၁၉၉၃ ခုနှစ်နိုဝင်ဘာလမှာ ရန်ကုန်စက်မှုတက္ကသိုလ်ကို ကျွန်တော်စတက်ရသည်။ ဒဂုံမြို့သစ်မြောက်ပိုင်း မှာ နေသော ကျွန်တော့်ကို ကျောင်းမဖွင့်ခင် စက်မှုတက္ကသိုလ်ပထမနှစ်ပြီး၍ ဒုတိယနှစ်တက်မည့် အစ်ကိုတစ်ယောက်က ကျောင်းကိုခေါ်သွားပြီး ကျောင်းအပ်ဖို့လိုက်ပြပေးသည်။ ကျွန်တော့်အဖို့တော့ စက်မှုတက္ကသိုလ်ကျောင်းသားဘ၀အစသည် ကလေးတစ်ယောက်နှယ်။
ကျွန်တော်က ၁၉၉၁ ခုနှစ်မှာ (၁၀)တန်းအောင်သည်။ အထက်တန်းကျောင်းကထွက်တော့ ကျွန်တော်နှင့် တွဲသော စာတော်သည့်သူငယ်ချင်းများကြားမှာ စက်မှုတက္ကသိုလ်သို့ ကျွန်တော်တစ်ယောက်တည်း လာခဲ့ရသည်။ ကျန်သူငယ်ချင်းများက ဆေးတက္ကသိုလ်သို့ဝင်ခွင့်ရသည်။ ကျွန်တော်သည် ဂုဏ်ထူးမထွက်သော ဓာတုဗေဒဘာသာရပ်တွင် အမှတ်နည်းသွား၍ ဆေးတက္ကသိုလ်ဝင်ခွင့် အမှတ်ထက် (၁၂မှတ်) ခန့်လျော့သွားပြီး စက်မှုတက္ကသိုလ်ရောက်ခဲ့ခြင်းဖြစ်သည်။ ဆယ်တန်းအမှတ်စာရင်း ထုတ်သည့်နေ့က ကျွန်တော့်ကို နားလည်သော သူငယ်ချင်းများနှင့် တစ်နေကုန်လျှောက်သွားပစ် လိုက်သည်။ စိတ်ဓာတ်ကတစ်ဟုန်ထိုး ပြုတ်ကျခဲ့ပြီကိုး။
ကျွန်တော်တို့မိသားစုမှာဆရာဝန်မရှိ။ ထို့ကြောင့်ကျွန်တော်သည် ဆရာဝန်တော်တော်ဖြစ်ချင်ခဲ့သည်။ သို့သော် မဖြစ်တော့။ ပိုဆိုးသည်က ကျွန်တော့်ငယ်သူငယ်ချင်း တစ်ယောက်မျှမပါသော ရန်ကုန်စက်မှုတက္ကသိုလ်သို့ တစ်ယောက်တည်းရောက်ခဲ့ခြင်းဖြစ်သည်။ သည်သို့ဖြင့် ထိုစဉ်က ကျောင်း တက်ဖို့ အရေးသည် မျက်စိသူငယ်၊ နားသူငယ်။
နောက်တော့ရပ်ကွက်ထဲက နောက်လမ်းက အစ်ကိုတစ်ယောက်၏ ဖခင်နှင့်ကျွန်တော့်ဦးလေးတို့ ဆက်သွယ်မိပြီး ကျွန်တော်ကျောင်းအပ်ဖို့အဆင်ပြေသွားတော့သည်။ ကျောင်မဖွင့်ခင်တစ်ရက်မှာ ထိုအစ်ကိုနှင့်လိုက်သွား၏။ အိမ်မှကြိုးတံတားသို့လမ်းလျှောက်၊ ကြိုးတံတားဟိုဘက်တွင် ကားဂိတ်ရောက်အောင် ဆက်လျှောက်ရ၏။ အိမ်နှင့်ကားမှတ်တိုင်ကြား နာရီဝက်ခန့်ကြာ၏။ ထို့နောက် ကားစီးပြီး န၀ဒေးရုပ်ရှင်ရုံ မှတ်တိုင်သို့ရောက်သည်။ န၀ဒေးမှာ (၄၄)ကားပြောင်းစီးရသည်။ ထိုစဉ်က (၄၄) သည် ဒိုင်နာ။ ယခုလို ကားကြီးများမဟုတ်။ သည်သို့ဖြင့် အင်းစိန်လမ်းမကြီးပေါ်က ကြို့ကုန်းမှတ်တိုင်ရှိ 'ရန်ကုန်စက်မှုတက္ကသိုလ် ' ကိုရောက်ခဲ့တော့သည်။
ကျောင်းမှာရှေ့ဘက်၌ ၀င်ပေါက်နှစ်ပေါက်ရှိသည်။ တစ်ပေါက်က ဘတ်(စ်)ကားဂိတ်နားမှာ၊ လူချည်းဝင်ရန်။ တစ်ပေါက်ကကိုယ်ပိုင်ကားများဝင်ရန်။ သည်တုန်းက နာမည်ဟောင်းများရှိသည်ကို ကျွန်တော် မသိ။ နောင်နှစ်များကြာမှ သိလာရသည်က ဘတ်(စ်)ကားဂိတ်နားက အပေါက်သည် 'ပစ္စည်းမဲ့ဂိတ် ' ။ ဟုတ်သည်။ ကိုယ်ပိုင်ကားမစီးနိုင်၍ ဘတ်(စ်)ကားစီးလာသူတွေ ၀င်သောအပေါက်နှင့် ထိုနာမည်ကကွက်တိ။
နောက်တစ်ပေါက်ကတော့ ' ဦးလူပေါပေါင်းမိုး ' ဟုခေါ်သည်။ ကာတွန်းဇာတ်ကောင် ဦးလူပေါ ၏ခေါင်းပေါင်းနှင့် တူ၍ပေးထားခြင်းဖြစ်တန်ရာသည်။ ၀င်ပေါက်ဂိတ်၏အပေါ်မှ အမိုးခုံးခုံးက ဤသို့ခေါ်ထိုက်၏။
ကျွန်တော့်အနေနှင့်ကတော့ မည်သည့်ဝင်ပေါက်က၀င်ဝင် ကျောင်းပရ၀ဏ်အတွင်းရောက်ပြီိဆိုသည်နှင့် ကျွန်တော်တို့သည် စက်မှုတက္ကသိုလ်ကျောင်းသူကျောင်းသားများဖြစ်သွားပြီဟု ခံယူမိသည်။ ပစ္စည်းရှိခြင်း၊ မရှိခြင်းက ကျွန်တော်တို့၏ကျောင်းဝင်းအတွင်းမှာ မည်မျှရိုက်ခတ်နိုင်ပါသနည်း။ အားလုံးသည် အင်ဂျင်နီယာ၊ ဗိသုကာ ကျောင်းသူကျောင်းသားများပင်။
ကျောင်းအပ်သည့်နေ့က ကျွန်တော့်စီနီယာအစ်ကိုက ' ဒါကကျောင်းသားရေးရာ၊ ဒါက Library ၊ ဒါကငွေစာရင်းဌာန ' ဟုဆိုကာ ကျောင်းအပ်ရင်းသိသင့်သည်များကှိုရှင်းပြသည်။ ပြီးတော့ ခုံနံပါတ်အရ ကျွန်တော်တက်ရမည့် L-2 ဆိုသောစာသင်ခန်း ကိုလိုက်ပြသည်။ ကျွန်တော့်မှာ သူပြသမျှလိုက်ကြည့်ရင်း ကျောင်းသားသစ်တို့၏ထုံးစံအတိုင်း ယောင်လည်လည်ဖြစ်မြဲသာ။ ထိုနေ့ကတော့ကျောင်းကို လေ့လာရုံသက်သက်၊ ကျောင်းအပ်ရုံသက်သက်မို့ ပေါ့ပေါ့ပါးပါးပင် ပြီးဆုံးသွား၏။
ကျွန်တော်လိုကျောင်းကိုအသိနှင့်လာခဲ့သူများ၊ နယ်မှလာကြသူများ၊ အသိမရှိဘဲလာသူများကို ထိုနေ့က တွေ့ခဲ့ရသေးသည်။ မည်သို့ပင်ဖြစ်စေ ' ကျွန်တော်တို့သည် ' အမိ စက်မှုတက္ကသိုလ်မှ ပညာရည်နို့ သောက်စို့မည့်သူများဖြစ်၍ နောင်တစ်ချိန်မှာရင်းနှီးကျွမ်းဝင်လာမည်ကို ကျွန်တော်တွေးရင်း ကြည်နူး မိသေးသည်။
ဆူးသစ်
2 comments:
ရောရောင် ကြည်နူးရင်း ဆင်းတာလာ
.....Series ဆိုတော့...
စောင့်ယုံသာ ရှိတော့သပေါ့လေ။။။
...ခင်မင်လျှက်..ခင်မာလာအောင်....:)
ကောင်းပါ့ဗျာ။ ဒါမျိုးလေးတွေဖတ်ပြီး ကြည်နူးရတာပေါ့၊ လူ့သက်တမ်းရဲ့ထက်ဝက်ကို ကျော်လာပြီဆိုတော့ အတိတ်ကပျော်စရာတွေစဉ်းစားရတာ အရသာရှိနေပြီလေ။ အခုတောင်နားထောင်နေတာက ဗဒင် သီချင်းလေ၊ သိတယ်မလား 'နေရာ' အယ်ဘမ်လေ။ ဆက်လုပ်ပါဦး ပျိုပျိုမေရဲ့။
Post a Comment