လန်းစွင့်လာလျှင် ဘယ်လိုဆင်လို့
ဘယ်လိုပြင် ဘယ်လိုထုံးမယ်ကွယ့်
ဆိုခဲ့သည့် ပျိုပျိုခင်။
နှစ်အကူးမှာပေါ့
ချစ်ဦးရေပန်ပါဆိုရင်း
သင်းလှသောရနံ့တွေနှင့်
ပန်းတစ်ပွင့်ကိုဖြင့်ပေးခဲ့စဉ်။
ပန်ချင်ပါဘူးတဲ့
ဟန်အဆင်ထူးလာခြင်းနဲ့
မသာယာတင်းသလိုနေပါတော့
မြေခတဲ့ပန်းပိုင်ရှင်
ကြိုင်ချင်လည်းခွင့်မသာခဲ့။
မပန်တတ်ရင်ပေါ့
ဟန်လှပ်ကာအမူရုပ်နဲ့
လူတကာလုပ်သလို ပန်ပါမယ်လို့
ဘယ်ခါဝယ် မဆိုတတ်ပါနဲ့
ပန်းပေးသူ အငိုမရပ်တတ်ပါဘူး
ပျိုကတဲ့ဇာတ် ပျိုမနိုင်တာက
ငိုမှိုင်ကာ တခွေခွေနုံးပြီအမှန်ပါပဲ
ကွယ် - ပြုံးရယ်ပန်လှည့်။ ။
သားလတ်
( ' အနမ်းတစ်ရှိုက်ဖြစ်တည်ရာရင်ခွင်ဦး ' ကဗျာစာအုပ်မှ )
0 comments:
Post a Comment