိုနှုတ်ခမ်း၊ အပေါ်တန်းပါး
အောက်တန်းကားထူ၊ တွဲကာစူလှ
အပူစမေ့၊ နှုတ်ကမွှေ့လျှင်
မတွေ့မြင်လောက၊ ချိုမြအသံ
နားထံစီးမျော၊ ညီသောသွားများ
စီထားဖြောင့်ဖြူး၊ ရင်ကြည်နူးသည်
ဖူးငုံပန်းဖတ်၊ ပွင့်လှပ်မည့်ဟန်
စိတ်မှာကြံမရ၊ နှိုးဆွမသိစိတ်
တိတ်တိတ်လေးနွမ်း၊ အို-စိတ်ကြမ်းတို့
မှန်းတွေးလေတိုင်း ရင်ခုန်သည်။
ဖြောင့်သွယ်ကော့သွား
နှုတ်ခေါင်းဖျားမှာ၊ ချွေးများစုစု
ဟိုဥသည်မှီ၊ တွဲကာစီခိုက်
သီသည့်ချွေးများ၊ လက်ဖျားနှင့်ဖယ်
နှာတံငယ်ဝင်း၊ ဖြူချောခြင်းမြဲ
ရင်တွင်းစွဲမက်၊ နှုတ်ခမ်းထက်ဆက်သော
ချိုင့်ခွက်ရှည်မျော၊ ရင်သိပ်မောစေ
အနမ်းခြွေလမ်း
ပန်းဖြေစခန်းတစ်ခု၊ နှလုံးသားထုထင်
စိတ်တွင်တွယ်ဖက်
တွေးကြည့်လျက်တွင် ရင်ခုန်သည်။
သွေးကြောနီစိမ်း
ယှက်သွယ်ယိမ်းနွဲ့၊ ခက်တိမ်းလဲ့မြင်
မှဲ့မထင်သော၊ ဖြူစင်ပါးထက်
နုညက်သနပ်ခါး၊ ခပ်လွှာလွှားတင်
ကြည်ရွှင်ပြုံးပြ၊ မြင်ရချိုင့်ခွက်
ပါးချိုင့်လက်စို
အသက်ပိုနုထင်
ရှက်သလိုပြုလျှင် ရင်ခုန်သည်။
သွယ်လျခာ
လှပပါလို့၊ နိမ့်ကာမြင့်တက်
မို့မောက်ထက်ဝန်း၊ တောက်ပရွှန်းဝေ
လှလွန်းနေသော၊ အလှတောမှ
အမောပန်းသခင်၊ ရင်ကိုနှိုးကြွ
ပန်းလှရနံ့၊ စွဲငြိပျံ့စေ
အသိဝေသော၊ ချစ်နေသည့်သူ
အပူမရှိ၊ သူမသိလည်း
အကြည့်သူခိုး၊ တိုးလျှိုးပုန်းဝှက်
ငေးနေရက်သူ၊ သည်လူမှိုင်ငေး
အတွေးထဲချစ်၊ အိပ်မက်သစ်ဝေ
အချစ်တွေများ၊ နှစ်တွေပွားစဉ်
ကြင်နာကာလရွေ့
အမြင်မှာခွာမရ၍
အစဉ်သာထာဝရမမေ့တော့ပါ။ ။
သားလတ်
( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )
2 comments:
ဒီကဗျာလေး မိုက်တယ် ဗျာ
အမလေးနော်.....မိုးယံတစ်ယောက်က မိုက်တယ်တဲ့။
ဟုတ်ပ။ ကဗျာတစ်ပုဒ်လုံးဖတ်ပြီး မိန်းကလေးဘယ်လောက်တောင် လှတယ်ဆိုတာ..
ထင်းကနဲ၊ ထင်းကနဲ.....:)
အရေးအသားတွေကလည်း....အကြောင်းတိုင်းကို
အသက်ဝင်နေတော့တာ။ သနပ်ခါးနံ့လေးတွေတောင်
ရနေသလိုပဲ။ :)
Post a Comment