Sunday, October 10, 2010

" ကျွန်တော်တို့သည် "(၂)


ကျောင်းစတက်သောနေ့သည် ငယ်စဉ်ကလေးဘ၀လို ရင်ခုန်စရာ။ တက္ကသိုလ်ကျောင်းသားဘ၀ ဆိုသည်ကပင် စိတ်ထဲမှာ လန်းဆန်းတက်ကြွနေသည်။ ကျောင်းရောက်ပြီး ' ပစ္စည်းမဲ့ဂိတ် ' က၀င်လိုက်လျှင် ကွန်ကရစ်လမ်းကလေးရှိ၏။ ထိုအတိုင်း ဘယ်ဘက်သို့လိုက်လျှင် ရန်ကုန်စက်မှုတက္ကသိုလ်၏ အထင်ကရ ' ရောမတိုင်လုံးကြီးများ ' ဟု ကျွန်တော်တို့နောင်တော်များ ခေါ်သောတိုင်လုံးကြီးများကို တွေ့ရလိမ့်မည်။

ထိုတိုင်လုံးကြီးများဘက်သို့မလိုက်။ ဘယ်သို့ ကတ္တရာလမ်းလေးအတိုင်းလိုက်ပါက ကျွန်တော်တို့ စာသင်ဆောင်များဖြစ်သည့် L-1, L-2, L-3,L-4 တို့သို့ရောက်မည်။ L-4 နှင့် L-3 ကိုအစဉ်အတိုင်း ကျော်ပါမှ L-2 နှင့် L-1 ကပ်လျက် အဆောင်များသို့ရောက်၏။

ကျွန်တော်တို့ကျောင်းသည် သစ်ရိပ်ပေါသောကျောင်းဖြစ်၏။ ကုက္ကို၊ ငု၊ ပိတောက်၊ စိန်ပန်း၊ ယူကလစ်၊ သရက်၊ ပိန္နဲ၊ ပုဏ္ဍရိက်တန်းတို့ဖြင့် အရာရာသည် စိမ်းစိမ်းစိုစို။ ကျောင်း၏သင်္ကေတဖြစ်သော စွယ်တော်ပင်တို့ကိုတော့ လူမြင်ကွင်းမှာသိပ်မတွေ့ရ။

ကျောင်း၏အချိန်စာရင်းကို ပင်မဆောင် (Main Building) မှာကူးပြီး အတန်းရှိသည်ဆို၍ သွားကြည့်သောအခါ ဆရာ မရှိ။ အတန်းက ထမင်းစားပြီးချိန်မှစမည်ဆို၍ အချိန်စာရင်းကူးရင်း မျက်မှန်းတန်းမိသောသူငယ်ချင်း တစ်ယောက်နှင့် ကင်တင်းန် ကိုဆင်းသည်။ သည်တော့မှ တက္ကသိုလ်ကျောင်းသားဘ၀ ပီသရတော့၏။ အတန်းမတက်ခင် လက်ဖက်ရည်ဆိုင်က ရောက်နှင့် နေပြီကိုး။

ကင်တင်းန်သည် စာကြည့်တိုက်ကိုဖြတ်၊ ကားပတ်ကင်နှင့် ငွေစာရင်းဌာနကြားကအမိုးနှင့် လမ်းလေးအတိုင်း သွား၊ ညာဘက်ချိုး၊ ပြီးလျှင်အေမှအက်ဖ်အထိရှိသော ယောင်္ကျားလေးဆောင်များ ဘက်သို့ဆက်မသွားဘဲ လမ်းခုလတ်မှာတင် ဘယ်ချိုးရ၏။ ကျောင်းကအမြင့်မှာရှိ၍ ကင်တင်းန်က မြေနိမ့်ထဲမှာရှိသည်။ လှေကားက နှစ်ခုခွဲဆင်း၏။ ဆိုင်ခန်းကလည်းများစွာ။ ဘယ်ညာမျက်နှာချင်းဆိုင်။

မျက်မှန်းတန်းမိသောသူငယ်ချင်းနှင့် နေ့လယ်အတန်းမစခင် လမ်းခွဲသောအခါ ကျွန်တော်သူ့ကိုတစ်ခွန်း ပြောခဲ့သည်။ ' ကျွန်တော့်ကိုမတွေ့ရင် Library မှာရှာပါ ' ဟု။ သူငယ်ချင်းကဘယ်လိုထင်သည်မသိ။ ပြုံးပြုံးနှင့် ခေါင်းညိတ်သည်။ သူ့စိတ်ထဲမှာ ' ဒီကောင်စာရူးလားမသိဘူး၊ ဘာမှတောင်မသင်ရသေးဘူး၊ Library လာရှာလို့ ပြောနေတယ် ' ဟုတွေးနေလေသလားမသိ။ အမှန်ကကျွန်တော်ကလည်း ကိုယ့်အတွေးနှင့်ကိုယ်။ ထိုစာကြည့်တိုက်တွင် ကျွန်တော်ဖတ်လိုသော ရှေးစာရေးဆရာ၊ ဆရာမကြီးများ၏ ၀တ္ထုများ၊ ကဗျာများ၊ ဆောင်းပါးများ ရှိနိုင်သည် ဟုတွေးကာ ကျောင်းချိန်အားလျှင် ဖတ်ဖို့ရည်ရွယ်ကာ ပြောလိုက်ခြင်းဖြစ်သည်။

ထိုသူငယ်ချင်းက L-3 မှာမို့ ကျွန်တော်နှင့်လမ်းခွဲသွား၏။ L-2 ဘက်သို့ ကျွန်တော့်ဘာသာ လျှောက်သွားရင်း အတန်းထဲဝင်လိုက်စဉ် လူကစုံသလောက်ဖြစ်နေ၏။ ပထမဆုံးလက်ချာ(Lecture)မို့ ထင်၏။ ခုံတော်တော် များများ ပြည့်နေလေပြီ။ သည်သို့ဖြင့် ချောင်နေသောခုံတစ်ခုံမှာဝင်ထိုင်ရင်း စာအုပ်ထုတ်ကာဆရာအလာကို မျှော်မိတော့၏။ အချိန်စာရင်းကိုကြည့်တော့ သင်္ချာဘာသာရပ်။

သည်သို့ဖြင့် ကျွန်တော်တို့၏စက်မှုတက္ကသိုလ်ကျောင်းသားဘ၀ကို သင်္ချာဘာသာနှင့်စတင်ခဲ့သည်ဟု ဆိုရတော့မည်။ ထိုအချိန်တုန်းက ကျွန်တော်တို့သည် အဖြူရောင်သက်သက်များဖြစ်၏။ ကျွန်တော်တို့သည် စဉ်းစားရခြင်း၊ တွေးတောရခြင်းမျိုးကို သေသေချာချာမသိသေးသူများဖြစ်၏။ ကျွန်တော်တို့သည် ကျွန်တော်တို့ အနာဂတ်ကို မမြင်နိုင်သေးသူများဖြစ်၏။


ဆူးသစ်

၂၃း၀၂ နာရီ
၀၉-၁၀-၁၀

1 comments:

T T Sweet said...

ကျောင်းအကြောင်းရေးထားတဲ့ ပို့စ်လေး လာဖတ်သွားတယ်နော်။ သတိရလိုက်တာ။ လိုက်ဘရီတော့ သိပ်မရောက်ဖြစ်ဘူး။ စက်မှုကဆိုတော့ ခရေပင်တန်းမှာ ကျက်စားတာများတယ်။

Related Posts Plugin for WordPress, Blogger...