Wednesday, October 27, 2010

"ဆေးမမီတဲ့ အင်ဂျင်နီယာ"



"၀ါး....ဟား...ဟား....ဟား "

အတန်းထဲကို ၀င် ၀င်ချင်း ကျွန်တော်ထိုင်နေကျ ခုံတန်းလျားတွေနားက ရယ်သံတွေ ကြားလိုက်ရသည်။ သည်ကောင်တွေ အစ်ကိုကြီးကို စနောက်နေကြပြီပဲဟု တွေးမိ၏။

ကျွန်တော်တို့ ဆဌမနှစ်(နောက်ဆုံးနှစ်) ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ပညာသင်ကြားနေသော စက်မှု အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ ကျောင်းသားများထဲမှာ အသက်အကြီးဆုံး ကျောင်းသားကြီး တစ်ယောက်ပါပြီး သူ့ကို အားလုံးက ချစ်ချစ်ခင်ခင်ဖြင့် အစ်ကိုကြီးဟု ခေါ်ကြသည်။

အစ်ကိုကြီးကို စပြီးသိခဲ့သည်က ကျွန်တော်တို့ ပဉ္စမနှစ်စတက်ချိန်မှာ ဖြစ်သည်။ အစ်ကိုကြီးက နှစ်ကျသမား။ ရှေ့နှစ်တွေမှာ ဘယ်လောက်ကြာကြာ ထိုင်ခဲ့ပြီမသိ။ ကျွန်တော်တို့နှင့် တွေ့ချိန်မှာ အစ်ကိုကြီးအသက်က ကျွန်တော်တို့ထက် ခြောက်နှစ်မျှ ကြီးနေသည်။

အစ်ကိုကြီးပြောတော့ သူက နှစ်နှစ်ဆက်တိုက်ကျလိုက်၊ ပြင်ပဖြေလိုက်၊ ပြန်ဝင်လိုက် တချို့နှစ်တွေမှာ ဆေးခွင့်နှင့်နားလိုက် နေခဲ့ရာမှ သည်အသက်အရွယ်ထိ ရောက်သွားခြင်း ဖြစ်သည်တဲ့။ ဖြစ်နိုင်သည်။ ကျွန်တော်တို့ကျောင်းမှာ စာမလုပ်လျှင်လည်း ကျသည်။ ဆေးခွင့်နှင့်နားတာတော့ အစ်ကိုကြီးမှာ ရောဂါတစ်ခုခု ရှိလိမ့်မည် ထင်၏။

နောက်မှ ကျွန်တော်တို့သိရသည်က အစ်ကိုကြီးမှာ စိတ်ရောဂါတစ်ခုခု ရှိနေခြင်းဖြစ်သည်။ သိပ်ဆိုးဆိုး ၀ါးဝါးကြီး တော့ မဟုတ်။ စာသင်နေလျှင် သူက ခေါင်းတဆတ်ဆတ်နှင့် တစ်ချိန်လုံး ခေါင်းပဲညိတ်နေသည်။ သူ့မျက်လုံးများက ဆရာတွေဆီမှာ ရောက်နေသော်လည်း သူ့လက်ချောင်းများက ဆတ်ဆတ်ဆတ်ဆတ် နှင့် လှုပ်ခါနေသည်။

အသိဥာဏ်များစွာ လွတ်သွားတာမျိုး မဟုတ်။ စာတွေ လိုက်မှတ်နိုင်သေးသည်။ သို့သော် လူကောင်း တစ်ယောက်လိုလည်း မဟုတ်ပြန်။ သူ့လက်ရေးကို ကျွန်တော်တို့ လုံးဝဖတ်မရခဲ့။ သည်လိုနှင့် ပဉ္စမနှစ်ကို အောင်ပြီး ကျွန်တော်တို့နှင့်အတူ နောက်ဆုံးနှစ်ကို ရောက်လာခဲ့၏။

ကျွန်တော်တို့နှင့် အစ်ကိုကြီး ရေစက်ပါသည်ဟုပဲ ဆိုရမည်ထင်ပါသည်။ ကျွန်တော်တို့နှင့်မှ နောက်ဆုံးနှစ်ကို အတန်းတူတူလိုက်တက်ရသည် မဟုတ်လား။ အားလုံးကလည်း သူ့ကို ခင်မင်ရင်းစွဲ ရှိနေပြီ ဖြစ်သည်။

* * * *

"အစ်ကိုကြီး ကျွန်တော့်ကို စာအုပ်ငှားပါဗျာ။ အစ်ကိုကြီးဆီက စာအုပ်က လိုင်ဘရီ (Library) မှာ မရှိဘူး"

သူငယ်ချင်းတစ်ယောက်က အစ်ကိုကြီးဆီက စာအုပ်တစ်အုပ် (Text book) ကို ငှားနေသံကြားရသည်။

"ရတယ်ညီလေး။ ယူသွား။ အေးအေးဆေးဆေးဖတ်နော်။ အေးအေးဆေးဆေးပဲ။ ပြီးရင်လဲ အစ်ကိုကြီးကို ပြန်ရှင်းပြဦး။ အစ်ကိုကြီးလဲ ဘာမှ မဖတ်ရသေးဘူး "

"ဟာ စိတ်ချ။ ကျွန်တော်နားလည်သလို အစ်ကိုကြီး နားလည်စေရမယ်"

သူငယ်ချင်းက အစ်ကိုကြီးဆီက စာအုပ်ယူပြီး ကျွန်တော့်နားလာထိုင်သည်။ အစ်ကိုကြီးက နှစ်တွေ ကြာနေပြီမို့ ဆရာ၊ ဆရာမတွေအားလုံးက သိကာ ရင်းနှီးနေကြပြီးသား။ ထို့ကြောင့် အစ်ကိုကြီးနှင့် ကျွန်တော်တို့လိုချင်သော စာအုပ်တချို့က စာကြည့်တိုက်မှာ မရှိ၍ ဆရာတွေဆီက ငှားလျှင် အစ်ကိုကြီးက ဦးအောင်ရသွားတတ်၏။ အိမ်မှာ ဖတ်မဖတ်တော့မသိ။ ကျောင်းမှာဆို စာအုပ်ကြီးတွေ တကိုင်ကိုင်နှင့်။ ပြီးတော့ အတန်းအားချိန်မှာ ထိုစာအုပ်တွေကို အစ်ကိုကြီးက ခေါင်းအုံးလုပ်ပြီး အိပ်လိုက်သေးသည်။

သည်တော့(Library) မှာ စာအုပ်ငှား၍ မရသူတွေက ဖတ်ချင်လျှင် အစ်ကိုကြီးဆီအရင်ပြေးရသည်။ သူ့ဆီက စာအုပ်ငှားလျှင်တော့ ဘယ်တော့မှ မတွန့်တိုတတ်။ သူ့ဘာသာကြိုက်သည်ဟု သတ်မှတ်သော စာအုပ်မျိုး ကိုတော့ မိတ္တူကူးထားပြီး သိမ်းထားတတ်သည်။

"ဟေ့ကောင် ကိုလတ်၊ ဒီမှာကြည့်စမ်း"

စာအုပ်ငှားလာသော သူငယ်ချင်းက အစ်ကိုကြီးစာအုပ်ကို ဖွင့်ပြစဉ် (Preface) ဆိုသော စကားလုံး၏ နောက်မှာ 'နိဒါန်း' ဟု စာလုံးအကြီးကြီး ရေးထားသည်ကို တွေ့လိုက်ရ၍ ကျွန်တော်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ပြုံးမိကြသည်။ သည်အရွယ် သည်အတန်းရောက်မှ (Preface) ဆိုသော စာလုံးနောက်မှာ မည်သူမျှ 'နိဒါန်း'ဟု မရေးတော့ပါ။ ဧကန္တ ဒါ အစ်ကိုကြီး မိတ္တူကူးထားသော စာအုပ် ဖြစ်နိုင်သည်။ စာမျက်နှာ တစ်မျက်နှာလုံးလည်း သူ့လက်ရေးတွေ ရှုပ်ပွနေသည်။ လက်ရေးကလည်း မညီညာ။ စာလုံးက အကြီးကြီးတွေ ဖြစ်သည်။ ကျွန်တော်တို့ ဘယ်လိုမျှဖတ်၍မရ။

"အစ်ကိုကြီးတော့ ဒီပုံအတိုင်းဆို မလွယ်ဘူးထင်တယ်"

သူငယ်ချင်းကဆိုသည်။ ကျွန်တော်က "အေးကွာ" ဟု ပြောလိုက်မိ၏။

* * * *

"ဟေ့ကောင် ကိုလတ်ရေ၊ မင်းတို့ကြည့်လုပ်၊ အစ်ကိုကြီးက Air Con ကို နှစ်ခေါက်တောင် ပြီးနေပြီတဲ့ဗျာ"

အတန်းထဲဝင်ပြီး ထိုင်ရုံရှိသေးသည် ဘေးကသူငယ်ချင်းစကားကြောင့် နားမလည်စွာ ငေးကြည့်မိ၏။ ကျွန်တော်တို့ ခုံနှင့် ကပ်လျက် ရှေ့ခုံမှာထိုင်သော အစ်ကိုကြီးက စာတွေကိုပိုင်သည်ဆိုသော မျက်နှာပေးနှင့် လှမ်းကြည့်သည်။

"အစ်ကိုကြီး၊ ဘယ်ဘာသာကို ဘယ်နှစ်ခေါက် ပြတ်နေပြီလဲဆိုတာ ဒီကောင့်ကို ပြောပြလိုက်စမ်းပါဗျာ"

ကျန်သူတွေ၏မျက်နှာက အစ်ကိုကြီးကို စနောက်လိုဟန်၊ သို့မဟုတ် အထင်သေးဟန် ပါနေသည်။ လူငယ်စကားနှင့် ပြောရလျှင် 'ကျပ်' နေသည့်ပုံ။

"ဟုတ်တယ်ညီလေးရ၊ ဒီကောင်တွေကို အခုတောင် ပြောပြနေတာ၊ IC ဆိုနှစ်ခေါက်ပြီးတော့မယ်၊ Vibration ဆို တစ်ခေါက်ခွဲ ဖြစ်သွားပြီ၊ Air Con က နှစ်ခေါက်တိတိပဲ၊ Cooling Load ပါ ပါတယ်"

အစ်ကိုကြီးမျက်နှာက သူစာတွေကြည့်ပြီးနေ၍ အခေါက်ရေတွေပင် ထပ်နေသောကြောင့် ဂုဏ်ယူ နေသည့်ပုံ။ အားလုံးကိုလည်း မျက်လုံးပြူး၊ ခေါင်းလေးဆတ်တောက်ဆတ်တောက်၊ လက်ကလေး တလှုပ်လှုပ်နှင့် ကြည့်ကာ ပြောနေသည်။ ကျွန်တော့် သူငယ်ချင်းတွေကလည်း တချို့က ကရုဏာသက်စွာ၊ တချို့က အထင်သေးစွာ၊ တချို့က ပြက်ရယ်ပြုကာ စသော ပုံစံအမျိုးမျိုးနှင့် ကြည့်နေကြသည်။

"ဒါဆို အစ်ကိုကြီးရာ၊ အစ်ကိုကြီးကို စာတွေ မရှင်းတာတွေ မေးဦးမှပဲ၊ ကျွန်တော်တို့မှာ တစ်ခေါက် ကြည့်တာတောင် မပြီးလို့ စိတ်ညစ်နေတာ"

စာတော်သော သူငယ်ချင်းတစ်ယောက်က နောက်သလိုလို ပြောတော့ ကျွန်တော် အစ်ကိုကြီးကို အားနာမိ သည်။ ရောဂါသည် တစ်ယောက်ဟု အားလုံးက လက်ခံထားသူတစ်ယောက်ကို သည်လို နောက်တာမျိုးတော့ မလုပ်သင့်ဟု ကျွန်တော်ထင်သည်။

"မင်းက ပိုတော်ပါတယ် ညီလေးရာ၊ အစ်ကိုက ကြည့်လို့သာအခေါက်ရေ များတာပါ၊ စာတွေက သေသေ ချာချာ နားမလည်သေးပါဘူး"

အစ်ကိုကြီးက သူ့အခြေအနေကို အမှန်အတိုင်းပြောတော့ အားလုံးပြုံးသည်။ ကျွန်တော်ကတော့ အစ်ကိုကြီးမှာ ရံဖန်ရံခါ သူ့ကို အားလုံးက စနောက်နေခြင်း၊ စိတ်မမှန်ဘဲ စိတ်နှင့်ကိုယ် ကင်းကွာနေသူဟု ယူဆနေခြင်းများကို နားလည်နေသော ပုံမှန်အသိစိတ်တွေ ရှိနေသည်ဟု နားလည်နေမိသည်။ ခုနတုန်းက အစ်ကိုကြီးပြောလိုက်တာ သူ့ကို ၀ိုင်းနောက်နေမှန်းသိ၍ တမင်နှိမ့်ချကာပြောမှန်း ကျွန်တော်သိသည်။

အစ်ကိုကြီးပြောသော ဘာသာရပ်များသည် စာအရမ်းများ၍ တကယ်နှစ်ခေါက်ပြီးဖို့ မလွယ်မှန်း ကျွန်တော် နားလည်ပါသည်။ သို့သော် ကျောင်းမဖွင့်ခင်ကတည်းက ကျူရှင်တက်နေသူတချို့ကျတော့ ကျူရှင်တက်စဉ် တစ်ခေါက်၊ ကျောင်းမှာတက်စဉ် တစ်ခေါက်မို့၊ နှစ်ခေါက်ပြီးဖို့ ဖြစ်နိုင်လေသည်။ ဒါတောင် တစ်နေ့သင်သောစာ တစ်နေ့ ပုံမှန်ပြန်လုပ်နိုင်မှ ဖြစ်ပေလိမ့်မည်။

အစ်ကိုကြီးကိုတော့ နှစ်ကြီးသမားမို့ ဆရာ၊ ဆရာမတွေက အကြောင်းစုံ သိပြီးသားဖြစ်၍ ကရုဏာသက်ကာ တချို့ဆရာတွေက အလကား ခေါ်သင်ပေးကြသည်။ သည်တော့ ပဉ္စမနှစ်ပြီးကတည်းက နောက်ဆုံးနှစ်အတွက် ကြိုသင်ထားနိုင်သော အစ်ကိုကြီးမှာ နှစ်ခေါက်မက ပြီးနိုင်သည်။ ပြီးသည်ဆိုတာက သင်ပြီးတာလား၊ စာကြည့် တာလား ဆိုတာတော့ မကွဲပြား။

ကျွန်တော်တို့ကျောင်းမှာ စာနှင့်ပတ်သက်လျှင် ဘယ်သူကဘယ်နှစ်ခေါက်ပြီးနေပြီ ဆိုတာမျိုးကို မသိမသာ ပြိုင်ကြရင်း (ကြွားတာလည်းဖြစ်နိုင်ပါသည်) စာကို အလုအယက် ကြိုးစားသည်ဟု ဆိုရလောက်အောင် လုပ်ကြသည်။ ကျွန်တော်နှင့် သူငယ်ချင်းတချို့အယူအဆကတော့ ဘယ်သူဘယ်နှစ်ခေါက်ပြီးသည် ဆိုခြင်းထက် စာဘယ်လောက်ရသည် ဆိုခြင်းက ပိုအရေးကြီးသည်ဟု ထင်သည်။ သို့သော်လည်း အခေါက်ရေများ၍ စာလည်းရသူဆိုလျှင်တော့ စာမေးပွဲအောင်စာရင်းမှာ ခုံနံပါတ် (အဆင့်) မြင့်ကာ ထိပ်မှာရှိသည်က များပေသည်။ အများအားဖြင့်လည်း ထိုသို့ အခေါက်ရေများများပြီးကာ ခုံနံပါတ်မြင့်သူများသည် ကျုရှင် ကြိုတက်ကာ စာပြတ်နေသူများပင်။

ခုံနံပါတ်တစ်ဆယ်အတွင်းမှာ ကျူရှင်မယူဘဲရှိနေသူသည် အင်မတန်စာလုပ်နိုင်လွန်း၍ပင်။ ရှိတော့ရှိသည် သို့သော် ရှားသည်ပေါ့။

ယခု အစ်ကိုကြီးစကားတွေ နားထောင်ပြီး ကျွန်တော်တို့ ပုံသေခန့်မှန်း၍ မရ။ စာတွေနားမလည်သေးပါဆို၍ သူပြီးသည်ဆိုခြင်းက သင်ပြီးတာလား၊ စာကြည့်ပြီးတာလား ဝေခွဲမရ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အားပေးမိသည်။

"ရအောင်လုပ်ပေါ့ အစ်ကိုကြီးရာ၊ ကျွန်တော်တို့ ဒီနှစ်နောက်ဆုံးပဲ၊ ပြီးရင် အင်ဂျင်နီယာဖြစ်ပြီ၊ မရှင်းတာရှိရင် သူငယ်ချင်းတွေ တိုင်ပင်လုပ်ကြတာပေါ့"

ကျွန်တော့် စကားကြောင့် အစ်ကိုကြီးက ခေါင်းညိတ်သည်။ သူငယ်ချင်းတချို့ ကိုယ့်နေရာကိုယ် ပြန်ထွက်သွား၏။


* * * *

"ဒို့ကျောင်းမှာက အစဉ်အလာလိုဖြစ်နေပြီ ထင်ပါရဲ့ကွာ"

အစ်ကိုကြီးကို ခင်သော သူငယ်ချင်းတစ်ယောက်က ထမင်းစားပြီး ခဏနားချိန်မှာ ပြောသည်။ အစ်ကိုကြီးကတော့ အတန်းနောက်နားမှာ တခြားသူငယ်ချင်းတွေ စနောက်တာကို ခံရင်း ရယ်ရယ်မောမော ရှိနေသည်။ ဒါကို ကြည့်ပြီး ပြောခြင်းဖြစ်၏။

"အေးကွာ၊ ငါတို့ First Year ကတည်းက တွေ့ဖူးတယ်။ ကျောင်းသားတစ်ယောက် လွယ်အိတ်ထဲမှာ စာအုပ်တွေ အများကြီးထည့် Walkman ကက်ဆက်လေးနဲ့ L-1 နဲ့ L-2 ကိုပတ်နေတာ။ စာမသင် မချင်းဘဲ၊ စာသင်ပြီလည်းဆိုရော ထွက်သွားရော၊ တစ်ခါတစ်ခါ ပန်းခြံထဲမှာ သီချင်းနားထောင်ရင်း ဒူးနှန့် နေတတ်တယ်"

ကျွန်တော်မှတ်မိသော တစ်ယောက်ကိုပြောလိုက်တော့ သူငယ်ချင်းတချို့ အာရုံပိုဝင်စားလာကြ၏။

"နောက်ပြီး ကိုလတ် မင်းနဲ့သိတဲ့တစ်ယောက်လေ၊ သူကတော့စာကြောင်တာလား၊ ကောင်မလေးတွေ ကြောင်တာလား မသိဘူး၊ စာသင်နေရင်း ကိုယ့်အတန်းထဲက ကောင်မလေးတွေကို အတန်းအပြင်က ထွက်ထွက် ကြည့်တာလေ၊ ပထမတော့ ရိုးရိုး ချစ်လို့ ကြိုက်လို့ ကြည့်တယ်ထင်တာ၊ နောက်တော့ သူ့ဟာက ဘယ်ဟုတ်မလဲ၊ လွယ်အိတ်မှာပါ ကောင်မလေးနာမည်ထိုးလာတာ"

သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို ပြန်ပြောသည်။

" ငါသိပြီ၊ သူက စာကြောင်ဖြစ်သွားတာ မဟုတ်ဘူး၊ ကားအက်ဆီးဒင့်ကြောင့်၊ ပထမနှစ်မှာ စာမှ မများသေးတာ၊ နောက်တော့ ကျောင်းမှာ မတွေ့ရတော့ဘူး၊ တစ်ခါတလေ ငါနဲ့တွေ့ရင် သွားကြီးဖြီးပြီး အားရ၀မ်းသာနှုတ်ဆက် သေးတယ်၊ စာတော့လုံးဝ ဆက်သင်လို့မရတော့ဘူး"

ပထမနှစ်မှာ ကျွန်တော့်ကဗျာတွေ၊ စာတွေဖတ်ပြီး ခင်သွားသော သူငယ်ချင်းမို့ ပိုပြီး မှတ်မိနေပြန်သည်။

"Second Year ကတော့ အဆိုးဆုံးပဲထင်တယ်နော်"

" ဟုတ်တာပေါ့၊ ဆရာတွေတောင်ပြောတာ ကြည့်ပါလား၊ လိုင်းခွဲမှာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အပြိုင် အဆိုင်တွေကများ၊ မနာလိုတာတွေကများ၊ စာကပိ၊ အဲဒီ့မှာ ရှုပ်ကုန်ရော"

"ငါ့သူငယ်ချင်းတစ်ယောက်လည်း ယဉ်ယဉ်လေးပဲဖြစ်သွားတာ၊ Second Year အတွက် ကျူရှင် တက်နေတုန်း ရှေ့က စာသင်နေတဲ့လူတွေရဲ့ ခေါင်းပေါ်ကို ရေတွေလောင်းချတာ ဆရာမက ဖျောင်းဖျပြီး အိမ်ပြန်လွှတ်လိုက် ရတယ်၊ နောက်တော့ လမ်းမှာတွေ့သမျှလူကို လိုက်ပြုံးပြနေတာ၊ သွားလေးစေ့ပြီး၊ ကျောင်းမှာလဲ အဲဒီ့လိုပဲ Second Year စာမေးပွဲဖြေပြီးတဲ့နေ့ ငါ့အိမ်ရောက်လာပြီး သုံးတန်းအတွက် စာတွေမေးချင်လို့ဆိုလို့ ငါ့မှာကွာ မနည်းတောင်းပန် ပြန်လွှတ်လိုက်ရတယ်။ နောက်တော့ သူလည်း ကျောင်းကထွက်ရတာပါပဲ"

သုံးတန်းဆိုသည်က တတိယနှစ်ကို ကျောင်းအခေါ် ခေါ်ခြင်းဖြစ်သည်။ ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံးသိ မီသမျှ စိတ်နှင့်ကိုယ် လွတ်နေသော သူငယ်ချင်းများအကြောင်းကို ဆက်ဆွေးနွေးဖြစ်ကြ၏။

"ဆရာဦးအောင်မြင့် ပြောတာလည်း ရှိသေးတယ်။ ဆေးရုံရောက်သွားတဲ့ လူတစ်ယောက်လေ၊ ဆရာတွေ သွားတွေ့တာကို ရန်တွေ့လွှတ်တယ်ဆိုတဲ့ အကြောင်းလေ၊ ဆရာကတောင် ပြောသေးတယ်၊ သတိထားကြတဲ့၊ ၄၄ကားရောက်တာ မင်းတို့ကျောင်း တစ်ကျောင်းတည်းရယ်တဲ့"

အဲဒါလည်း ဟုတ်သည်။ ဆေးရုံရောက်သွားသောကျောင်းသားက ဒုတိယနှစ်စာမေးပွဲမှာ စာတွေမရတော့၍ စိတ်နှင့်ကိုယ် လွတ်သွားခြင်းပင်။ ဆေးရုံကို လာမေးသော ဆရာတွေထဲမှ မေးခွန်းခက်ခက်မေးသည်ဟု သူထင်သော ဆရာကို မလာနဲ့ဟုဆိုကာ ရန်တွေ့လွှတ်ကြောင်း၊ ဒုတိယနှစ်တုန်းက ဓာတုဗေဒသင်သည့် ဆရာဦးအောင်မြင့်ကပြောဖူး၍ သိခဲ့ရ၏။

ပြီးတော့ ထိုအချိန်က "စိတ်ရောဂါအထူးကုဆေးရုံကြီး" (တံတားလေး)သို့ ရောက်သော ၄၄ကားသည်လည်း တက္ကသိုလ်တွေထဲမှာ ကျွန်တော်တို့ ရန်ကုန်စက်မှုတက္ကသိုလ် တစ်ခုတည်းကိုသာ ဖြတ်၍ ဆရာကရယ်စရာ အဖြစ်ပြောခဲ့သည်ကို သူငယ်ချင်းက မှတ်မိနေ၍ ပြောပြခြင်းဖြစ်သည်။

"မေဂျာထဲမှာ EC က ဆားကစ်တွေလေ့လာရလို့ ပိုပြီးဖြစ်ကြတယ်လို့ ကြားဖူးတယ်၊ တို့ မက်(ခ်)လည်း ဖြစ်တာပါပဲကွာ၊ ငါးတန်းတုန်းက အဆောင်ကတစ်ယောက် စာမေးပွဲဆက်မဖြေဘဲ အဆောင်ကအခန်းထဲမှာ ၀ုန်းဒိုင်းကျဲတာ အခန်းဖော်က ထွက်ပြေးရရော၊ နောက်တော့ ဆရာတွေက ဆေးရုံကို ပို့လိုက်ရတယ်"

စက်မှုဘာသာရပ် (Mechanical) ကို ကျောင်းသားတွေက မက်(ခ်)ဟု အတိုကောက်ခေါ်ကြ၏။ EC ဆိုသည်က Electronic ဘာသာရပ်ဖြစ်သည်။ EC မှာ ဒုတိယနှစ် အမှတ်အများဆုံးတွေ တက်ကြပြီး ဒုတိယလိုက်သော ကျွန်တော်တို့ စက်မှုဘာသာရပ်လို ကြီးကြီးမားမား အင်ဂျင်လိုဟာမျိုးကို မသင်ရဘဲ သေးသေးမွှားမွှား Circuit တွေသင်ရ၍လား မဆိုနိုင်၊ သူတို့မေဂျာက ပိုပြီး စိတ်နှင့်ကိုယ်လွတ်သူ များသည်ဟု ကြားဖူးသည်။

အမှန်မှာတော့ သူ့မေဂျာနှင့် သူ့ဘာသာ စာကိုထိန်းထိန်းသိမ်းသိမ်း ချင့်ချိန်မလုပ်လျှင် ဘယ်မေဂျာမဆို ဘယ်ဘာသာမဆို ဖြစ်မှာမလွဲပင်။

"ငါတို့ကျောင်းကို အပြင်မှာလည်း လူတွေက အဲဒီလိုဖြစ်တတ်တယ်ဆိုတာ သိနေကြတယ်နော်၊ တစ်နှစ် တစ်ယောက်လောက်တော့ ပုံမှန်ဖြစ်တယ်လို့တောင် ပြောနေကြသူတွေ ရှိတယ်"

"နှစ်တိုင်းတော့မဟုတ်ပါဘူး၊ စာလုပ်တိုင်းလည်း မဖြစ်ပါဘူး၊ အဲဒီလိုသာဆို ဒေါက်တာဘွဲ့ရတဲ့ဆရာတွေ၊ ဘွဲ့လွန်တက်ပြီး နောက်ထပ်ဘွဲ့နှစ်ခုသုံးခုလောက် ထပ်ယူနေတဲ့ဆရာတွေ ဘယ်ရှိတော့မှာလဲ၊ ခုဟာက တချို့က စာမှစာဆိုပြီးဖြစ်နေကြတာ၊ အဲဒီလိုလုပ်ရင်း ကိုယ့်ဘာသာ မချင့်ချိန်တတ်ရင်၊ နားချိန်နဲ့ မျှမျှတတ မလုပ်တတ်ရင်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ စာမလုပ်တတ်ရင် သွားတာပဲ"

"အဲဒါတင် ဘယ်ကမလဲ၊ ဒို့သင်ရတဲ့စာတွေက ကျက်ရတာမရှိသလောက်ပဲ၊ ကျက်တယ်ဆိုတာ Formula (ပုံသေနည်း) တွေလောက်ပဲ ရှိတာ၊ သီအိုရီတွေသင်တယ်၊ ဘာကြောင့် ဘာဖြစ်နိုင်တယ်၊ ဘယ်လို ဆက်လုပ်ရမယ်၊ ဘာတွေဖြစ်လာဦးမလဲ၊ ဒါတွေပဲ တစ်ချိန်လုံးတွေးနေရတာ၊ ပြီးတော့ မေးခွန်းကအစ Seen (မြင်ပြီးသိပြီးသား) မပါသလောက်ပဲ။ ပါရင်တောင် လွှဲပြီးမေးထားတာ၊ ပါတာကလည်း ငါးမှတ်ဖိုးလောက်ပဲ၊ ကျန်တာအားလုံး Unseen (လုံးဝမမြင်ရသေးတာ) တွေချည်းပဲ၊ ဆရာတွေပြောတာက ရှင်းတယ်လေ၊ ပြင်ပ လောကကြီးမှာ တကယ်ရင်ဆိုင်ရမှာ၊ မင်းတို့ ဖြေရှင်းရမှာက မင်းတို့ မမြင်နိုင်တဲ့ ပြဿနာတွေ ချည်းပဲတဲ့၊ အင်ဂျင်နီယာ ဆိုတာက Problem Solver ဆိုတော့ ပြဿနာပဲ ရှင်းရမှာပဲ။ အဲဒီမှာ သီအိုရီမှ နားမလည်ရင် စာမေးပွဲ ဖြေလို့ရမှာ မဟုတ်မှန်းသိတော့ ကျောင်းသားတွေက သီအိုရီတွေကို ထောင့်ပေါင်းစုံက လှည့်ပတ် စဉ်းစား၊ စာမေးပွဲမှာလည်း အဲဒီလိုပဲစဉ်းစားရ၊ ဒီလိုနဲ့ပဲ စဉ်းစားရင်း၊ စဉ်းစားရင်း ဆံပင်တွေဖြူတဲ့ကောင်နဲ့၊ ခုလို စိတ်နဲ့ကိုယ် လွတ်ထွက်သွားတဲ့ကောင်နဲ့၊ ဟား...ဟား....ဒီလိုပါပဲကွာ၊ သူ့ဟာနဲ့သူ ပြီးနေတာပါပဲ"

သူငယ်ချင်းတစ်ယောက်က စကားဝိုင်းကို အဆုံးသတ်ရင်း သူ့ဘာသာ သဘောကျနေသည်။ သူပြောတာတွေက ဟုတ်နေသည်။ ကျွန်တော်တို့တောင် ဦးနှောက်အရမ်းဟုန်နေလျှင် စာမကြည့်တော့ဘဲ သွားချင်ရာသွားကာ လုပ်ချင်ရာကို ပျော်ပျော်ရွှင်ရွှင် လုပ်ပစ်လိုက်ကြသည်။ အပန်းဖြေခြင်းဟု ဆိုရမည်ထင်၏။ အပန်းမဖြေလို့လည်း မဖြစ်။ အိမ်က ကျွန်တော့်မိဘတွေပင် ကျွန်တော်စာကြည့်နေစဉ် ခဏနားချင်၍ သီချင်းတစ်ပုဒ်လောက် ပေါက်ကရ ထအော်လိုက်လျှင် 'ငါ့သားတော့ရူးများသွားပြီလား' ဆိုသော အကြည့်မျိုးနှင့် လှမ်းပြီး အကဲခတ်တတ် သေးသည်ပဲ။

* * * *

စာမေးပွဲနီးလာသောအခါ ကျွန်တော်တို့စာတွေ ပိုဖိလုပ်ကြရ၏။ နောက်ဆုံးနှစ်မို့ ကိုယ်တစ်ယောက်တည်း ကျောင်းမှာ ကျန်ခဲ့မှာမျိုးလည်း အဖြစ်မခံချင်ကြ။ စာတွေက အရင်နှစ်တွေထက် ပိုများပြီး အပြင်လက်တွေ့ပိုင်း နှင့်လည်း နှီးနွယ်နေပြန်၍ စိတ်ဝင်စားကာ နှစ်ပြီး စာကြည့်နေချိန်ဖြစ်၏။ အထူးသဖြင့် ကိုယ့်အုပ်စုနှင့်ကိုယ် ဖွဲ့ကာ စာတွေတိုင်ပင်ဆွေးနွေးရင်း ကျန်သူတွေကို သိပ်ဂရုမစိုက်နိုင်ချိန် ရောက်နေပြီဟု ဆိုရမည်။

ထိုအချိန်မှာ အစ်ကိုကြီးတစ်ယောက်လည်း ကျွန်တော်တို့ အုပ်စုနားမှာနေကာ စာတွေလုပ်နေသည်။ ရံဖန်ရံခါ သူသီချင်းတွေဘာတွေ ဆိုနေ၍ စာမေးပွဲအတွက် စိတ်လက်ပေါ့ပါးနေပါလားတွေးရင်း ၀မ်းသာချင်သည်။ သူ့လိုပုံစံမျိုးက စာမေးပွဲကို ကြောက်နေလျှင် ပိုဆိုးသွားမည်ကို ကျွန်တော်တို့အားလုံး နားလည်နေ၏။

သို့သော် ကျွန်တော်တို့နားလည်မှုက ကြာရှည်မခံပါ၊ တစ်နေ့မှာ အစ်ကိုကြီးက ကျွန်တော့်ကို ရင်ဖွင့် လာပါတော့သည်။

"ကိုသားလတ် "

သူ ကျွန်တော့် နာမည်ခေါ်ကတည်းက မူမမှန်တာ သိသည်။ အရင်က ညီလေး ဘာညာနှင့်ခေါ်ပြီး ခု "ကို" တွေ ဘာတွေ တပ်ပြီး နာမည်ခေါ်ကတည်းက သိပ်မဟုတ်တော့။ သူ့ လက်ချောင်းလေးတွေ ပိုမို တုန်ခါနေသည်။ သူ့ခေါင်းက ပို၍ လှုပ်ခါနေ၏။ မျက်တောင်များက ခတ်လွန်းအားကြီးနေသည်။

"ကျွန်တော် စာမေးပွဲကို အရမ်းကြောက်နေတယ်ဗျာ"

"ဟာ.....အစ်ကိုကြီးကလည်း၊ ဘာကြောက်စရာရှိလဲ၊ ကဲ....ပြော၊ အစ်ကိုကြီးကြောက်တာကို ကျွန်တော့်ကိုပြော၊ ဘာကိုကြောက်တာလဲ"

"ကျွန်တော် စာတွေ မရသေးဘူးဗျာ၊ ဒီအတိုင်း စာမေးပွဲဖြေရင် ကျပြီပေါ့၊ ကျရင် အားလုံးနဲ့ ခွဲရမှာ"

အစ်ကိုကြီးက ကျွန်တော့်ကို လေးလေးစားစားနှင့် သူဘယ်တုန်းကမျှ မသုံးသော "ကျွန်တော်" တွေ၊ ဘာတွေ သုံးကာပြောနေ၍ သူ့အခြေအနေကို ကျွန်တော် ရိပ်မိသည်။ ကျန်သူငယ်ချင်းတွေကလည်း ကိုယ့်စာကိုယ် လုပ်နေကြ၍ ကျွန်တော်နှင့်အစ်ကိုကြီး စကားပြောနေတာကို သာမန် ပြောရိုးပြောစဉ်ဟု ထင်ပေလိမ့်မည်။

"အစ်ကိုကြီး ဘာမှစိတ်ဓါတ်မကျနဲ့၊ စာမရလို့ စာမေးပွဲကို ကြောက်တာမဟုတ်လား၊ ခု ......... ဒီအတန်းထဲက လူတွေလည်း စာမရကြသေးဘူး၊ မရသေးလို့ ကြည့်နေတာ၊ ကျွန်တော်လည်း ဒီလိုပဲ၊ မရသေးဘူး၊ ဒါပေမယ့် မရသေးတာကို မကြောက်ဘူး၊ အခုစာကြည့်ဖို့အချိန်တွေ အများကြီး ကျန်သေးတယ်၊ စာမေးပွဲခန်းထဲ ၀င်ခါနီးထိ ကျွန်တော်နဲ့အစ်ကိုကြီးမှာ စာကြည့်ဖို့ အခွင့်အရေးရှိတယ်။ ပြီးတော့ စာမေးပွဲက စာအုပ်ထဲက ဟာတွေ မေးတာမှ မဟုတ်တာ။ အစ်ကိုကြီး သီအိုရီတွေ ဖတ်တာနဲ့တင် ဖြေနိုင်မှာပဲ"

ကျွန်တော်သူ့ကို တတ်သလောက်၊ မှတ်သလောက် အားပေးကြည့်သည်။ ဘာမျှ ပြန်မပြောဘဲ ခေါင်းလေး တဆတ်ဆတ်နှင့် ငြိမ်ပြီး နားထောင်နေ၏။ ပဉ္စမနှစ်ကတည်းက အတူတူတက်လာပြီး နောက်ဆုံးနှစ်အထိ ပါလာပြီးမှ အစ်ကိုကြီးကို မကျန်ခဲ့စေလို။ သူကြောက်နေသလို ခင်မင်ရင်းစွဲရှိသော ကျွန်တော်ကလည်း စိုးရိမ်ကာ အောင်စေချင်နေတာ အမှန်။


* * * *

ထို့နောက်မှာတော့ အစ်ကိုကြီးကို ကျောင်းမှာမတွေ့ရတော့။ ကျွန်တော်တို့ကလည်း ကိုယ့်စာနှင့်ကိုယ် လုံးလိုက်၊ ကျောင်းမှာ အတန်းအားလျှင် ၀ိုင်းခြင်းလေးဘာလေး ခတ်လိုက်နှင့် အစ်ကိုကြီး မလာသည်ကို ဘာသာ တော်တော်များများ ကျူရှင်ယူထား၍ စာတွေပဲလှိမ့်ကြည့်နေသည်ဟုသာ ယူဆထားလိုက်၏။

နောက်မှ မထင်မှတ်သော သတင်းတစ်ခုက ကျွန်တော်တို့ သူငယ်ချင်းတွေကြားကို ရောက်လာသည်။

"ဟေ့ကောင် ကိုလတ်၊ မင်းအစ်ကိုကြီး ဆေးခွင့်တင်သွားပြီ၊ ဒီနှစ် မဖြေတော့ဘူးတဲ့"

"ဟာ"

သူငယ်ချင်းတစ်ယောက်၏ စကား၊ အားလုံးက အစ်ကိုကြီးအကြောင်း ကွယ်ရာမှာ ပြောလျှင် "မင်းအစ်ကိုကြီး"ဟု နာမ်စားသုံးတတ်ကြသည်။ ခင်မင်ရင်းနှီးသည့် သဘောထက် "အဲဒီ့လူမျိုးကို အစ်ကိုတော်လိုက်ကွာ၊ မင်းလည်း အဲဒါမျိုးပဲ" ဟူသော နောက်ပြောင်လိုသည့် သဘောနှင့် ဆွေမျိုးစပ်ပေးချင်သည့် သဘောဖြစ်သည်။

"သေချာရဲ့လားကွာ"

" သေချာပါတယ်၊ ငါ့အိမ်ကိုလာပြောသွားတာ၊ တင်ပြီးသွားပြီ"

သူငယ်ချင်းအိမ်က နီးနေသည်မို့ သူ့ဆီသွားပြောတာ ဖြစ်နိုင်သည်။ စိတ်ထဲကတော့ အစ်ကိုကြီးတစ်ယောက် စာမေးပွဲကို အရှုံးပေး နောက်ဆုတ်သွားတာပဲဟု တွေးရင်း စိတ်မကောင်းချင်။ ပုံမှန်စိတ်သာဆိုလျှင်တော့ ကျွန်တော်တို့လို ရဲရဲကြီးဖြေမှာ ကျိန်းသေနေလေသည်။

ခုတော့ ဆေးခွင့်တင်သွားပြီတဲ့။ သူ့မိသားစုကလည်း ခွင့်ပြုလိုက်ရပြီပေါ့။


* * * *

သည်လိုနှင့် ကျွန်တော်တို့ စာမေးပွဲဖြေကြသည်။ စဖြေသည့်နေ့ကတည်းက မည်သူမျှ ဟုတ်တိပတ်တိ မရကြ။ အများစု မဖြေနိုင်ဟု ဆိုရမည်။

နောက်ဆုံးနှစ်မှာ ခြောက်ဘာသာပဲ ဖြေရပြီး လေးဘာသာလောက် ဖြေပြီးချိန်မှာ ကျွန်တော်တို့ အားလုံးအတွက် သတင်းတစ်ခု ရောက်လာခဲ့၏။

"ဒီနှစ် Re-exam ရှိတယ်၊ ကျောင်းသားအားလုံး ကြိုးစားဖြေပါ၊ ရှေ့ကမရခဲ့တာတွေကို တွေးမပူပါနဲ့၊ ကျန် ဘာသာတွေကို အကောင်းဆုံးဖြစ်အောင် ဆက်ဖြေသွားပါ"

ပါမောက္ခချုပ်ကိုယ်တိုင် အခန်းတွေထဲ လိုက်စစ်ရင်း ပြောသွားသောစကား။ ကျွန်တော်တို့ စက်မှုတက္ကသိုလ် သက်တမ်း တောက်လျှောက် ဘယ်တုန်းကမျှ မရှိခဲ့သော ကျသည့်ဘာသာ ပြန်ဖြေသည့်စနစ်သည် ကျွန်တော်တို့နှစ်မှာ ရှိလာချေပြီ။

ထိုအချိန်မှာ စာမေးပွဲဖြေနေရ၍ ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား မသိတော့။ ဆက်ဖြေပြီး အခန်းအပြင် ထွက်မှပင် ပြန်တွေးမိသည်။ ထိုစနစ်ရှိလာလျှင် ပထမအကြိမ် အမှတ်ခြစ်စဉ်မှာ စည်းမျဉ်းတွေ လျှော့ပေး မှာလား၊ ပိုတင်းကျပ်မှာလား မသိနိုင်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘာသာ ကျပြီဟု ယူဆထားသူများအတွက်တော့ ထို Re-exam သည် ကယ်တင်ရာပင်ဖြစ်သည်ဟု တွေးမိသည်။

ထိုသို့ တွေးမိသည့် အခါမှပင် ကျွန်တော့်အာရုံထဲ ဖျတ်ခနဲဝင်လာသူက အစ်ကိုကြီးဖြစ်သည်။

သွားပြီ၊ လုံးဝနောက်ကျသွားခဲ့ချေပြီ။ ငါးတန်းတုန်းက ခုနစ်ဘာသာတောင် တစ်ခါတည်းဖြေပြီး အောင်ခဲ့ သေးလျှင် ယခုနောက်ဆုံးနှစ် ခြောက်ဘာသာကို ကြောက်ကြောက် လန့်လန့်နှင့် ၀င်ဖြေပြီး ကျခဲ့လျှင်တောင်မှ ဘာသာရပ်တွေ နည်းသွားပြီမို့ ထပ်ကျစရာအကြောင်းမရှိတော့။ ယခုတော့ နဂိုကတည်းက စာမေးပွဲ မဖြေခဲ့သော အစ်ကိုကြီးမှာ ဘာ Re-exam မှလည်း ဖြေခွင့်ရမှာ မဟုတ်တော့။ ကျွန်တော်နှင့် သူငယ်ချင်းတွေအားလုံး အစ်ကိုကြီးနှင့် ပတ်သက်ပြီး စုတ်တသပ်သပ် ဖြစ်ကြသည်။

သူ့အသက်အရွယ်၊ နောက်ထပ်ပေးရမည့်အချိန်၊ သူစိုက်ထုတ်ရမည့်အား၊ သူကုန်ကျမည့်ငွေ၊ သူ့ကျန်းမာရေး ဒါတွေတွေးမိတော့ အစ်ကိုကြီးတစ်ယောက် ဘယ်လိုမျှ ကုစားလို့မရအောင် ဆေးမမီတော့တာ သိလိုက် ရသည်။


* * * *

လူတွေကတော့ စက်မှုတက္ကသိုလ် (ယခုနည်းပညာတက္ကသိုလ်) ရောက်သွားပြီဆိုလျှင် ဆေးတက္ကသိုလ် အမှတ် မမီ၍ ရောက်သွားသည်ဟု ဆိုကြသည်။ လူတော်တော်များများက "ဆေးမမီလို့ စက်မှုတက္ကသိုလ် ရောက်သွား တာလေ" ဟု ဆိုကြသည်အထိပင်။ အမှန်တော့ ဆေးကျောင်းမတက်ချင်၍ ကျွန်တော်တို့ ကျောင်းမှာ လာပြောင်း တက်သူတွေ အများကြီးပင်။ ဆေးမမီလို့ စက်မှုတက္ကသိုလ် လာတက်သူတွေမဟုတ်။ တက်ချင်လို့ကို လာတက်တာဟု ဆိုရမည်။

သို့သော် အများစုကတော့ လူတွေပြောသလို ဆေးမမီ၍ လာတက်ကြတာများ၏။ ထို့ကြောင့်လည်း အများစုကို ရည်ရွယ်ပြီးဆိုခြင်း ဖြစ်လိမ့်မည်။ ဆေးတက္ကသိုလ်အမှတ်မီ၍ မတက်ချင်ဘဲ စက်မှုတက္ကသိုလ် လာတက်နေသော သူငယ်ချင်းတွေ ရှိနေတာကို သိသည့် ကျွန်တော်ကတော့ "ဆေးမမီလို့ စက်မှုတက္ကသိုလ် ရောက်သွားတာလေ" ဆိုသော စကားကို ကြားတိုင်း သူတို့ပြောသမျှကို အဓိပ္ပါယ်တစ်မျိုးဖြင့် နားလည် နေမိပြန်သည်။

တကယ်တော့ ကျွန်တော်တို့ကျောင်းကြီးသည် အင်ဂျင်နီယာ များစွာ နှစ်စဉ် မွေးထုတ်ပေးနေသော ကျောင်း ကြီး ဖြစ်၏။ ထို အင်ဂျင်နီယာတွေထဲမှာ အစ်ကိုကြီးတို့လို စိတ်နှင့်ကိုယ် ခဏ လွတ်သွားသူမျိုး၊ ထာဝရ လွတ်သွားသူမျိုး ဘယ်နှစ်ယောက်ရှိခဲ့ပြီလဲ ဆိုသည်ကို ကျွန်တော်တို့ မသိနိုင်။ ကျွန်တော်တို့ လိုချင်သော ပညာဆိုသည့် အရင်းအနှီးအတွက် မည်ရွေ့မည်မျှ ပေးဆပ်လိုက်ရသလဲဆိုသည်ကို ကျွန်တော်တို့ချင်းက လွဲ၍လည်း မည်သူမျှမသိနိုင်။

ထိုအခါ လူတွေပြောသောစကားသည် ကျွန်တော့်အာရုံမှာ အဓိပ္ပါယ်တစ်မျိုး ဖြစ်နေတော့၏။ သူတို့က ပြောသည် မဟုတ်လား။ "ဆေးမမီလို့ စက်မှုတက္ကသိုလ် ရောက်ရတာပါ"တဲ့။ သည်လိုဆို ကျွန်တော်တို့သည် ဆေးမမီသော အင်ဂျင်နီယာများဖြစ်နေပြီဟု ဆိုရပေမည်။ အမှတ်မမီ၍ မဟုတ်ဘဲ ဆေးကု၍ မမီနိုင်သော အင်ဂျင်နီယာများ ဖြစ်နေပြီမဟုတ်လား။

ထို့ကြောင့် အင်ဂျင်နီယာမဖြစ်ဘဲ လမ်းတစ်ဝက်မှာပင် ခြေခေါက်လဲခဲ့သူများ၊ ပြီးတော့ ကျွန်တော်တို့ကျောင်း ရာဇ၀င်တွေထဲမှာ အစ်ကိုကြီးတို့လို စိတ်နှင့်ကိုယ် လွတ်ပြီး အင်ဂျင်နီယာဖြစ်ခွင့် မရသူများအတွက် လူတွေ ပြောသော "ဆေးမမီလို့ စက်မှုတက္ကသိုလ် ရောက်သွားတာလေ"ဆိုသော စကားကို ကြားရတိုင်း "ဆေးမမီတဲ့ အင်ဂျင်နီယာများ" အဖြစ် ၀မ်းနည်းစွာ၊ နာကျင်စွာ၊ ထိခိုက်စွာ ခံစားရင်း တကယ်ကို ဆေးမမီခဲ့သော ကျွန်တော့် သူငယ်ချင်း အင်ဂျင်နီယာများကို သတိရနေမိပါတော့သည်။ ။

သားလတ်


(၂၀၀၁ခုနှစ်-သြဂုတ်လ၊ မှုခင်းရှုထောင့်)

5 comments:

Anonymous said...

ကောင်းးးလိုက်တဲ့ POST လေးပါ စာရေးသူ။
ဖတ်ရင်းဖတ်ရင်းနဲ့ မျောလို့ ...အစ်ကိုကြီး
ဆိုတဲ့ ဇာတ်ကောင်ကိုလဲ မျက်လုံးထဲမှာ ထင်းကနဲ
ရှင်းကနဲ။ စာရေးသူရဲ့ စိတ်နေစိတ်ထားတွေကိုလဲ
တစ်စိတ်တဒေသ သိလိုက်ရပြန်တယ်။
ပြီးးတော့...နောက်ဆုံးအပိုဒ်..
ဆေးမမှီလို့ အင်ဂျင်နီယာ ကျောင်းရောက်တာဆိုတာလေးး
နဲ့ ဆေးမမီတဲ့ အင်ဂျင်နီယာ...ဆိုတာလေး။။။
....ဆေးမမီခဲ့တဲ့ အင်ဂျင်နီယာ လေးများအတွက်
စိတ်မကောင်းဖြစ်မိရင်း..
ခင်မင်လေးစားလျှက်...ခင်မာလာအောင်...:)

သက်ဝေ said...

ဆေးမမီတဲ့ အင်ဂျင်နီယာ တဲ့လား...း))
ဖတ်လို့ကောင်းတယ်...

Mech ကဆို ဘာသာ အတူတူပဲပေါ့...

Anonymous said...

ရေးအားကောင်းလှပါလားဗျ..
လေးစားလျက်

tmm1973 said...

ဟုတ်ပဗျာ Mechanical ကို (မက်) လို့ခေါ်တာကို မေ့တောင်မေ့နေတယ်၊ ဘယ်လောက်များဝေးနေလဲဆိုတာ၊ ကြာခဲ့ပြီကိုး၊ အခုတော့လဲလွမ်းစရာတွေပေါ့။ လုပ်စမ်းပါဦး ကြားထဲကအတန်းတွေကို၊ ရေးစရာရှိတာတွေကို ဘာမှချန်မထားနဲ့ အကုန်အန်ထုတ်လိုက်။

soeminthein said...

ကောင်းတယ်ဟေ့။ကျောင်းလည်းသတိယတယ်

Related Posts Plugin for WordPress, Blogger...